COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့် သူများအား စစ်ကြောရေးနှင့် တည်းခိုရေး စခန်းများ၌ ဆက်လက်လက်ခံ

နေပြည်တော်၊ သြဂုတ် - ၆

Coronavirus Disease 2019 (COVID-19) ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းနှင့် ရွှေညောင်မြို့ရှိ တည်းခိုရေးစခန်းတို့၌ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၁ ဦး၊ ထိုင်းနိုင်ငံမှ ပြန်လည် ရောက်ရှိလာသူ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၅ ဦး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၇ ဦး ထပ်မံရောက်ရှိလာပြီး ရွှေညောင်မြို့ရှိ တည်းခိုရေးစခန်းသို့ ထပ်မံရောက်ရှိလာသူ မရှိကြောင်း သိရသည်။

ထိုသို့လက်ခံဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအထိ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ၂၈၀ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေး နှင့်တည်းခိုရေးစခန်း၌ ၂၉၇ ဦးနှင့် ရွှေညောင်မြို့ရှိ တည်းခိုရေး စခန်း၌ ၈၄ ဦးတို့ကို အသီးသီး လက်ခံထားရှိပြီး စောင့်ကြည့်သူများ အားလုံးမှာ ကျန်းမာရေးကောင်းမွန် လျက်ရှိကြောင်းနှင့် အဆိုပါ သီးသန့်စောင့်ကြည့်ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ရွှေညောင်မြို့ရှိ တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူများ၏ နေထိုင် စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။