မဟုတ်မခံတုံ့ပြန်ခဲ့သူ

 

“ဗမာလူမျိုးတွေက ကိုယ့်ထက်အသက်ကြီးတဲ့သူတွေကို ရှိခိုးပြီးတော့  နှုတ်ဆက်လေ့ရှိတယ်။ မင်းတို့လည်းတို့ကိုရှိခိုးပြီး   နှုတ်ဆက်ကြရမယ်။ ဒီနေ့ကစပြီး တို့ဆရာတွေကို ရှိခိုးနှုတ်ဆက် ကြ”

၁၉၀၃ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့ကပါ။ ရန်ကုန်ဟိုက်စကူး(Rangoon Hight School) ကျောင်းရဲ့ရှစ်တန်းစာသင်ခန်းထဲမှာ အင်္ဂလိပ်လူမျိုးဆရာတစ်ယောက်က ရှစ်တန်းကျောင်းသား တွေကို ရှိခိုးနှုတ်ဆက်ကြဖို့ပြောနေတာပါ။ ဒါပေမဲ့ ရှစ်တန်းကျောင်းသားတွေက “ရှိခိုးနှုတ် ဆက်ပါမယ်”လို့ မပြောကြပါဘူး။ တစ်တန်းလုံးငြိမ်နေကြတယ်။ အဲဒီတော့  အဲဒီဆရာက ကျောင်းသားတစ်ယောက်ကိုပြောပါလေရော။

“မင်း ငါ့ကိုရှိခိုးနှုတ်ဆက်ရမယ်”

“ကျွန်တော်မရှိခိုးနိုင်ပါဘူး”အပြောခံရတဲ့ကျောင်းသားက ပြန်ပြောလိုက်တယ်။

“ဘာလို့မရှိခိုးဘူးလဲ။ ဒါမင်းတို့လူမျိုးတွေရဲ့ ဓလေ့မဟုတ်ဘူးလား”အင်္ဂလိပ်လူမျိုးဆရာက ထပ်ပြောပြန်ပါတယ်။

“ဟုတ်ပါတယ်။ ကျွန်တော်တို့က ကိုယ့်ထက်တစ်ရက်တစ်မနက်ကြီးတဲ့လူကို ရှိခိုးတဲ့ ဂါရဝနိ ဝါတရှိပါတယ်။ သို့သော် ရှိခိုးဖို့ဘယ်သူကမှ အမိန့်ပေးလို့မရပါဘူး။ မင်းငါ့ရှိခိုးလို့ ဘယ်သူ ကမှလည်း မပြောခဲ့ပါဘူး။ ကိုယ့်ကြည်ညိုလေးစားမှုနဲ့ရှိခိုးတာဖြစ်ပါတယ်။ အဲဒီလိုအမိန့်ပေးပြီး ရှိခိုးခိုင်းတာကို ကျွန်တော်မရှိခိုးနိုင်ပါဘူး” အင်္ဂလိပ်လူမျိုးဆရာပြောတာကို   ရှစ်တန်းကျောင်း သားလေးကလက်မခံပါဘူး။ ဒီတော့ အင်္ဂလိပ်လူမျိုးဆရာကလည်း မကျေနပ်တော့ဘူး။

“မင်းတကယ်မရှိခိုးဘူးလား”ဆရာကထပ်မေးပြန်ပါတယ်။

“မရှိခိုးပါဘူး” ကျောင်းသားကလည်း ထပ်ပြောတာပါပဲ။ ဒီတော့အင်္ဂလိပ်လူမျိုးဆရာက ဒေါသ ထွက်လာပါရော။

