ဂွေးချိုသီး ဒုတိယအကြိမ်ဆွတ် ခူးရာသီချိန်တွင် ဈေးကွက် ကောင်းမွန်နေ

ဂွေးချိုသီး ဒုတိယအကြိမ်ဆွတ် ခူးရာသီချိန်တွင် ဈေးကွက် ကောင်းမွန်နေ

    ဂွေးချိုသီးကို    တစ်နှစ်လျှင်နှစ်ကြိမ် ဆွတ်ခူးလေ့ရှိရာ  ဒုတိယအကြိမ် ဆွတ်ခူး ရာသီချိန်တွင်     ဂွေးချိုသီးဈေးကွက် ကောင်းမွန်နေကြောင်း ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်နေသူများ၏ ပြောပြချက်အရ သိရသည်။

''ဂွေးချိုသီးကို အများအားဖြင့် သြဂုတ် လမှာတစ်ကြိမ်၊ ဒီဇင်ဘာလမှာ တစ်ကြိမ် တစ်နှစ်ကို နှစ်ကြိမ်လောက်  ဆွတ်ခူး ရောင်းချကြပါတယ်။ သြဂုတ်လမှာ  ပထမ အကြိမ်ဆွတ်ခူး ရောင်းချခဲ့တုန်းက ဈေးနှုန်းနဲ့ အခုရနေတဲ့ဈေးနှုန်းက အဆမတန်ကို  ကွာခြားနေပါတယ်။ အခုကာလက ဈေး ကောင်းအရဆုံး အချိန်လို့တောင် ပြောလို့ရတယ်။ပြီးခဲ့တဲ့သြဂုတ်လတုန်းက ဈေးကွက်ရှာနေရတာနဲ့ တချို့အသီးတွေ ဆိုရင်  အပင်ပေါ်မှာတင်  မှည့်ကုန်တယ်။ အခုတော့  ကုန်သည်၊  ပွဲစားတွေက  ခြံ အရောက် ဆင်းဝယ်နေကြပါပြီ'' ဟု နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ရွာကောက်ရပ် ပေါင်းလောင်း (၂) ရပ်ကွက် မှ ဂွေးချိုသီး စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်သူ ဦးမောင်မောင်ဦးက ပြောသည်။

ဂွေးချိုပင်သည် နှစ်ရှည်ပင် အမျိုးအစား ဖြစ်ကာ စိုက်ပျိုးပြီးသုံးနှစ်နှင့် ငါးနှစ်အတွင်း နေ့စဉ်  ဝင်ငွေစတင်ရရှိနိုင်ကြောင်း သိရသည်။

''ဂွေးချိုသီးက   စိုက်ပျိုးပြီး   သုံးနှစ်လောက်မှာ အသီးစသီးတယ်။ အဲဒီအချိန် ဂွေးချိုသီးဈေးကောင်းရတဲ့ ကာလမျိုးဆိုရင် နေ့စဉ်   ဝင်ငွေအနည်းအကျဉ်း စရနိုင်ပြီး   အပင်သက်ငါးနှစ်မှာတော့ နေ့စဉ်ဝင်ငွေ ငွေကျပ် ငါးသောင်းကနေ တစ်သိန်းအထိ ရရှိနိုင်ပါတယ်။ ဂွေးချိုပင်တွေက နှစ်ရှည်ပင် အမျိုးအစားဖြစ်ပြီး တခြားသီးနှံပင်တွေ လို ပင်ပင်ပန်းပန်း မပြုစုရသလို ဓာတ်မြေသြဇာတွေလည်း မကျွေးရပါဘူး။ အပင် သက်တမ်းကတော့  နှစ်  ၃ဝ  လောက်ရှိပါတယ်''  ဟု  ဦးမောင်မောင်ဦးကပြော သည်။

ပြီးခဲ့တဲ့သြဂုတ်လဝန်းကျင်က ဂွေးချိုသီး နှစ်တင်းခွဲဝင် တစ်အိတ်လျှင်    ငွေကျပ် ၇ဝဝဝ   ဝန်းကျင်သာ ရရှိခဲ့သော်လည်း လက်ရှိ  ဈေးကွက်အတွင်း  ဂွေးချိုသီး နှစ်တင်းခွဲဝင် တစ်အိတ်လျှင်    ငွေကျပ် ၂ဝဝဝဝ ဝန်းကျင်အထိ ဈေးရှိကြောင်း သိရသည်။