ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုပြီး ရေတိုက်စားမှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၆

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ငူမြို့၊ ကင်းဆိပ်ကျေးရွာနှင့် အုတ်တွင်းမြို့နယ်၊ မန်ကျီးပင်စု ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ခပေါင်းချောင်းတံတားသည် သြဂုတ် ၃ ရက်တွင် ချောင်းရေတိုက်စားမှုကြောင့် မျောပါပျက်စီးမှု ဖြစ်ပေါ်ခဲ့သဖြင့် တောင်ငူတပ်နယ်နှင့် အုတ်တွင်းတပ်နယ်တို့မှ တပ်မတော်သားများက တံတားပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် တံတားပြုပြင်ခြင်း လုပ်ငန်းများနှင့် တင်ကျန် ခဲ့သော အမှိုက်များနှင့် နုန်းများဖယ်ရှား ရှင်းလင်းပေးခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးမှုများကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ပိန်းဇလုတ်- ထော်ဝိရွာ အကြား ရထားလမ်းကြေးနန်း မိုင်တိုင်အမှတ်၊ ၉၈/၄ နှင့် ၉၈/၅ အကြား တံတားအမှတ် ၁၃၆ ဘေးနှစ်ဘက်၌ သြဂုတ် ၅ ရက်တွင် ရေတိုက်စားမှုကြောင့် ရန်ကုန်-မန္တလေး အစုန်ရထား သွားလာခြင်းရပ်တန့်မှုနှင့် ပိန်းဇလုတ်မြို့အဝင် ရန်ကုန်-မန္တလေးကားလမ်းရှိ ကွန်ကရစ်တံတားပျက်စီးမှုတို့ ဖြစ်ပေါ်ခဲ့သဖြင့် ယနေ့နံနက်ပိုင်းတွင် ညောင်လေးပင်တပ်နယ်မှ တပ်မတော်သားများနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများ ပူးပေါင်း၍ ရေတိုက်စားပျက်စီးခဲ့သည့် နေရာများ၌ ကျောက်တုံး၊ ကျောက်အိတ်များ သယ်ယူချထားခြင်း၊ လမ်းပြုပြင်ခြင်းလုပ်ငန်းများနှင့် တံတားပြုပြင်ခြင်း၊ အမှိုက်များနှင့် နုန်းမြေများ ဖယ်ရှားရှင်းလင်းခြင်းများကို ဆက်လက် ဆောင်ရွက်ပေးခဲ့ရာ ယခုအခါမီးရထားများ ပြန်လည်သွားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပန်းတောင်မြို့နယ်၊ သရက်လိန်အုပ်စု၊ သရဲဇီးကျေးရွာ၌ သြဂုတ် ၅ ရက်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် နီးစပ်ရာဆွေမျိုးများ အိမ်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ရေဘေးရှောင်ပြည်သူများအား ပန်းတောင်းတပ်နယ်မှ တပ်မတော်သားများက သွားရောက်ကြည့်ရှုအားပေးပြီး ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။