ကမ္ဘာ့နိုင်ငံများက အရေးတယူ ဆောင်ရွက်ရန် လိုအပ်လာသည့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု

ကမ္ဘာ့နိုင်ငံများက အရေးတယူ ဆောင်ရွက်ရန် လိုအပ်လာသည့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု

ကမ္ဘာ့နိုင်ငံ အများအပြားတွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း   အိုမီခရွန်မျိုးကွဲ ရောဂါပိုးကူးစက်မှု စံချိန်တင်မြင့်တက်လာခြင်းကြောင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် ရောဂါပိုးကူးစက်ခံရသူ အရေအတွက်မှာဇန်နဝါရီ ၇ ရက်တွင် သန်း ၃ဝဝ ကျော်လာပြီဖြစ်သည်။ ပြီးခဲ့သည့် ခုနစ်ရက် အတွင်းမှာပင်  နိုင်ငံပေါင်း ၃၄ နိုင်ငံ၌ ရောဂါပိုးကူးစက်မှု  စံချိန်တင်မြင့်တက်လာခဲ့သည်။ အဆိုပါနိုင်ငံများတွင် ဥရောပ၊ အာဖရိကနှင့် အာရှတိုက်မှ နိုင်ငံများ ပါဝင်သည်။

ကမ္ဘာတစ်ဝန်းလုံးတွင်  ပြီးခဲ့သည့် ရက်သတ္တ တစ်ပတ်တည်းမှာပင် ရောဂါပိုး ကူးစက်ခံရသူ ၁၃ ဒသမ ၅ သန်းခန့်ရှိသောကြောင့် ယခင်ရက်သတ္တပတ်အတွင်း ဖြစ်ပွားသည့် ရောဂါပိုးကူးစက်ခံရသူ အရေအတွက်နှင့် နှိုင်းယှဉ်ပါက ၆၄ ရာခိုင်နှုန်းမြင့်တက်လာသည်ကို တွေ့ရသည်။ ရောဂါပိုး ကူးစက်မှုကြောင့် တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားသည့် လူသေဆုံးမှုနှုန်းမှာ ၃ ရာခိုင်နှုန်း ကျဆင်းလာခဲ့သော်လည်း ရောဂါပိုးကူးစက်မှုမှာ  သိသိသာသာ မြင့်တက်လာသည်။ ရောဂါပိုးကူးစက်မှု အလျင်အမြန် ပြန်လည်မြင့်တက်လာခြင်းသည် နိုင်ငံအများအပြားရှိ ကျန်းမာရေး စောင့်ရှောက်မှုစနစ်များကို   ထိခိုက်စေလျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ သတိပေး ထားသည်။ အိုမီခရွန်မူကွဲ ရောဂါပိုးကူးစက်ခံရခြင်းသည်  အခြားမျိုးကွဲများလောက် ပြင်းထန်မှုမရှိဟု ပညာရှင်များက ထုတ်ပြန်ထားသော်လည်း ကမ္ဘာ့နိုင်ငံအများအပြားသည် ရောဂါပိုးကူးစက်မှုကို လျှော့ချနိုင်စေရန် အတွက် လိုအပ်သည့်တုံ့ပြန်မှုများကို လုပ်ဆောင်လာကြပြီဖြစ်သည်။

ဗြိတိန်

    ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှု   ပြန်လည်မြင့်တက်လာစဉ်    ကျန်းမာရေး ဝန်ထမ်းအလုံအလောက် မရှိသောကြောင့် မြို့အတွင်းရှိ ဆေးရုံများသို့   လက်နက်ကိုင်တပ်ဖွဲ့မှ စစ်သည်များကို ဖြန့်ကြက်ခဲ့ရသည်။ ဗြိတိန်ဆေးတပ်မှ ဆရာဝန်များသည်  ရောဂါပိုးကူးစက် ခံလူနာများအား ပြုစုစောင့်ရှောက်ရေးတွင် ပါဝင်ကူညီသွားမည် ဖြစ်ပြီး အခြားတပ်ဖွဲ့ဝင်များက ကျန်းမာရေး ဝန်ဆောင်မှုများ ပေးအပ်ရာတွင် အကူအညီပေးသွားမည် ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။    ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍတွင်    အစိုးရက  လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား ဖြန့်ကြက် တာဝန်ပေးရခြင်းသည် အိုမီခရွန်မျိုးကွဲ ရောဂါပိုးကူးစက်မှုကြောင့် နိုင်ငံ၏ ကျန်းမာရေး ဝန်ဆောင်မှုကဏ္ဍအပေါ်သို့ ကျရောက်လာသည့် သက်ရောက်မှုကို မီးမောင်းထိုးပြလျက်ရှိသည်။ ဗြိတိန်နိုင်ငံ တစ်နိုင်ငံလုံးတွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းမှာပင် ရောဂါပိုးကူးစက်ခံရသူ ၁၈ဝဝဝဝ နီးပါးရှိသည်။ဆေးရုံများတွင် ကုသရေးဝန်ထမ်းများ အလုံအလောက် မရှိခြင်းကြောင့် ကြီးမားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောကြားထားသည်။