“အဲဒါဆိုကျောင်းထွက်လိုက်တော့”အင်္ဂလိပ်လူမျိုးဆရာက ပြောလိုက်တယ်။ ရှစ်တန်းကျောင်း သားလေးက ဘာမျှပြန်မပြောတော့ဘူး။ သူ့ပစ္စည်းတွေယူပြီး အေးအေးဆေးဆေးထွက်သွား တော့တာပဲ။ အဲဒီကျောင်းသားလေးလည်းထွက်သွားရော ရှစ်တန်းကျောင်းသားတွေ အကုန်လုံး လိုက်ထွက်ကြတယ်။ အခန်းထဲမှာတစ်ယောက်မှ မကျန်တော့ဘူး။ ရန်ကုန်ဟိုက်စကူးကျောင်း မှာဖြစ်ပွားတဲ့ အဲဒီဖြစ်စဉ်ဖြစ်ရပ်ကြောင့် အင်္ဂလိပ် အစိုးရမျက်ကလဲ ဆန်ပျာဖြစ်သွားရတယ်။ ပညာမင်းကြီးထုတ်ပြန်ထားတဲ့ “ကျောင်းသားများသည် လူမျိုးခြားဆရာများကို လက်အုပ်ချီရှိ ခိုးနှုတ်ဆက်ရမည်”ဆိုတဲ့ အမိန့်ကိုပြန်လည်ရုပ် သိမ်းပေးလိုက်ရတဲ့အထိ ဖြစ်သွားတယ်။ ပညာမင်းကြီးထုတ်ပြန်တဲ့အမိန့် တစ်နည်းပြောလို့ရတာက အင်္ဂလိပ်နယ်ချဲ့ရဲ့ မဟုတ်မတရား ထုတ်ပြန်တဲ့အမိန့်ကို မနာခံဘဲ အင်္ဂလိပ်လူမျိုးဆရာကိုချက်ကျ လက်ကျအချက်ပိုင်ပိုင်ပြန် ပြောလိုက်တဲ့ ရှစ်တန်းကျောင်းသားလေးကတော့ “မောင်တင်”ပါတဲ့။

မောင်တင်ကိုအဖဖြစ်သူ အင်းစိန်မြို့ တိရစ္ဆာန်ဆေးကုဌာန ရုံးအုပ်စာရေးကြီး ဦးဖေ၊ အမိ ဒေါ်မြိုင်တို့က ၁၈၈၈ ခုနှစ် ဧပြီ ၂၄ ရက် အင်္ဂါနေ့ညနေ ၅ နာရီခွဲမှာ မွေးဖွားခဲ့တာပါ။ မောင်တင် မွေးဖွားခဲ့ရာနေရာကတော့ အင်းစိန် ပေါက်တောရပ်ဖြစ်ပါတယ်။ ဦးဖေ၊ ဒေါ်မြိုင်တို့က သားသမီးခြောက်ယောက်ထွန်းကားခဲ့ပါတယ်။ မောင်တင်ကငါးယောက်မြောက်သားရတနာပါ။ မောင်တင်ရဲ့ငယ်အမည်က မောင်ဘတင်ပါ။ သုံးနှစ်သားအရွယ် ၁၈၉၁ ခုနှစ်ရောက်တော့ ဖခင်ကြီးဦးဖေကိုယ်တိုင်က မောင်တင်လို့ အမည်ပြောင်းပေးလိုက်လို့ မောင်ဘတင်ကနေ မောင်တင်ဖြစ်လာတာပါ။

ဦးမောင်တင်က ငယ်ငယ်လေးကတည်းက မြန်မာ့ထုံးတမ်းစဉ်လာတွေ၊ ယဉ်ကျေးမှုအမွေအနှစ် တွေ၊ မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုတွေကို လေးစားမြတ်နိုးတန်ဖိုးထားသူဖြစ်ပါတယ်။ ပါဠိ ပါမောက္ခဦးမောင်တင်ဖြစ်လာတော့လည်း တောင်ရှည်ပုဆိုး၊ ရင်ဖုံးအင်္ကျီ၊ ခေါင်းပေါင်းတွေကို မြန်မာဆန်ဆန်ဝတ်ဆင်ပြီးတော့မှ စာပေသင်ကြားပို့ချပေးသူပါ။ အဲဒီတုန်းက ပါဠိပါမောက္ခ ဆရာဦးမောင်တင်ရဲ့အိမ်က အင်းစိန် ပေါက်တောဝမှာရှိတယ်။ အဲဒီကနေ ရန်ကုန်ကောလိပ် အထိ ဆိုင်ကယ်ကိုကိုယ်တိုင်စီးပြီးသွားတာပါ။ ဆိုင်ကယ်စီးတော့လည်းစာသင်ခန်းထဲဝင်တဲ့ ဝတ်စုံနဲ့ပဲ တောင်ရှည်ပုဆိုးကို ခါးတောင်းကျိုက်ပြီးဆိုင်ကယ်စီးတာပါ။ တစ်နေ့မှာတော့ ရန်ကုန်ကောလိပ်ကနေ အိမ်ကိုပြန်တာပေါ့။ ပြန်ချိန်ကနောက်ကျနေတယ်။ မှောင်နေပြီ။ ဆိုင်ကယ်စီးပြီးပြန်လာနေတုန်း အလုံလမ်းဘက်ကနေ ကားကြီးတစ်စီးက ထွက်လာတယ်။ ဆရာဦးမောင်တင်စီးလာတဲ့ဆိုင်ကယ်ကို   ဒုန်းခနဲဝင်တိုက်ပါလေရော။   ဆရာဦးမောင်တင် လည်း ဆိုင်ကယ်ပေါ်ကနေ ပိုးလိုးပက်လက်လန်ကျသွားရောပဲ။ ကားမောင်းတဲ့လူက “ဟေ့လူ၊ ခင်ဗျားနာသွားသေးလား”လို့မေးတယ်။

