နိုင်ငံတော်နှင့် တပ်မတော်အပေါ် အသက်ကိုပဓာနမထားဘဲ ရဲဝံ့ပြောင်မြောက်စွာ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သောကြောင့် သူရဘွဲ့ရရှိခဲ့သည့် ဒုတိယတပ်ကြပ် သူရသက်ရှည်၏ ဇနီးဖြစ်သူ မနှင်းစန္ဒာ၏ ဂုဏ်ပြုပြောကြား ပီတိစကားသံများ

နိုင်ငံတော်နှင့် တပ်မတော်အပေါ် အသက်ကိုပဓာနမထားဘဲ ရဲဝံ့ပြောင်မြောက်စွာ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သောကြောင့် သူရဘွဲ့ရရှိခဲ့သည့် ဒုတိယတပ်ကြပ် သူရသက်ရှည်၏ ဇနီးဖြစ်သူ မနှင်းစန္ဒာ၏ ဂုဏ်ပြုပြောကြား ပီတိစကားသံများ

နိုင်ငံတော်နှင့် တပ်မတော်အပေါ် အသက်ကိုပဓာနမထားဘဲ ရဲဝံ့ပြောင်မြောက်စွာ ရဲစွမ်းသတ္တိအပြည့်ဖြင့် စွမ်းစွမ်းတမံတာဝန် ထမ်းဆောင်ခဲ့သည့် စစ်သည်တော်များကို နိုင်ငံတော်က နှစ်စဉ်လွတ်လပ်ရေးနေ့တွင် တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်လျက်ရှိသည်။ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင်လည်း ယခင်နှစ်များနည်းတူ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးသဘင်ဆောင်၌ အဆိုပါအခမ်းအနားကို ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များကို  ချီးမြှင့်ပေးအပ်ခဲ့ရာ ယင်းဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်းခံရသည့် အထဲတွင် တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင် သူရဘွဲ့ရရှိခဲ့သည့် ဒုတိယတပ်ကြပ် သူရသက်ရှည်၏ ဇနီးဖြစ်သူ မနှင်းစန္ဒာ၏ ရင်တွင်းပီတိစကားသံများကို ယခုလို ဖော်ပြလိုက်ရပါသည်။

ကျွန်မရဲ့ အမျိုးသားက ရခိုင်ပြည်နယ် စစ်ဆင်ရေးမှာ ကျဆုံးခဲ့တာပါ။ မှတ်မှတ်ရရ သူနဲ့ နောက်ဆုံးဖုန်းပြောဖြစ်ခဲ့ရတာကတော့ သူကျဆုံးမယ့်နေ့ နေ့လယ် ၁၂ နာရီ လောက်မှာ သူ့ဆီကဖုန်းလာတယ်။ သားလေးကို ဂရုစိုက်ပါ။ မင်းကိုယ်မင်းလည်း ဂရုစိုက်ပါတဲ့။ ကျွန်မကလည်းအေးပါ ငါတို့ သားအမိကို ဘာမှမပူနဲ့ ယောကျ်ားသာ ကိုယ့် ကိုယ်ကိုယ် ဂရုစိုက်ပါလို့ ပြောလိုက်တယ်။

