ကူးစက်မြန်ကိုရိုနာဗိုင်းရပ်ကြောင့် ငတ်မွတ်မှုဒဏ်ကို ပိုမိုခံစားလာရသည့် ကမ္ဘာ့နိုင်ငံများ

 

ကမ္ဘာပေါ်တွင်ကိုရိုနာဗိုင်းရပ်ကူးစက်မှုမစတင်မီ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကတည်းက ကမ္ဘာ့ ရာသီဥတုပြောင်းလဲလာကာ မိုးခေါင်မှုကြောင့် ကောက်ပဲသီးနှံများပျက်စီးပြီး အကြီးအကျယ် ထိခိုက်ခဲ့ရသည့်အပြင် ထိန်းမနိုင်သိမ်းမရ တောမီးလောင်ကျွမ်းမှုများလည်းဖြစ်ပေါ်ခဲ့သည်။

ကမ္ဘာ့လူဦးရေ ၂၀ ရာခိုင်နှုန်းအတွက် အောက်ဆီဂျင်ထုတ်ပေးနေသော ဘရာဇီးအမေဇုန် သစ်တောဧကသန်းနှင့်ချီပြီး စံချိန်တင်မီးလောင်ကျွမ်းခဲ့ရသကဲ့သို့ သြစတြေးလျနိုင်ငံ ဗစ်တိုးရီး ယား၌လည်း အရေးပေါ်အခြေအနေကြေညာရသည်အထိ တောမီးလောင်မှု ဆိုးရွားခဲ့သည်။ ယခုလည်း အမေရိကန်၌ အနောက်ဘက်ကမ်းရိုးတန်းတောမီးလောင်ကျွမ်းမှု ထိန်းမရဖြစ်နေပြီး ကမ္ဘာ့ရာသီဥတုပြောင်းလဲလာခြင်း၏ ထင်ရှားသောအကျိုးသက်ရောက်မှုများဖြစ်သည်။

ထိုအချိန်  အဆိုးထဲကအကောင်းဟုဆိုနိုင်သော သတင်းတစ်ခုထွက်ပေါ်ခဲ့ပြီး ယင်းမှာ အမေရိ ကန်နည်းပညာကုမ္ပဏီကြီး Google က ကာဗွန်ထုတ်လုပ်မှု သုညအဆင့်ထက်လွန်နေသေး သည်ဟု သတင်းထုတ်ပြန်လိုက်ခြင်းပင်ဖြစ်သည်။ ဖွံ့ဖြိုးပြီးအနောက်နိုင်ငံများ၌ နောက်ပိုင်း ကုမ္ပဏီကြီးများက ယင်းတို့ထုတ်လုပ်ခဲ့ကြသော ကာဗွန်များကို ပြန်လည်စုပ်ယူနိုင် ရန်အထိ ပစ်မှတ်ထားလာကြသည်။ ၂၀၁၇ ခုနှစ်ကဖွင့်လှစ်ခဲ့သော  Apple  ၏ရုံးချုပ်  Apple Park ဆိုလျှင်လည်း သစ်ပင်ပေါင်း ၉၀၀၀ အထိ စိုက်ပျိုးပြီးမှ ရုံးချုပ်ကိုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဥရောပသမဂ္ဂက ၂၀၅၀ ပြည့်နှစ်အရောက်တွင်အစိမ်းရောင်စွမ်းအင် ၁၀၀ ရာခိုင်နှုန်းအသုံးပြု မည်ဟု ကတိပြုထားပြီး အရှေ့အလယ်ပိုင်းဒေသ၌လည်း နေရောင်ခြည်စွမ်းအင်ဖြင့် ရေငွေ့ ပေါင်းခံသောက်သုံးရေရရှိသည်အထိပင် ဆော်ဒီနှင့် အာရပ်စော်ဘွားများပြည်ထောင်စု(WFP) တို့က ဆောင်ရွက်နေကြပြီဖြစ်သည်။

သို့သော်  ကမ္ဘာပေါ်၌  ဖြေရှင်းမရသေးသည့် ပြဿနာပေါင်းမြောက်မြားစွာ   ကျန်ရှိနေသေးပြီး ကမ္ဘာ့ဆင်းရဲမှုတိုက်ဖျက်ရေးကတစ်ဖက်၊  စားနပ်ရိက္ခာထောက်ပံ့ရေးက တစ်ဖက်ဖြင့် ဗျာများ နေကြရသည်။ တစ်ဖက်တွင်လည်း သဘာဝဘေးဒဏ်နှင့်စစ်ဘေးဒဏ်ခံစားရသူများကို ကူညီ ထောက်ပံ့ပေးနေရပြန်ကာ ယခု ကိုရိုနာဗိုင်းရပ်ကြောင့် လူသန်းပေါင်းရာနှင့်ချီပြီး ဒုက္ခရောက် နေကြရပြန်သည်။

ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအစီအစဉ် (WFP) အကြီးအကဲ ဘတ်စ်လေ၏ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ တင်သွင်းသောမှတ်တမ်းတွင် ၂၀၂၀ ပြည့်နှစ်အတွက် WFP က အစား အသောက်ထောက်ပံ့ပေးထားရသူပေါင်း ၃၈ သန်းအထိရှိပြီး အကူအညီလိုအပ်နေသူမှာလည်း သန်းပေါင်းများစွာကျန်ရှိနေသေးသည်ဟု ပါဝင်သည်။ ဘတ်စ်လေသည် ဧပြီလကတည်းက ကိုရိုနာဗိုင်းရပ်ကြောင့် ကမ္ဘာ့ဆင်းရဲမှုတိုက်ဖျက်ရေးကို အကြီးအကျယ်ထိခိုက်စေသကဲ့သို့ စားနပ်ရိက္ခာငတ်မွတ်မှုနှင့် ရင်ဆိုင်ရနိုင်သည့် လူဦးရေမှာ ၂၀၂၀ ပြည့်နှစ်တစ်နှစ်တည်းမှာပင် သန်း ၂၇၀ အထိရှိလာနိုင်သည်ဟု သတိပေးထားခဲ့ဖူးသည်။ ထို့ကြောင့် ကမ္ဘာပေါ်ရှိ ချမ်းသာသည့်နိုင်ငံများကို ရန်ပုံငွေတိုးမြှင့်ထောက်ပံ့ကြရန်လည်း တောင်းဆိုခဲ့ဖူးသည်။

ယခုအခြေအနေမှာ ထိုအတိုင်းအတာအထိ မရောက်ရှိသေးသော်လည်း ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးကြောင့်ချမ်းသာသည့်နိုင်ငံကြီးများပင် ဗိုင်းရပ်ဒဏ်ကို အဆိုးရွားဆုံးခံစားနေရသည်။ ယခင်ကတည်းက ပြည်တွင်းစစ်နှင့် သဘာဝဘေးဒဏ်ခံစားနေရသော နိုင်ငံများဆိုလျှင် အခြေ အနေက ဆိုးသည်ထက်ဆိုးလာနေသည်။  ကမ္ဘာပေါ်၌  ၂၁  ရာစု  လူသားချင်းစာနာထောက် ထားမှု အကူအညီအလိုအပ်ဆုံးနိုင်ငံအဖြစ် ကုလသမဂ္ဂကသတ်မှတ်ထားသည့် ယီမင်ကဲ့သို့ ပြည်တွင်းစစ်နှစ်ရှည်ဖြစ်နေသောနိုင်ငံမျိုး၊ ကမ္ဘာ့ဆင်းရဲမှုအချိုး ၆၀ ရာခိုင်နှုန်းကျော်အထိနေရာ ယူထားသော ကွန်ဂိုကဲ့သို့ နိုင်ငံမျိုးနှင့် နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပေါ်နေသော တောင်ဆူဒန်၊ ဆိုမာလီယာကဲ့သို့ နိုင်ငံမျိုးတို့ဆိုလျှင် အခြေအနေက ခန့်မှန်းမရလောက်အောင်ပင် ဆိုးရွား လွန်းလှသည်။

ထိုနိုင်ငံများအတွက် WFP က သီးသန့်ထောက်ပံ့ပေးနေရသည့် လူဦးရေသည် နှစ်စဉ် သန်း ၃၀ အထိရှိပြီး ယခု ဖြစ်ပွားနေသည့် ကိုရိုနာကူးစက်ရောဂါကြောင့် နိုင်ငံအများစု Lockdown ချရ၊ ပြည်ဝင်ခွင့်ပိတ်ပင်ရ၊ စီးပွားရေးလုပ်ငန်းများပိတ်သိမ်းထားရသောကြောင့် ဆင်းရဲသည့်နိုင်ငံများ အတွက် စားနပ်ရိက္ခာဖူလုံရေးအခက်အခဲမှာ အကြီးမားဆုံးပြဿနာဖြစ်လာသည်။

လက်ရှိ ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်ကူးစက်မှုသန်း ၃၀ ကျော်သွားပြီဖြစ်ကာ ပထမလှိုင်းကို ကျော်ဖြတ်နိုင်ခဲ့သည့်နိုင်ငံများပင်လျှင် ဒုတိယလှိုင်းဒဏ်ကြောင့်  အထိနာနေကြပြီဖြစ်သည်။  ဖွံ့ဖြိုးပြီးနိုင်ငံများထဲတွင် ဗိုင်းရပ်ကူးစက်မှု ဒုတိယလှိုင်းကြောင့်တစ်နိုင်ငံလုံး Lockdown ထပ်မံ ချလိုက်ရသည့်နိုင်ငံက အစ္စရေးဖြစ်ပြီး ဥရောပ၌လည်း ဗိုင်းရပ်ဒုတိယလှိုင်းကူးစက်မှုများ ထပ်မံ မြင့်တက်လာသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကပင် သတိပေးချက် ထုတ်ပြန်ခဲ့ရသည်။

