ကျန်းမာချမ်းသာကြပါစေ

ကမ္ဘာတွင်ဖြစ်ပေါ်နေသောကိုဗစ်-၁၉ ရောဂါသည် မျိုးဗီဇအမျိုးမျိုးပြောင်းကာ လူသားတို့ကိုဒုက္ခ ပေးလျက်ရှိပြီး ကမ္ဘာလောကမှယနေ့တိုင် ပျောက်ကွယ်သွားခြင်းမရှိသေးပေ။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုရာခိုင်နှုန်းမှာ ၁ ရာခိုင်နှုန်းကျော်ကျော်သာရှိသည့်အတွက် ရောဂါနှင့်ပတ်သက်၍ ပူပင်သောကကြီးမားစွာထားရှိရန်မလိုတော့ပေ။ သို့သော်ကမ္ဘာ့နိုင်ငံအချို့တွင် ကိုဗစ်-၁၉ ရောဂါသည်အိုမီ ခရွန်ဟူသောအမည်ဖြင့် လူသားတို့ကိုကူးစက်နေပြန်သည်။ အိုမီခရွန်သည် ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ် နှင့်နှိုင်းယှဉ်ပါက အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးသူများတွင် ရောဂါမပြင်းထန်ကြောင်း တွေ့ရှိရသည်။ သို့သော်ယခုအခါ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်ကြောင့်သေဆုံးသူများကို တွေ့ရှိနေရသောကြောင့် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်အား မစိုးရိမ်ရသောဗိုင်းရပ်အဖြစ် သတ်မှတ် ၍မရတော့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲက ပြောဆိုထားသည်။

ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်မှာ သန်း ၃၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ဂျွန်ဟော့ပ်ကင်းစ် တက္ကသိုလ်မှ ထုတ်ပြန်ထားချက်အရသိရှိရသည်။ ကပ်ရောဂါတစ်ခု ကူးစက်ပျံ့နှံ့မှုရှည် ကြာလာသည်နှင့်အမျှ နောက်ထပ်မျိုးကွဲသစ်များ ပေါ်ပေါက်လာခြင်းနှင့်အတူ ရောဂါလက္ခဏာများ ကွဲပြားလာသည်။

ထို့အတူ လက်ရှိကာကွယ်ဆေးများ၏ ထိရောက်မှုအာနိသင်များလျော့နည်းလာခြင်း၊ ကုထုံးများ ပြောင်းလဲရခြင်းများ ရှိလာသည်။ ထို့ကြောင့်ရောဂါတစ်ခု ဖြစ်လာလျှင် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ထားရန် လိုအပ်ပါသည်။

ရောဂါကာကွယ်ရေးအတွက် ထိရောက်သောနည်းလမ်းမှာ ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းသာ ဖြစ်သည်။

ကမ္ဘာ့သတင်းတစ်ပုဒ်တွင် ပီရူးနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်မိဘမဲ့ဖြစ်ရသည့် ကလေးငယ်ပေါင်း တစ်သိန်းနီးပါးရှိကြောင်း တွေ့ရသည်။မိဘတစ်ဦးဦး သို့မဟုတ်အုပ်ထိန်းသူ ဆုံးရှုံးသွားရသည့် ကလေး ၉၈၀၀ နီးပါးရှိသည်ဟု ပီရူးအမျိုးသမီးရေးရာဝန်ကြီးက ပြောကြားကြောင်းဇန်နဝါရီ ၇ ရက်နေ့ သတင်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် အိုမီခရွန်ရောဂါပိုးတွေ့ရှိမှုနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနက ယူအေအီးနိုင်ငံဒူဘိုင်းမြို့မှ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသားလေးဦးတွင် ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ အဆိုပါ လေးဦးအနက်

တစ်ဦးသာလျှင် သာမန်ရောဂါလက္ခဏာတွေ့ရှိရပြီး ကျန်သုံးဦးမှာ ရောဂါလက္ခဏာ မတွေ့ရှိကြောင်းနှင့် အဆိုပါလေးဦးစလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားသောကိုဗစ်-၁၉ ရောဂါပိုးမှာ ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများ မှတစ်ဆင့် ကူးစက်ခြင်းဖြစ်၍ ပြည်သူများအနေဖြင့် မိမိကိုယ်ကို ကာကွယ်ခြင်းအား အထူးအလေးထားရမည် ဖြစ်သည်။