သူက ထပ်ခါတလဲလဲ သားကိုဂရုစိုက်ဖို့ မှာနေတယ်။ ကျွန်မစိတ်ထဲမှာ တစ်မျိုးကြီး။ စိတ် မကောင်းသလို ဖြစ်နေတယ်။ သူနဲ့ဖုန်းပြောပြီး စိတ်ထဲမှာလည်း ဟာတာတာကြီးဖြစ်နေတယ်။ ညနေ ၃ နာရီခွဲလောက်ကြာတော့ တပ်ရေးဗိုလ်ကြီးနဲ့ အရာရှိတွေ အိမ်ကို ရောက်လာတယ်။ ကျွန်မလည်း တုန်လှုပ်သွားတယ်။ ဗိုလ်ကြီး ဘာဖြစ်လို့လဲမေးတော့ တပ်ရေးဗိုလ်ကြီးက ကျွန်မရဲ့အမျိုးသား တိုက်ပွဲကျသွားတဲ့  အကြောင်းပြောပြခဲ့တယ်။  ကျွန်မလည်း ဗိုလ်ကြီးတို့ကို မေးကြည့်တော့  ဗိုလ်ကြီးက  သက်ရှည်က တိုက်ပွဲမှာ တကယ့်သူရဲကောင်းစိတ်နဲ့ သူ့ရဲ့ တပ်စိတ်၊ တပ်စုအတွက် အသက်ကိုပဓာန မထားဘဲ ရန်သူကိုတိုက်ရင်း ကျဆုံးသွားတာ လို့ပြောပါတယ်။

 နောက်ပိုင်း  သူနဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ စစ်သည်တွေ  ပြောတာကတော့ သက်ရှည် ဟာ သူတို့ကို ရန်သူတွေက ဘန်ကာကျင်းထဲက ပစ်နေတာတဲ့။ ရန်သူက အပေါ်စီး ဘန်ကာထဲက တရစပ် ပစ်နေလို့ မိမိဘက်က ရှေ့တက်ဖို့အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ သက်ရှည်က တပ်စုတပ်ကြပ်ကြီးကို ဆရာကြီး ကျွန်တော့်ကို ဘန်ကာကို ကာပစ် ပစ်ပေး။ ကျွန်တော်ဝင်လုံးမယ် ပြောတော့ ဆရာကြီးက အန္တရာယ်များတယ် ဆိုပြီး တားခဲ့ပေမယ့် တားမရခဲ့ဘူး။ အဲဒီ ဘန်ကာကျင်းထဲကို လက်ပစ်ဗုံးနဲ့ သွားပြီး ပစ်ထည့်ရင်း အဲဒီလက်ပစ်ဗုံးနဲ့ပဲ ရန်သူတွေနဲ့အတူ ကျဆုံးသွားတာလို့ပြောတယ်။ အခုကျွန်မမှာ သုံးနှစ်သားလေး တစ်ယောက်ရှိပါတယ်။ နေတာကတော့ ကျွန်မတို့နေခဲ့တဲ့ တပ်အနီးမှာ တပ်ကစီစဉ်ပေးတဲ့ အိမ်နဲ့ခြံ မှာပဲ မိဘများနဲ့အတူနေပါတယ်။ သားလေး ကိုလည်း သူ့အဖေဖြစ်စေချင်တဲ့ ပညာတတ်ကြီးဖြစ်အောင်ကြိုးစားပြီးထားမှာပါ။ သူ မရှိတော့ စိတ်အားတော့ ငယ်မိတာပေါ့။

ဒါပေမဲ့ သားလေးရဲ့ ရှေ့ရေးကလည်းရှိ သေးတယ်ဆိုတော့ အားတင်းထားရတာပေါ့။ ဘာပဲပြောပြော သားလေးကိုတော့ အတတ်နိုင်ဆုံး ပြည့်ပြည့်စုံစုံ ထားနိုင်အောင် ကြိုးစားသွားမှာပါ။