ဂျာမနီ

    ဂျာမနီနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုပြန်လည် မြင့်တက်လာခြင်းကြောင့် နိုင်ငံအတွင်း တင်းကျပ်သည့် ကန့်သတ်ချက်များ ပြန်လည်ချမှတ်ရန် ပြည်နယ် ၁၆ ခုရှိဝန်ကြီးချုပ်များက သဘောတူထားပြီးဖြစ်သည်။ ပြည်သူများ အနေဖြင့် စားသောက်ဆိုင်များနှင့် ဘားဆိုင်များသို့ ဝင်ရောက်ရန်အတွက် ရောဂါပိုး ကူးစက်ခံထားရခြင်း မရှိဟူသော  စစ်ဆေးချက်  သို့မဟုတ် အားဖြည့်ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်း သက်သေများကိုပြသရန် လိုအပ်မည်ဖြစ်သည်။ သို့ရာတွင် ရောဂါပိုး ကူးစက်ခံရခြင်း ရှိ၊ မရှိစောင့်ကြည့်သည့် အချိန်ကာလကိုမူ လျှော့ချရန် အာဏာပိုင်များက သဘောတူထားသည်။ ထို့ပြင် နိုင်ငံအတွင်းရှိ ပြည်သူများ အနေဖြင့် ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံရမည်ဟူသော ပြဋ္ဌာန်းချက်ကို ချမှတ်နိုင်ရန်အတွက် လွှတ်တော်၌ဆွေးနွေး၍ အတည်ပြုချက်ရယူရန်  စီစဉ်နေပြီဖြစ်သည်။

အိန္ဒိယ

    အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်းမှာပင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံကူးစက်ခံရသူ   ၁၁၇၁ဝဝ ရှိသောကြောင့် ယင်းပမာဏသည် တစ်ပတ်အတွင်းမှာပင် ငါးဆမြင့်တက်လာသည်။  ထို့ပြင် ရောဂါပိုး ထပ်မံကူးစက်ခံရသူ အရေအတွက်သည် တစ်နိုင်ငံလုံးတွင် ခုနစ်လအတွင်း ကူးစက်မှုအမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့သည်။ နိုင်ငံအတွင်း၌ ရောဂါပိုးထပ်မံ ကူးစက်မှုများ ဖြစ်ပွားနေသော်လည်း  ကာလကတ္တား တရားရုံးက ကြီးမားသည့် ပွဲတော်များကို ကျင်းပခွင့်ပြုခဲ့သည်။ ရောဂါပိုးကူးစက်မှု မြင့်တက်နေစဉ် ပွဲတော်များကို ကျင်းပခွင့်ပြုပါက ရောဂါပိုး ကူးစက်မှုကို ပိုမိုဆိုးရွားစေနိုင်သောကြောင့် ပွဲတော်များ ကျင်းပခွင့် ပိတ်ပင်ပေးရန် ဆရာဝန်များက တောင်းဆိုခဲ့သော်လည်း ဆရာဝန်များ၏ တောင်းဆိုချက်ကို လျစ်လျူရှု၍ တရားရုံးက ခွင့်ပြုခဲ့ ခြင်းဖြစ်သည်။တရားရုံး၏ ခွင့်ပြုချက်ကြောင့် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ပွဲတော်သို့ လူထောင်ပေါင်းများစွာ တက်ရောက်မည်ဟု မျှော်မှန်းရသည့်အပြင် ပွဲတော်ကျင်းပရက်ကိုလည်း ထပ်မံတိုးမြှင့်သွားနိုင်ဖွယ်ရှိသည်။