“ခင်ဗျားဘာလဲဗျ၊ မီးလည်းဖွင့်မထားဘဲ ဘာလုပ်တာလဲ။ ခင်ဗျားကားနံပါတ်က ဘာလဲ”လို့ ဆရာဦးမောင်တင်က စိတ်ဆိုးပြီးပြန်ပြောတော့တာပဲ။ “ကားနံပါတ်မရှိဘူး။ ဘုရင်ခံကားဗျ”လို့ ဟိုလူကပြန်ပြောတယ်။ ကားထဲမှာ ဘုရင်ခံဆာဟာကုတ်ဘတ်တလာ ထိုင်နေတာကိုမြင်တာ ပေါ့။ မကျေမချမ်းနဲ့ပြန်လာခဲ့တယ်။ နောက်နေ့ကျောင်းရောက်တော့ လုပ်ဖော်ကိုင်ဖက် ဆရာတွေနဲ့တွေ့တာပေါ့။

“ကျွန်တော်တရားစွဲမယ်ဗျာ”ဆရာဦးမောင်တင်က လုပ်ဖော်ကိုင်ဖက်ဆရာတွေကို ပြောပြလိုက် တယ်။

“ဘယ်သူ့ကိုတရားစွဲမှာလဲ ဆရာတင်” ဆရာတွေကပြန်မေးတယ်။ အဲဒီကာလမတိုင်ခင်က တည်းက ဆရာဦးမောင်တင်ကို ဆရာတင်လို့ပဲခေါ်ကြတာ။ ဆရာဦးမောင်တင်လို့ ခေါ်တဲ့လူက မရှိသလောက်ပဲ။

“ဘုရင်ခံကိုတရားစွဲမယ်ဗျာ။ ကျုပ်လမ်းကမှန်တာဗျ။ သူစီးလာတဲ့ကားက ဘေးကထွက်လာပြီး ကျုပ်ဆိုင်ကယ်ကိုဝင်တိုက်တာ”လို့ပြောပြီး မနေ့ညက အဖြစ်အပျက်အလုံးစုံကို ပြန်ပြောပြနေ တယ်။ ဆရာတွေက ဝိုင်းဝန်းနှစ်သိမ့်ပေးလိုက်တော့မှ ဆရာဦးမောင်တင်စိတ်ပြေသွားတယ်။ နို့မို့ဆို ဆရာဦးမောင်တင်က ဘုရင်ခံကို တရားစွဲမှာသေချာတယ်။ ရှစ်တန်းကျောင်းသားက တည်းက မဟုတ်တာမှန်သမျှ ငုံ့မခံဘဲ တုံ့ပြန်တတ်တဲ့ဇာတိသွေးက ဆရာဦးမောင်တင်ရင်ထဲမှာ အပြည့်ရှိတယ်။

၁၉၂၀ ပြည့်နှစ်မှာ ရန်ကုန်ကောလိပ်ကို ရန်ကုန်တက္ကသိုလ် အဆင့်တိုးမြှင့်ဖို့စီစဉ်နေပြီး အဲဒီ အချိန်မှာ အင်္ဂလိပ်အရာရှိတွေက ပါဠိပါမောက္ခဆရာဦးမောင်တင်ကို မျက်စိကျပြီးအင်္ဂလန်ကို ပညာတော်သင်စေလွှတ်လိုက်တယ်။ အင်္ဂလန်မှာရှိတဲ့ အောက်စဖို့ဒ်တက္ကသိုလ်က  အိတ်စီတာ ကောလိပ်မှာ ပညာသင်ယူရတယ်။ အဲဒီမှာ မောင်တင်အမည်တူရှိနေသတဲ့ ဆရာကြီး ဦးမောင် တင်ဆီပို့လိုက်တဲ့စာတွေ၊ ပစ္စည်းတွေက အခြားမောင်တင်ဆီ ရောက်၊ အခြားမောင်တင်ဆီ ပို့လိုက်တဲ့ စာတွေ၊ ပစ္စည်းတွေက ဆရာကြီး ဦးမောင်တင်ဆီရောက်နေတာပေါ့။ ဒီတော့ ဆရာကြီးဦးမောင်တင်က နာမည်ပြောင်းလိုက်ပါလေရော၊ ဖခင်ဖြစ်တဲ့ “ဦးဖေ”ရဲ့ နာမည်ထဲက “ဖေ”ကိုယူပြီး မောင်တင်ရဲ့ရှေ့က ဖြည့်ပေးလိုက်တယ်။ “မောင်တင်”ကနေ” ဖေမောင်တင်” ဖြစ်သွားတာပေါ့။