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံများမှကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည် ဝင်ရောက်လာသူများကို စဉ်ဆက်မပြတ် စစ်ဆေးချက်အရ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့တွင် အိုမီခရွန်ပိုး ထပ်မံတွေ့ရှိကြောင်း ထုတ်ပြန်ပေးထားပါသည်။ ဝင်ရောက်လာသူများအနက် ၁၂ ဦးတွင် မြန်မာနိုင်ငံသား ၁၁ ဦးနှင့် နိုင်ငံခြားသားတစ်ဦးဖြစ်ပြီး ယူအေအီးနိုင်ငံမှပြန်လာသူ ရှစ်ဦး၊ မလေးရှားနိုင်ငံမှ ပြန်လာသူသုံးဦးနှင့် အိန္ဒိယနိုင်ငံမှ ပြန်လာသူတစ်ဦးတို့တွင် အိုမီခရွန်ရောဂါပိုးတွေ့ရှိရခြင်း ဖြစ်သည်။

အိုမီခရွန်မျိုးကွဲသည် ကူးစက်မှုနှုန်းလွန်စွာ မြန်ဆန်မြင့်မားသော်လည်း ရောဂါပြင်းထန်မှု နည်းပါးခြင်းကြောင့် အလွန်အမင်း စိုးရိမ်ပူပန်ရန် မလိုကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပြီး ရောဂါဖြစ်ပွားမှုကို မျက်ခြည်မပြတ်စောင့်ကြည့်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားပါသည်။ အလွန်အမင်း စိုးရိမ်ရန်မလိုဟု ဆိုသော်လည်း ပြည်သူများအနေဖြင့် သတိတရားလက်ကိုင်ထား၍ ကာကွယ်နေရမည်သာ ဖြစ်သည်။ လူစုလူဝေးကို ရှောင်ရှားခြင်း၊ ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်း၊ မကြာမကြာ လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေခြင်း၊ ဈေးသို့သွားလျှင် နှာခေါင်းစည်းတပ် ထားသော ဈေးသည်ထံမှသာ ဈေးဝယ်ယူခြင်း စသည့် အချက်များကို သတိနှင့် ဆောင်ရွက်ပါက ရောဂါကူးစက်မှုအန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ် သည်။ ထို့ပြင်နှာခေါင်းစည်း မတပ်ဆင်ထားသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်းများကိုရှောင်ခြင်း၊ မိမိ နေအိမ်အခန်းများကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ထားခြင်းတို့ကို သတိပြုလိုက်နာ လုပ်ဆောင်ရမည် ဖြစ်သည်။ ထိုအခြေခံစည်းမျဉ်းများကို လူတိုင်းက လိုက်နာဆောင်ရွက်ကြမည်ဆိုလျှင် နောက်ထပ် မျိုးဗီဇကွဲများ မည်မျှပင်ပေါ်ပေါက် လာပါစေ အထူးဂရုစိုက်ရန် လိုမည်မဟုတ်တော့ပေ။

နိုင်ငံတော် အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းတွင် ကြုံတွေ့ခဲ့ရသော အခက်အခဲများကို သင်ခန်းစာယူ၍ နောက်တစ်ကြိမ်ကြုံခဲ့သော် လွယ်ကူစွာ ဖြေရှင်းနိုင်သည့် အနေအထားကို ကြိုတင်ပြင် ဆင်ထားပြီးဖြစ်ပါသည်။ ရောဂါကူးစက်မှုတွင် ကာကွယ်ဆေးမထိုးထားသူတို့မှာ ပိုမိုကူးစက်မြန် သည့်အတွက် နိုင်ငံတစ်ဝန်းလုံး ကာကွယ်ဆေးကို လွှမ်းခြုံထိုးနှံပေးလျက်ရှိပါသည်။  အနှစ်ချုပ်ဆိုရသော် လူတိုင်းကျန်းမာချမ်းသာကြပါစေဆိုသော ဆုတောင်းသည်လူတစ်ဦးချင်းက ကျန်းမာရေး အသိဖြင့် မိမိကိုယ်ကို ကြိုတင်ကာကွယ်ကြမှ ကျန်းမာချမ်းသာကြမည်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။    ။