ဖိလစ်ပိုင်

    ဖိလစ်ပိုင်နိုင်ငံ၌ ဇန်နဝါရီ ၈ ရက်တွင် လူ ၂၆၄၅၈ ဦး ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံ ကူးစက်ခံခဲ့ရကြောင်း အစိုးရက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ထို့ကြောင့် နိုင်ငံအတွင်းရှိ ရောဂါပိုးကူးစက်ခံရသူ အရေအတွက်မှာ    လက်ရှိတွင် ၂ ဒသမ ၉၃ သန်း ကျော်သွားပြီဖြစ်သည်။ရောဂါပိုး ကူးစက်ခံရမှုကြောင့် သေဆုံးသူ ဦးရေမှာလည်း ၅၂ဝဝဝ ကျော်ပြီဖြစ်သည်။၎င်းတို့အနက် ၂၆၅ ဦးမှာ ဇန်နဝါရီ ၈ ရက်တွင် သေဆုံးခြင်းဖြစ်သည်။ဖိလစ်ပိုင်နိုင်ငံ၌    ၂ဝ၂၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင်    လူပေါင်း ၂၆၃ဝ၃ ဦး  ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ရောဂါပိုးကူးစက်မှု အမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့သည်။ သို့သော် ယင်းစံချိန်မှာ ယခုအခါချိုးဖျက်ခြင်း ခံလိုက်ရပြီဖြစ်သည်။

အာဖရိက

    အာဖရိကဒေသတွင်    ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုများ ပြန်လည် ဖြစ်ပွားခြင်းကြောင့် အီဂျစ်နှင့်ဂီနီတို့ကြား ကျင်းပမည့် အာဖရိကဖလား ဘောလုံးပြိုင်ပွဲကို ရွှေ့ဆိုင်းလိုက်ရသည်။  အီဂျစ်အသင်းတွင် ရောဂါပိုး ကူးစက်မှုများဖြစ်ပွားခြင်းကြောင့် အီဂျစ်အာဏာပိုင်များက ကင်မရွန်း အသင်းနှင့် ယှဉ်ပြိုင် ကစားပြီးနောက်ပိုင်းတွင် ပြိုင်ပွဲကို ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။အီဂျစ်အသင်းအနေဖြင့် လက်ရှိရင်ဆိုင်နေရသည့် စိန်ခေါ်မှုကို ကျော်လွှားနိုင်စေရေး အတွက် အတူတကွ ရင်ဆိုင်ကျော်ဖြတ်ရန် လိုအပ်ကြောင်း အသင်း၏ နည်းပြဖြစ်သူ   ကားလို့ကွေရော့က     ၎င်း၏တွစ်တာဝက်ဆိုက်တွင် ရေးသား ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စု

    အမေရိကန်ပြည်ထောင်စု၌  ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုကြောင့်  ဆေးရုံ တက်ရောက်၍ ဆေးကုသမှု ခံယူနေရသည့် လူဦးရေသည် ဇန်နဝါရီ ၇ ရက်မှစ၍မြင့်တက်လာသည်။   ရောဂါပိုး ထပ်မံကူးစက်ခံရသူ အရေအတွက်သည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလအတွင်းက ကူးစက်ခံရသည့် အရေအတွက်ထက် ပိုမိုများပြားလာဖွယ်ရှိသည်။ နိုင်ငံအတွင်း ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းမှာပင်  ရောဂါပိုး ထပ်မံကူးစက်ခံရသူ အရေအတွက်မှာ ၆၆၂ဝဝဝ ရှိသည်။    အမေရိကန်ပြည်ထောင်စုတွင် အဆိုပါ ကာလမတိုင်မီ သုံးရက်အလိုတွင် ရောဂါပိုး ကူးစက်ခံရသူဦးရေမှာ တစ်သန်းနီးပါးအထိ  မြင့်တက်လာသည်။ထို့ကြောင့်    ဂျိုးဘိုင်ဒင်အစိုးရက ဝန်ထမ်း ၁ဝဝ ကျော်ခန့်ထားသည့် ကုမ္ပဏီများ အနေဖြင့် ဝန်ထမ်းများအား ကာကွယ်ဆေးထိုးပေး၍   အပတ်စဉ် ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိ၊ မရှိစစ်ဆေးရန် ညွှန်ကြားချက် ထုတ်ပြန်မည်ဖြစ်သည်။