အောင်မြင်မှုများနှင့်အာဆီယံဥက္ကဋ္ဌခရီးစဉ်

အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသူ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၏ မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၇ ရက်မှ ၈ ရက်နေ့အထိလာရောက်ခဲ့သောခရီးစဉ်သည် မြန်မာနှင့်ကမ္ဘောဒီးယားနှစ်နိုင်ငံအကြားချစ်ကြည် ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေသော ခရီးစဉ်ဖြစ်သလို မြန်မာနိုင်ငံနှင့်အာဆီယံအကြား နားလည်မှုလွဲမှားနေခြင်း ကိုလည်းချေဖျက်နိုင်ခဲ့သောခရီးစဉ်ဖြစ်ပေသည်။ ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၂ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ အဖြစ်တာဝန်ယူမည့်အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြား

နှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးအား အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ခန့်အပ်မည့်အပေါ်ကြိုဆိုကြောင်းနှင့် ၎င်းအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းနှင့်အညီ အာဆီယံတူညီ ဆန္ဒ(၅)ချက် အကောင်အထည်ဖော်နိုင်ရေးကို အပြည့်အဝပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ အာဆီယံတူညီ ဆန္ဒ(၅)ချက်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် အပြန်အလှန် အထောက် အကူပြုသင့်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အလေးအနက်ထား ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် လတ်တလော ဖြစ်ပွားနေဆဲဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေး လုပ်ငန်းများကိုအရှိန်အဟုန်မပြတ် ထိထိရောက်ရောက်ဆောင်ရွက် နေခြင်းနှင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်ခြင်းဟူသော လုပ်ငန်းစဉ်နှစ်ရပ်ပါဝင်ပါသည်။  မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုရာခိုင်နှုန်းမှာ ၁ ရာခိုင်နှုန်း ကျော်ကျော်သာ ရှိတော့သည်။ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုအောက်တွင် ပြည်သူတစ်ရပ်လုံးက စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ တပ်မတော်က အင်တိုက်အားတိုက် ပါဝင်ကူညီခြင်း တို့ကြောင့် ကူးစက်မှုနှုန်းလျော့နည်း ကျဆင်းသွားခြင်း ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအကျပ်အတည်းဖြစ်ပေါ်နေသည့်ကာလတွင် နှစ်နိုင်ငံပြည်သူများအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြှင့်တင်စေမည့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် မြန်မာနှင့် ကမ္ဘောဒီးယားတို့ နှစ်ဖက်အမြင်ချင်း ဖလှယ်ခဲ့ကြသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံအစိုးရ၏ ကိုဗစ်-၁၉  ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ၌ အထောက်အကူပြုနိုင်ရန် နှာခေါင်းစည်း ၃၂၀၀၀၀၀၊ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ ၃၀၀၀၀၊ အသက်ရှူအထောက်အကူပြုစက်အလုံး ၅၀၊ လူနာ စောင့်ကြည့်စက်အလုံး ၅၀ နှင့်ဆက်စပ်ပစ္စည်းများ၊ အောက်ဆီဂျင်စက်အလုံး ၅၀ နှင့်အခြားသော ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများ လှူဒါန်းခဲ့မှုအပေါ် ကမ္ဘောဒီးယား အစိုးရနှင့် ပြည်သူများအား လှိုက်လဲှစွာကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(EAO)များနှင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး ၂၀၂၂ နှစ်ကုန်အထိ ထပ်မံတိုးမြှင့်သွားမည်

ဖြစ်သည်။ သက်ဆိုင်သူများ အားလုံးအနေဖြင့်  နိုင်ငံနှင့်ပြည်သူများ၏ အကျိုးစီးပွားကို  ရှေးရှုလျက် အပစ်အခတ်ရပ်စဲမှုကို လက်ခံရန်၊ အကြမ်းဖက်လုပ်ရပ်များ အားလုံးကို အဆုံးသတ်ရန်နှင့် တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ်၏ ပါဝင်မှုကိုကြိုဆိုသည်။

အဆိုပါ အရေးကြီးသည့် လုပ်ဆောင်ချက်သည် အာဆီယံ၏ တူညီဆန္ဒ(၅)ချက်တွင် ထည့်သွင်းဖော်ပြထား သောအချက်ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်က အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ထာဝရငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးတို့ရရှိရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ၏ နှစ်ဦးနှစ်ဖက် အကျိုးရှိသော မူဝါဒကို ရှင်းလင်းမျှဝေခဲ့သည်။ ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ်က ကမ္ဘောဒီးယားနိုင်ငံ၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်မှရရှိခဲ့သောအတွေ့အကြုံများနှင့် သင်ခန်းစာများအပေါ် အခြေခံ၍ သက်ဆိုင်သည့်အဖွဲ့ အစည်းများအားလုံး၏ ပူးပေါင်းပါဝင်မှုနှင့် သဘောတူညီမှုမပါရှိဘဲ အလုံးစုံ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်မည်မဟုတ်ကြောင်း အလေးထားပြောကြားခဲ့သည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်ကိုပံ့ပိုးပေးရန်နှင့် လက်ရှိပြည်တွင်း အခြေအနေများကို ထည့်သွင်းစဉ်းစားလျက် သက်ဆိုင်သည့် အဖွဲ့အစည်းများ အားလုံးနှင့် တွေ့ဆုံနိုင်ရေး ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် နိုင်ငံတကာမျက်နှာစာနှင့် အာဆီယံမျက်နှာစာ တို့တွင်  မြန်မာနိုင်ငံဘက်မှ အပြုသဘောဆောင်ရပ်တည်ထောက်ခံပေးမှုများသည်  မြန်မာတို့အတွက် ကျေးဇူးတင်ဖွယ်ဖြစ်သည်။

အနှစ်ချုပ်ဆိုရသော် အာဆီယံဥက္ကဋ္ဌ  ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၏ မြန်မာနိုင်ငံခရီးစဉ်သည် အောင်မြင်သောခရီးစဉ် ဖြစ်ပါကြောင်း မှတ်တမ်းပြု ရေးသားလိုက်ရပေသည်။  ။