ပြည်ပနိုင်ငံများမှ Relief Flight များဖြင့် ဝင်ရောက်လာသူများ အနက်(၁၂)ဦးတွင် အိုမီခရွန်ရောဂါပိုး ထပ်မံတွေ့ရှိ ၊ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ထပ်မံတွေ့ရှိရမှုနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်

ပြည်ပနိုင်ငံများမှ Relief Flight များဖြင့် ဝင်ရောက်လာသူများ အနက်(၁၂)ဦးတွင် အိုမီခရွန်ရောဂါပိုး ထပ်မံတွေ့ရှိ ၊ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ထပ်မံတွေ့ရှိရမှုနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်

                                                                                               (၇-၁-၂ဝ၂၂)ရက်နေ့

၁။      ကျန်းမာရေးဝန်ကြီးဌာနသည် ''ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်း''များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ  မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေး လေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး တွေ့ရှိခဲ့မှုအား   ၂၈-၁၂-၂ဝ၂၁ ရက်နေ့တွင် ကျန်းမာရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့ပါသည်။

၂။      ထိုသို့ စဉ်ဆက်မပြတ် စစ်ဆေး ဆောင်ရွက်လျက်ရှိရာ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာ၍   ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများ အနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုး တွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ (၂၂)ခုအား ၇-၁-၂ဝ၂၂ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ စစ်ဆေးခြင်းကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင်(၁ဝဝဝ) တို့တွင် ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးကို ဓာတ်ခွဲနမူနာ (၁၂)ခုတွင် တွေ့ရှိရပါသည်။

၃။      အဆိုပါ အိုမီခရွန်ရောဂါပိုး တွေ့ရှိသူ (၁၂)ဦးမှာ မြန်မာနိုင်ငံသား (၁၁)ဦးနှင့် နိုင်ငံခြားသား (၁)ဦးဖြစ်ပြီး Relief  Flight များဖြင့် ဝင်ရောက်လာသူ ယူအေအီးနိုင်ငံမှ (၈)ဦး၊  မလေးရှားနိုင်ငံမှ (၃)ဦးနှင့် အိန္ဒိယနိုင်ငံမှ (၁)ဦး ဖြစ်ပါသည်။

၄။      အိုမီခရွန်ရောဂါပိုး တွေ့ရှိသူများအား သတ်မှတ်ဆေးရုံကြီးများတွင် သီးသန့်ထားရှိကာ ကုသစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပြီး ၎င်းသူတို့နှင့် လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါလာသည့် ခရီးသည်များအားလည်း အသွားအလာ ကန့်သတ်ခြင်း (Strict Quarantine) နှင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများအား အထူးအားဖြည့် ဆောင်ရွက်လျက် ရှိပါသည်။

၅။      သို့ဖြစ်ပါ၍ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်များနှင့်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်း လုပ်ငန်းများအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန် ကြေညာအပ်ပါသည်။        

ကျန်းမာရေးဝန်ကြီးဌာန