အခုလို နိုင်ငံတော်နဲ့ တပ်မတော်က ဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့်ပေးတာရယ် သူမရှိတော့ပေမယ့် အစစအရာရာ ကူညီစောင့်ရှောက်ပေးလို့ တပ်မတော်အကြီး  အကဲတွေနဲ့ တာဝန်ရှိသူတွေကို ကျေးဇူး တင်ပါတယ်။ ပြီးခဲ့တဲ့တပ်မတော်နေ့မှာလည်း ကျွန်မ သူ့ကြောင့် အခမ်းအနားတက်ခွင့် ရလိုက်ပါသေးတယ်။ အခမ်းအနားပြီးတော့ သူရဲကောင်းဗိမာန်ကို လေ့လာရေးရောက်ခဲ့တယ်။ အဲဒီမှာ ကျွန်မအမျိုးသား ကိုသက် ရှည်ကို သူရဘွဲ့ရတဲ့ စာရင်းမှာ တွေ့လိုက်ရတော့ သူက လူသာသေတာ နာမည်မသေဘူးဆိုတာသိလိုက်ရတယ်။  ကျွန်မကတော့ သူမရှိတော့လို့ စိတ်အားငယ်ငယ်နဲ့ နေနေရတဲ့အချိန်မှာ သူကတော့ သူ့လိုသူရဲကောင်းတွေနဲ့ အလေးပြုခံနေတယ်ဆိုတာ သူရဲကောင်း ဗိမာန်မှာစောင့်တဲ့ ဆရာကြီးကပြောတော့ ကျွန်မစိတ်ထဲမှာ ဝမ်းနည်း သလိုလို ဝမ်းသာသလိုလို  ဂုဏ်ယူသလိုလို စိတ်ထဲမှာခံစားရပါတယ်။ ကျွန်မသူ့ကို အလေးပြုခဲ့ပါတယ်။

ဒုတိယတပ်ကြပ် သူရသက်ရှည် အနေဖြင့် ၂ဝ၂ဝ ပြည့်နှစ် မေလ ၇ ရက်တွင် ရခိုင် ပြည်နယ် မင်းပြား၊ ပလက်ဝဒေသတွင် စစ်ဆင်ရေးတာဝန် ထမ်းဆောင်စဉ် ရန်သူ့အင်အား ၁ဝဝ ခန့်နှင့် မိမိဘက်မှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးအာကာမင်းအောင် ဦးစီးစစ်ကြောင်း (၁/၂)ရုံးနှင့် တပ်ခွဲ(၂)ခွဲတို့သည် ၂ဝ၂ဝ ပြည့်နှစ် မေလ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် အခြေပြုနေရာမှ စတင်ချီတက် ခဲ့ပြီး  ရန်သူ့ကာကင်းကုန်း အောက်ခြေ (ရန်သူမမြင်နိုင်သောနေရာ)မှ စတင်ချဉ်းကပ်စဉ် ကိုယ်ပိုင်အမှတ်၊ တ-၅၁၄၁၅၇ တပ်သား သက်ရှည်သည် ပွိုင့်တပ်စိတ်တွင် ပါဝင်ပြီး ချဉ်းကပ်ခဲ့ကြောင်း၊ ရန်သူ့ကာကင်းကုန်းပေါ်တွင်  သစ်လုံးဘန်ကာလေးလုံးရှိပြီး ယင်းဘန်ကာ အတွင်းမှ ရန်သူက တရုတ် စက်လတ်နှစ်လက်ဖြင့် ပစ်ခတ်နေခဲ့ကြောင်း။ တပ်သားသက်ရှည်သည် မွန်းလွဲ ၂ နာရီ အချိန်ခန့်တွင် ရန်သူ့ဘန်ကာ အနီးရောက်ရှိသည်နှင့် ရန်သူ့အခြေအနေအား သုံးသပ်ကာ ဆက်သွယ်ရေးမြောင်းအတွင်း အမြန် ဝင်ရောက်၍ ရန်သူအား လက်နက်ငယ်ဖြင့် ဦးစွာပစ်ခတ်သော်လည်း မြေအခြေအနေအရ ရန်သူသည် ဘန်ကာများအတွင်း မြေခွေးကျင်း တူးထားသောကြောင့် ၎င်း၏ပစ်ခတ်မှုသည် မထိရောက်သည့်အပြင် ရန်သူ မှ လက်ပစ်ဗုံးများဖြင့် ပစ်နေသောကြောင့် မိမိစစ်သည်များ တက်မရဖြစ်နေခဲ့ရကြောင်း၊ ယင်းအခြေအနေတွင် ရန်သူ့ဘန်ကာနှစ်လုံး အတွင်းရှိ ရန်သူများမှသေနတ်မြှောက်ပစ်ခတ် နေစဉ် တပ်ကြပ်ကြီးချစ်ငွေသည် လက်နက် ငယ်ဖြင့် ဘန်ကာအား ကာပစ်ပစ်ပေးနေစဉ် တပ်သားသက်ရှည်သည်  မြေခွေးကျင်းအတွင်းမှ ထွက်လာသော ရန်သူအား  မိမိ လက်ပစ်ဗုံး စနက်တံဆွဲဖြုတ်ပြီး အသက်ကိုပဓာနမထားဘဲ ဝင်ရောက်လုံးထွေးသောကြောင့် တပ်သားသက်ရှည်နှင့်  ရန်သူ့ အကြား လက်ပစ်ဗုံးပေါက်ကွဲကာ ရန်သူနှင့် အတူ ကျဆုံးခဲ့ခြင်းဖြစ်သည်။

