လယ်ဝေးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

လယ်ဝေးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

နေပြည်တော်  ဇန်နဝါရီ   ၂

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေး မြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းတို့တွင် ပညာသင်ယူလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် အတွက်   ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို   ယနေ့နံနက် ၉ နာရီတွင် လယ်ဝေးမြို့ သီရိရတနာ ခန်းမ၌    ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသည့်    ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး မထိုးမီ စာရင်းရေးသွင်းခြင်း၊ အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် တိုင်းတာပေးခြင်းများပြုလုပ်ပြီး  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။

ထို့နောက် ကာကွယ်ဆေး ထိုးနှံပြီးသူများကို မိနစ် ၃ဝ ခန့်အနားယူစေပြီး ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ   သက်ဆိုင်ရာ ကျန်းမာရေးဌာနဝန်ထမ်းများနှင့်  တာဝန်ရှိသူများက ကျန်းမာရေး စောင့်ရှောက်မှုများ  ဆောင်ရွက်ပေးလျက်ရှိသည်။

လယ်ဝေးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးစင်တာ၊ တိုက်နယ် ဆေးရုံများ၊ ကျေးရွာကျန်းမာရေး ဌာနခွဲများတွင်  ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ်တွင် ၁၉၅၄၅ ဦးနှင့် ဒုတိယအကြိမ်တွင် ၁၇၈၃၁ ဦးကို  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။