ကမ္ဘာ့နိုင်ငံများတွင် ဗိုင်းရပ်ကူးစက်မှုနှုန်း တစ်ရက်လျှင် ၉၀၀၀၀ ကျော်အထိ အမြင့်ဆုံးစံချိန် တင်ထားသည့် အိန္ဒိယ၌ စုစုပေါင်းဗိုင်းရပ်ကူးစက်သူအရေအတွက် ငါးသန်းကျော်သွားခဲ့ပြီဖြစ် သည်။ ထို့ပြင်နောက်ထပ်ဆိုးကျိုးတစ်ခုကလည်း ဗိုင်းရပ်နှင့်အတူကပ်ပါလာသေးသည်။  ယင်း မှာ  အရွယ်မရောက်သေးသည့် ကလေးသူငယ်လက်ထပ်ထိမ်းမြားခြင်းဟူသော အိန္ဒိယ၏ အဆိုး ရွားဆုံးမဖြေရှင်းနိုင်သေးသည့်ပြဿနာကလည်း ပိုမိုအရှိန်မြင့်တက်လာခြင်းပင် ဖြစ်သည်။

အိန္ဒိယ၌   ဆင်းရဲသည့်မိသားစု   အများစုက မိန်းကလေးမွေးဖွားလာလျှင် အရွယ်မရောက်မီ ၁၀ နှစ်ကျော်မှာပင် လက်ထပ်ပေးလေ့ရှိသောကြောင့် ကမ္ဘာပေါ်တွင် အိန္ဒိယက အရွယ်မရောက် သေးဘဲလက်ထပ်ပေးခြင်းခံရသူ အများဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရသည်။ အိန္ဒိယ၏ ပယ်ဖျက်ထားသည့် ရိုးရာဓလေ့တစ်ခုက ယခုအချိန်ထိ အသက်ဝင်နေဆဲဖြစ်ပြီး မိန်းကလေး ရှင်ဘက်က ယောက်ျားလေးဘက်သို့ ငွေကြေးဖြင့်တင်တောင်းကာ မင်္ဂလာအခမ်းအနား အတွက်လည်း ကုန်ကျစရိတ်ကျခံရသည်။

ထိုအချက်ကြောင့် အရွယ်မရောက်သေးသည့် အိန္ဒိယမိန်းကလေးများစွာက မိဘများ၏ လက်ထပ်ပေးခြင်းကို ခံနေရသည်။ အဆိုပါကိစ္စရပ်နှင့်ပတ်သက်ပြီး အိန္ဒိယအစိုးရက အရေးပေါ် တိုင်ကြားရေးဖုန်းနံပါတ်များ ဖွင့်လှစ်ပေးထားကာ ဖုန်းခေါ်ဆိုမှုတစ်ခုလက်ခံရရှိလျှင် တစ်နာရီ အတွင်း ထိုနေရာသို့ အရောက်သွားနိုင်ရန်အထိ စနစ်တကျဆောင်ရွက်နေသည်။ သို့သော် ယခုအချိန်ထိ အရွယ်မရောက်သေးသည့် မိန်းကလေးများ  လက်ထပ်ပေးခြင်းအများဆုံးခံရ သည့်နိုင်ငံအဖြစ် အိန္ဒိယက တည်ရှိနေဆဲဖြစ်ကာယခုဖြစ်ပေါ်နေသော ဗိုင်းရပ်ကူးစက်မှုကြောင့် ထိုဓလေ့ကို တိုက်ဖျက်ရေးလုပ်ငန်းစဉ်မှာ များစွာထိခိုက်နေရကာ ထိန်းမရဖြစ်လာနေသည်။

တစ်ဖက်တွင်လည်း ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များက ဗိုင်းရပ်ကာလ၌ ပိုမိုချမ်းသာလာကြ သည်။ Space X နှင့် Texla CEO အီလွန်မာ့စ်က Facebook  တည်ထောင်သူ  ဇူကာဘတ်ကို ကျော်လွန်ပြီး အသားတင်ချမ်းသာကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၉၀ ဘီလီယံကျော်သို့ ရောက်ရှိ လာခဲ့သည်။ အမေဇုန်တည်ထောင်သူ ဂျက်ဘေးဇော့ကတော့ ၁၈၄ ဘီလီယံအထိပင်ရောက် လာက ဘီလ်ဂိတ်က ၁၁၆ ဘီလီယံအထိရောက်ရှိလာသည်။ ကမ္ဘာပေါ်ရှိ ဘီလီယံနာများ၏ အသားတင်ကြွယ်ဝမှုအားလုံးပေါင်းလျှင် အမေရိကန်ဒေါ်လာ ၆ ထရီလီယံအထိရှိသည်။ ထို့ကြောင့် WFP ထိုလူချမ်းသာများကို ရန်ပုံငွေတိုးမြှင့်ထောက်ပံ့ပေးရန်  တိုက်တွန်းထားပြီး  WFP ၏ လုံလောက်သည့် စားနပ်ရိက္ခာထောက်ပံ့ရေးက နှစ်စဉ် အမေရိကန်ဒေါ်လာ  ၅  ဘီလီ ယံအထိ  ကုန်ကျလာနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။