ဘားအံမြို့နယ်၌ သီးထပ်အဖြစ် စိုက်ပျိုးသည့် တစ်နိုင်တစ်ပိုင် ဆောင်းမြေပဲ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ဘားအံမြို့နယ်၌ သီးထပ်အဖြစ် စိုက်ပျိုးသည့် တစ်နိုင်တစ်ပိုင် ဆောင်းမြေပဲ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့ လှိုက်ကျေးရွာ၌ မိသားစုတစ်နိုင်တစ်ပိုင် လယ်ယာမြေများတွင်    သီးထပ်အဖြစ် ဆောင်းသီးနှံဖြစ်သော မြေပဲများ စိုက်ပျိုး ထားရာ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း မြေပဲစိုက်တောင်သူ   ဦးအောင်ကိုကို၏ ပြောပြချက်အရ သိရသည်။

ဆောင်းမြေပဲများကို   အဖြူဆန်၊ အနီဆန်ဟူ၍  နှစ်မျိုးခွဲပြီး တန်ဆောင်မုန်း လဆန်းပိုင်းမှစတင်ကာ  စိုက်ပျိုးခဲ့ကြခြင်း ဖြစ်သည်။

မြေပဲတစ်ဧကလျှင် အပင်ရေတစ်သိန်း ကျော်  ဝင်ဆံ့အောင်  စိုက်ပျိုးကြသဖြင့် မြေပဲအနီတစ်ဧကလျှင် တင်း ၈ဝ နှင့် မြေပဲ အဖြူတစ်ဧကလျှင် တင်း ၁၂ဝ အထိ ထွက်ရှိကြောင်း၊ ဆောင်းမြေပဲများစိုက်ပျိုးပြီး ၁ဝ ရက်အကြာတွင် ပေါင်းသင်ခြင်းလုပ်ငန်း ဆောင်ရွက်ကြပြီး အပင်မှအပွင့်ပွင့်ချိန်တွင် ကျောက်မှုန့်မြေသြဇာအိတ်ဝက်ကို အပင် ခြေ၌ထည့်ကာ ဘောင်လုံးခြင်းများ ဆောင်ရွက်ကြကြောင်း၊ ကျောက်မှုန့်ထည့်သည့် အချိန် နောက်ဆုံး ပေါင်းရှင်းပြီး ကာလတွင်   အစိုဓာတ်ရရှိစေရန်   သတိပြုရကြောင်း သိရသည်။

ထို့ပြင်   မြေပဲပင်သည်  စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ တစ်ဧကလျှင် စိုက်ပျိုးစရိတ်  ငွေကျပ် ၁၅ဝဝဝဝ ခန့်ကုန်ကျပြီး ရောင်းချချိန်တွင် ငွေကျပ် ၁၂ သိန်းခန့်အထိ ရရှိသည့်အတွက်   တောင်သူများက မြေပဲကိုအများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။