အင်္ဂလန်မှာလေးနှစ် ပညာသင်ယူပါတယ်။ အောက်စ်ဖို့ဒ်တက္ကသိုလ်က ပေးအပ်တဲ့ B.Litt (Bachelor of literalure) ဆိုတဲ့ စာပေဝိဇ္ဇာဘွဲ့ရလာတယ်။ ဆရာကြီးဦးဖေမောင်တင်က B.Litt ဘွဲ့လည်းရရော အမိမြန်မာနိုင်ငံကို ပြန်လာတာပေါ့။ ၁၉၃၆ ခုနှစ်ရောက်တော့ ဆရာကြီး ဦးဖေမောင်တင်ကို ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်တယ်။ ဆရာကြီးဦးဖေမောင်တင်က ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီးတွေထဲမှာ မြန်မာလူမျိုးထဲမှ ပထမဦးဆုံးတာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့သူပါ။

တစ်နေ့မှာတော့ ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီးဖြစ်တဲ့ ဆရာကြီး ဦးဖေမောင်တင်ဆီ စာတစ်စောင်ရောက်လာတယ်။ မောင်ဘသန်းက ရေးပို့လိုက်တဲ့စာပါ။ မောင်ဘသန်းဆိုတာက ဓာတုဗေဒဓာတ်ခွဲခန်းမှာအလုပ်လုပ်နေတဲ့ (Labboy) လူငယ်လေးပါပဲ။ စာဖတ်ကြည့်လိုက် တော့ အလုပ်ကနေနုတ်ထွက်ခွင့်ပြုဖို့ တောင်းခံထားတဲ့ စာဖြစ်နေတယ်။ ကျောင်းအုပ်ဆရာကြီး ဦးဖေမောင်တင်က ဘာကြောင့် မောင်ဘသန်း အလုပ်ထွက်ချင်ရတာလဲဆိုတာ သိချင်တာပေါ့။ သိချင်တော့ မောင်ဘသန်းကို ခေါ်ပြီးမေးပါလေရော။

“ကျွန်တော် ဆရာပီးကော့ကိုကြောက်လို့ပါ။ တစ်နေ့က Lab ခန်းထဲမှာ ပစ္စည်းတစ်ခု ကျကွဲ သွားတယ်။ အဲဒါကို ဆရာပီးကော့က စိတ်ဆိုးပြီး ကျွန်တော့်ကို လက်သီးနဲ့ထိုးတယ်။ သွားတစ် ချောင်းကျိုးပါတယ် ဆရာကြီး”မောင်ဘသန်းက ရှင်းပြလိုက်တော့ အကြောင်းစုံကို ဆရာကြီး ဦးဖေမောင်တင် သိသွားတယ်။

“ဒါကြောင့် အလုပ်က ထွက်ချင်တာလား”ဆရာကြီး ဦးဖေမောင်တင်က သေချာအောင်ပြန် မေးတယ်။

“ဟုတ်ပါတယ် ဆရာကြီး၊ ကျွန်တော် ဆရာပီးကော့ကို ကြောက်လွန်းလို့ အလုပ်ကထွက်ချင် တာပါ”

“ဒါဆို မင်းမထွက်ရဘူး။ ကိုယ့်အောက်ဝန်ထမ်းကို ကိုယ်ထိလက်ရောက် ထိုးကြိတ်စော်ကားလို့ မရဘူးကွ။ဒီတော့ မင်းမထွက်နဲ့။ ခုချက်ချင်းတိုင်စာရေး”