တပ်သားသက်ရှည်သည် ရန်သူ့ဘန်ကာ အတွင်း အသက်စွန့်၍ ဝင်ရောက်လုံးထွေး သောကြောင့် ဘန်ကာရရှိပြီး ရန်သူများ ထိတ်လန့်စွာ ဆုတ်ခွာပြီး ကာကင်းကုန်းအား သိမ်းပိုက်ရရှိခဲ့ကြောင်း၊ တပ်သားသက်ရှည်၏ ခန္ဓာသည် ကျဆုံးသွားသော်လည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး စစ်သားမာန် မလျှော့သော အနေအထားမျိုးကို တွေ့ရှိရကြောင်းသိရသည်။ တပ်သားသက်ရှည်သည် မိမိတပ်စု၏ ရှေ့တန်းကျကျနေရာမှ ရန်သူအား ရင်ဆိုင်တိုက်ပွဲဝင်ခြင်း၊ ရန်သူ့တောင်ကုန်းများကို အောင်မြင်စွာ သိမ်းပိုက်ခြင်းတို့ တွင် အဓိကကျသော နေရာမှပါဝင်ခဲ့ကြောင်း၊ ရန်သူ့စခန်း ကာကင်းကုန်းများရရှိသည့် တပ်စိတ်ရှိစစ်သည်များနှင့် ပေါင်းစပ်ကာ ရည်မှန်းချက်ကို  အောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်း၊ နိုင်ငံတော်နှင့် တပ်မတော် အပေါ် စစ်သားကောင်းတစ်ဦးပီသစွာ ဇွဲ သတ္တိရှိရှိဖြင့် ရဲဝံ့ပြောင်မြောက်စွာ တိုက်ပွဲ ဝင်နိုင်ခြင်း၊ မိမိအသက်နှင့်ခန္ဓာအား ပဓာန မထားဘဲ နိုင်ငံတော်နှင့်တပ်မတော်အပေါ် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ခြင်း တို့ကြောင့် နိုင်ငံတော်မှ ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော် ပြန်တမ်းထုတ်၍ တပ်မတော်စွမ်းရည်သတ္တိ ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ဖြစ်သည့် သူရဘွဲ့ကို ယနေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်တိုင်  ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

ထိုသို့ နိုင်ငံတော်နှင့် တပ်မတော်အပေါ် အသက်ကိုပဓာနမထားဘဲ ရဲဝံ့ပြောင်မြောက် စွာ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သည့် စစ်သည်တော်များသည် တာဝန်ထမ်းဆောင် ရင်း  နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်နှင့်ခန္ဓာ ပေးဆပ်လိုက်ရသူများလည်း ရှိကြသည်။ ထိုသူများကို တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ များပေးအပ်ခြင်း၊ ၎င်းတို့ကိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ရှိ သူရဲကောင်း ဗိမာန်တွင် ကမ္ပည်းမော်ကွန်းများ ရေးထိုး၍ ဂုဏ်ပြုပေးလျက် ရှိကြောင်း သိရသည်။