တီးတိန်မြို့နယ်တွင် တစ်ဧကလျှင် တင်း ၄ဝ ထွက်ရှိသည့် ဂျုံ(မျိုးသစ်) ၇၁ ဧက စိုက်ပျိုးထား

တီးတိန်မြို့နယ်တွင် တစ်ဧကလျှင် တင်း ၄ဝ ထွက်ရှိသည့် ဂျုံ(မျိုးသစ်) ၇၁ ဧက စိုက်ပျိုးထား

ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် စိုက်ပျိုးရေး သုတေသနဦးစီးဌာနနှင့် ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းကာ တစ်ဧကလျှင် တင်း ၄ဝ ထွက်ရှိသည့် ဂျုံ (မျိုးသစ်) ၇၁ ဧက စိုက်ပျိုးထားကြောင်း ချင်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။

ယခု  ၂ဝ၂၁-၂ဝ၂၂  ဘဏ္ဍာနှစ်  ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ချင်းပြည်နယ်  တီးတိန်မြို့နယ် ဒေါ်လွန်အုပ်စု ဇိုနွမ်းဇန် ကျေးရွာ၌ တစ်ဧကလျှင် တင်း ၄ဝ ထွက်ရှိသည့် ရေဆင်း-၉၊ ရေဆင်း-၁ဝ  ဂျုံ (မျိုးသစ်) စိုက်ဧက ၇၁ ဧကကို တောင်သူ ၁၁ ဦးဖြင့် စိုက်ပျိုးထားခြင်း ဖြစ်သည်။

''တီးတိန်မြို့နယ်မှာ တောင်သူတွေနဲ့ ပူးပေါင်းပြီးတော့ ဂျုံ(မျိုးသစ်) ၇၁ ဧက စိုက်ပျိုးထားပါတယ်။ နောက်နှစ်ကျရင် အခုစိုက်ထားတဲ့ ဂျုံခင်းတွေက ထွက်လာတဲ့ မျိုးတွေကို ဆင့်ပွားလုပ်ပြီးတော့ ပြန်လည် စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ ဂျုံ(မျိုးသစ်) ၇၁ ဧက အောင်မြင်စေရေးအတွက် ယူရီးယား ဓာတ်မြေသြဇာ ၇၁ အိတ်ကိုလည်း တစ်ဧက တစ်အိတ်နှုန်းနဲ့ တောင်သူများ လက်ဝယ်အရောက် ဖြန့်ဖြူးပေးခဲ့ပြီး ဖြစ်ပါတယ်''ဟု ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်မျိုးဦးက ပြောသည်။

တီးတိန်မြို့နယ် ဒေါ်လွန်အုပ်စု  ဇိုနွမ်း ဇန်ကျေးရွာတွင် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်မှ ၁၈ ရက်အတွင်း ရေဆင်း-၉ ဂျုံ(မျိုးသစ်) ဧက ၃ဝ ကို လည်းကောင်း၊ ဒီဇင်ဘာ  ၂ဝ  ရက်မှ  ၂၃  ရက်အတွင်း ရေဆင်း-၁ဝ ဂျုံ (မျိုးသစ်) ဧက ၂ဝ နှင့်  ရေဆင်း -၁ဝ ဂျုံ (မျိုးသစ်) ၂၁ ဧကကို လည်းကောင်း  စုစုပေါင်း ဂျုံ(မျိုးသစ်) ၇၁ ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး ဂျုံစိုက်ဧကများ အောင်မြင်စေရေးအတွက် ယူရီးယားဓာတ်မြေသြဇာ ၇၁ အိတ်ကိုလည်း တစ်ဧက လျှင်  တစ်အိတ်နှုန်း  တောင်သူများထံ ဖြန့်ဖြူးပေးသည်။

ချင်းပြည်နယ်တွင် ဂျုံသီးနှံကို အများအပြား စိုက်ပျိုးလေ့မရှိသော်လည်း ဂျုံသီးနှံသည် ချင်းပြည်နယ်၏ ရာသီဥတုနှင့် ကိုက်ညီမှုရှိကာ ပြည်တွင်းဈေးကွက်လိုအပ်ချက် မြင့်မားသဖြင့် အလားအလာကောင်းသော အမယ်သီးနှံတစ်မျိုးဖြစ်ပြီး ဂျုံသီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်လာစေရေးအတွက် စိုက်ပျိုးရေး သုတေသနဦးစီးဌာနနှင့် ချင်းပြည်နယ်   စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။