ဆရာကြီး ဦးဖေမောင်တင်ရှေ့မှာပဲ ဆရာပီးကော့ကိုတိုင်တဲ့ တိုင်စာကိုမောင်ဘသန်းက ရေးနေရတာပေါ့။ရေးနေတုန်းမှာပဲ ဆရာပီးကော့ရောက်လာတယ်။ မောင်ဘသန်းကိုလည်းတွေ့ ရော လက်သီးနဲ့ ထိုးပြန်ပါလေရော။ မောင်ဘသန်းလည်း ကြောက်လန့်ပြီး အခန်းထဲကနေ ထွက်ပြေးသွားတယ်။

“ဟေ့ကောင်ပီးကော့ မင်းဘာလုပ်တာလဲကွ၊ မင်းလုပ်ရပ်က တရားလွန်နေပြီ” ဆရာကြီး ဦးဖေမောင်တင်က ပီးကော့ကို ဟန့်လိုက်တာပေါ့။

“ဟေ့လူ ခင်ဗျားကိုယ်ခင်ဗျား ဗမာကျောင်းအုပ်ကြီးဆိုပြီး ကျုပ်ကို ဒီလိုပြောတာလား၊ ကျောင်း အုပ်ကြီးဆိုပြီး ခင်ဗျားကို ကျုပ်က ကြောက်မယ်ထင်လို့လား။ ခင်ဗျားတို့ ဗမာတွေကို ကျုပ်လုံးဝမကြောက်ဘူး။ ခင်ဗျားလည်းလုပ်ချင်ရာလုပ်။”

ဆရာပီးကော့က ရိုင်းရိုင်းစိုင်းစိုင်း အပြုအမူနဲ့ ခက်ခက်ထန်ထန် ကြမ်းကြမ်းတမ်းတမ်း ပြောဆို ပြီးထွက်သွားတယ်။ ဆရာကြီး ဦးဖေမောင်တင်က ဆရာပီးကော့ရဲ့ အပြုအမူအပြောအဆိုနဲ့ ပတ်သက်ပြီး အထက်ကို စာရေးတင်ပြတာပေါ့။ ဘုရင်ခံချုပ်ဆီအထိရောက်အောင် တင်ပြလိုက် တာပါ။ ဘုရင်ခံချုပ်ဖြစ်တဲ့ ဆာကော့ကရိန်က ကိုယ့်အထက်အရာရှိကို စော်ကားတဲ့ ဆရာ ပီးကော့ကို အလုပ်ကနေထုတ်ပယ်ပစ်လိုက်တယ်။ ဒီတော့ အင်္ဂလိပ်လူမျိုး ပါမောက္ခဆရာ ပီးကော့က ဆရာကြီး ဦးဖေမောင်တင်ဆီလာပြီး တောင်းပန်တာပေါ့။ ဆရာကြီး ဦးဖေမောင် တင်က သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ကျေအေးပေးလိုက်ပါတယ်။ ဒါပေမဲ့ ဘုရင်ခံချုပ်က ဆရာပီးကော့ကို ပျမ်းမျှလစာပေးပြီးတော့ ပြည်နှင်ဒဏ်ပေးလိုက်တယ်။

အင်္ဂလိပ်လက်အောက် ကျွန်ဘဝရောက်နေရလင့်ကစား ရှစ်တန်းကျောင်းသားအရွယ်ကတည်း က မဟုတ်မခံ တုံ့ပြန်ရဲတဲ့ သတ္တိရှိသူ ဆရာကြီးဦးဖေမောင်တင်ပါ။ ဆရာကြီးဦးဖေမောင်တင်ရဲ့ မြန်မာလူမျိုးနဲ့ မြန်မာစာပေအပေါ် တင်ကျန်ရစ်ခဲ့တဲ့ ဂုဏ်ကျေးဇူးတွေက အများကြီးပါ။ အများ ကြီးထဲကနေ စိုးစဉ်းမျှသာ ကောက်နုတ်ပြီးတော့ ဆရာကြီးဦးဖေမောင်တင်ရဲ့ စိတ်ဓာတ်ကို ဖော်ကြူးတင်ပြအပ်ပါတယ်။    ။

ကျမ်းကိုး

ကျော်အောင်   ဦးဖေမောင်တင် တစေ့တစောင်း

ရုပ်ပုံလွှာဆောင်းပါး (ဦးဖေမောင်တင် ၁၁၁ နှစ်ပြည့်ဂုဏ်ပြုစာတမ်းများ)

မင်းယုဝေ       ပထမမြန်မာများ

မောင်ခင်မင်(ဓနုဖြူ) ဦးဖေမောင်တင်၊ တစ်ခေတ်မှာတစ်ယောက်

(ဆရာကြီးဦးဖေမောင်တင် အမှတ်တရစာစုများ)