နွေနှမ်းစိုက်ပျိုးရန် တောင်သူများ နှမ်းနက် (စမုန်) မျိုးများ ပိုမိုဝယ်ယူ

နွေနှမ်းစိုက်ပျိုးရန် တောင်သူများ နှမ်းနက် (စမုန်) မျိုးများ ပိုမိုဝယ်ယူ

ဆောင်းနှမ်းများ ရိတ်သိမ်းမှု ပြီးစီးနေပြီဖြစ်ရာ နွေနှမ်းစိုက်ပျိုးရန် တောင်သူများ နှမ်းနက် (စမုန်) မျိုး များကို  ပိုမိုဝယ်ယူလျက်ရှိကြောင်း  မန္တလေးတိုင်း ဒေသကြီး ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးညွန့်ဝေ၏ ပြောဆိုချက်အရ သိရသည်။

ထိုသို့ဝယ်ယူရာတွင် နှမ်းနက် (စမုန်) တစ်တင်းလျှင် ငွေကျပ် ၇၃ဝဝဝ ဝန်းကျင်မှ ၈ဝဝဝဝ ဝန်းကျင် အထိ ဈေးနှုန်းရှိနေကြောင်း သိရသည်။

''ဈေးကောင်းရတဲ့ နှမ်းနက် (စမုန်) မျိုးတွေပြောင်းပြီး စိုက်တာများတယ်။   ဒါပေမဲ့    တချို့မြေတွေမှာ သွင်းအားစုစရိတ်နဲ့  ရေသွင်းစိုက်ပျိုးဖို့ မတတ်နိုင်ဘူး ဆိုရင် နှမ်းညိုတို့ ဘာတို့စိုက်ကြမှာပါ။ နှမ်းနက် (စမုန်) မှာလည်း   တိုင်ပတ်မျိုးနဲ့  ကိုင်းဖြာမျိုးဆိုပြီး   နှစ်မျိုး ရှိပါတယ်။  တောင်သူ အများစုကတော့  ဈေးပိုရတဲ့ တိုင်ပတ်မျိုးကို စိုက်ကြတယ်။  တချို့မြေတွေမှာတော့ တိုင်ပတ်မျိုးက   အထွက်နှုန်းမကောင်းဘူး''    ဟု ဦးညွန့်ဝေက ပြောသည်။

နှမ်းကို မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့၌ အဓိကစိုက်ပျိုး လေ့ရှိပြီး ဇန်နဝါရီလမှ မတ်လအတွင်း စိုက်ပျိုးလေ့ ရှိကြောင်း သိရသည်။

လတ်တလောတွင်    ပြည်ပဝယ်လိုအား နည်းနေသည့်အတွက် နှမ်းဈေးနှုန်းများ ကျဆင်းလျက်ရှိသော်လည်း တခြားသီးနှံများနှင့် နှိုင်းယှဉ်ပါက တွက်ခြေ ကိုက်သည့်အတွက် ပုံမှန်အတိုင်း စိုက်ပျိုးနိုင်ကြောင်း သိရသည်။

ဆီထွက်သီးနှံ အမျိုးအစားများတွင်   နှမ်းသည် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပြီး  နွေနှမ်းသည်  နှမ်းအထွက် အသေချာဆုံးနှင့် အထွက်နှုန်း အကောင်းဆုံး ဖြစ်သည့်အတွက်  တောင်သူများ   အားထားစိုက်ပျိုး လေ့ရှိကြောင်း သိရသည်။