သေနတ်ဈေးကွက်ကို လှုပ်ခတ်သွားစေမယ့် စမတ်သေနတ်များ

သေနတ်ဈေးကွက်ကို လှုပ်ခတ်သွားစေမယ့် စမတ်သေနတ်များ

ကိုယ်ပိုင်အမှတ် သညာပြုလုပ်ထားတဲ့ စမတ်သေနတ်များက အခုဆိုရင် အမေရိကန်လက်နက်ဈေးကွက်ကို ထိုးဖောက်ဝင်ရောက် လာပါတော့မယ်။

အခုလိုဈေးကွက်ကို ဝင်ရောက်လာတော့မယ့် အခြေအနေကို  ကြည့်ခြင်းအားဖြင့် တရားဝင် အသိအမှတ်ပြုထားတဲ့ အသုံးပြုသူများကသာ ပစ်ခတ်နိုင်စေမယ့် စမတ်သေနတ်များနဲ့ ပတ်သက်ပြီး နှစ်ပေါင်း ၂ဝ ကျော်ကြာ ထွက်ပေါ်ခဲ့တဲ့ လုံခြုံမှုဆိုင်ရာကိစ္စရပ်များက ဖြေရှင်းပြီးနိုင်ဖွယ ်ရှိပါတယ်။

ကုမ္ပဏီသက်  လေးနှစ်သာရှိသေးတဲ့ LodeStar  ကုမ္ပဏီဟာ ၉ မီလီမီတာပစ္စတို သေနတ်တစ်လက်ကို  ကုမ္ပဏီရှယ်ယာဝင်တွေနဲ့  ရင်းနှီးမြှုပ်နှံသူတ ွေရှေ့မှောက်မှာ မကြာသေးခင်က ထုတ်ဖော်ပြသခဲ့ပါတယ်။

အလားတူ SmartGunz  အမည်ရှိတဲ့ ကုမ္ပဏီကလည်း သူတို့ရဲ့ကုန်ပစ္စည်းဖြစ်တဲ့ စမတ်သေနတ်များကို တရားဥပဒေစိုးမိုးရေး အဖွဲ့များက စမ်းသပ် အသုံးပြုနေပြီလို့ ပြောထားပါသေးတယ်။

အဲဒီကုမ္ပဏီ နှစ်ခုစလုံးကတော့ သူတို့ရဲ့ စမတ်သေနတ်တွေကို  ဒီနှစ်အတွင်းမှာပဲ စီးပွားဖြစ်  အမြောက်အမြားထုတ်လုပ် သွားဖို့ရည်မှန်းထားကြပါတယ်။

အရင်တုန်းကဆိုရင် ကလေးငယ်တွေဟာ သူတို့မိဘတွေရဲ့သေနတ်တွေကို ယူဆော့ရာမှ မတော်တဆ ကျည်ပေါက်ထွက်ပြီး အသက်သေဆုံးရတဲ့ ရင်နင့်ဖွယ်ရာဖြစ်စဉ်တွေကို ကျွန်တော်တို့ကြားရလေ့ရှိပါတယ်။

နောင်တစ်ချိန်မှာ   ဒီလိုဖြစ်စဉ်တွေ ထပ်မဖြစ်လာစေဖို့အတွက် ရည်ရွယ်ပြီး အခုလို စမတ်သေနတ်တွေကို တီထွင်ဖန်တီးဖို့ စိတ်ကူးရတာဖြစ်တယ်လို့ LodeStar ကုမ္ပဏီပူးတွဲတည်ထောင်သူ ဂါးရက်ဂလေဆာက ပြောပါတယ်။

ဘာကြောင့်လဲဆိုရင် စမတ်သေနတ်တွေဟာ အသုံးပြုသူရဲ့ သက်သေခံ အချက်အလက်ကိုသာ တရားဝင် အသိအမှတ်ပြုပြီး အလုပ်လုပ်တာဖြစ်တဲ့အတွက် လူတိုင်းက သေနတ်မောင်းခလုတ်ကို    လာဆွဲနိုင်မှာ မဟုတ်လို့ပါပဲ။  ဒါဆိုရင်   အပေါ်ကလိုမျိုး ရင်နင့်ကြေကွဲဖွယ်ရာဖြစ်ရပ်တွေလည်း မဖြစ်လာနိုင်တော့ပါဘူး။

ဒါ့အပြင် သေနတ်ကို အသုံးပြုခွင့် မရှိသူကယူပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတာမျိုး လုပ်ဆောင်ခြင်းကိုလည်း လျော့ကျစေမှာပါ။

ဒါတင်မကသေးပါဘူး။   သေနတ်က ပျောက်ဆုံးသွားတယ် ဒါမှမဟုတ် အခိုးခံလိုက်ရတယ်ဆိုရင်လည်း အဲဒီသေနတ်ကို ဘယ်သူမှ အသုံးပြုနိုင်တော့မှာ မဟုတ်ပါဘူး။

ဒီလို အားသာချက်တွေရှိနေတဲ့  စမတ်သေနတ်တွေကို ပထမဆုံး ဝယ်ယူတဲ့သူတွေဟာ တစ်လက်ကို အမေရိကန်ဒေါ်လာ ၈၉၅ ဒေါ်လာနဲ့ရရှိမယ်လို့  LodeStar ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

LodeStar ကုမ္ပဏီကထုတ်လုပ်မယ့် စမတ်သေနတ်တွေထဲမှာ အလွန်သေးငယ်လှတဲ့ အီလက်ထရွန်နစ် ပစ္စည်းတွေထည့် သွင်းထားပါတယ်။

ဒီဟာတွေနဲ့ပတ်သက်ပြီး    နှစ်ပေါင်းများစွာကြာ စမ်းသပ်လုပ်ဆောင်မှုမှ ရရှိလာတဲ့ အချက်အလက်တွေအရ အဲဒီအီလက် ထရွန်နစ်ပစ္စည်းတွေဟာ  သေနတ်ထဲမှာ ကောင်းစွာနေရာတကျ တည်ရှိပြီး သူတို့ကို ထိခိုက်မှုမရှိစေဖို့ အကာအကွယ်တွေပေးထားပါတယ်လို့   ဂါးရက်ဂလေဆာက ဆိုပါတယ်။

အစောပိုင်းနှစ်တွေတုန်းက ထုတ်လုပ်ခဲ့တဲ့ စမတ်သေနတ်တွေဟာဆိုရင် လက်ဗွေစနစ်  ဒါမှမဟုတ် ရေဒီယိုကြိမ်နှုန်း အသိအမှတ်ပြုနည်းပညာကိုသာ အသုံးပြုခဲ့တာပါ။

ရေဒီယိုကြိမ်နှုန်း  အသိအမှတ်ပြုနည်းပညာ ဆိုတာကတော့ သေနတ်ထဲမှာရှိတဲ့ အီလက်ထရွန်နစ် အပြားလေးက အသုံးပြုသူရဲ့ လက်စွပ် ဒါမှမဟုတ် လက်ပတ်မှာရှိတဲ့ အီလက်ထရွန်နစ် အပြားလေးနဲ့ အပြန်အလှန်ချိတ်ဆက်ပြီးမှသာ   သေနတ်ကို ပစ်ခွင့်ပေးတာဖြစ်ပါတယ်။

အခု LodeStar ကုမ္ပဏီဟာ လက်ဗွေအသိအမှတ်ပြု နည်းပညာသာမက ဖုန်းရဲ့ အပလီကေးရှင်းကနေ သေနတ်ကို အသက်သွင်းနိုင်မယ့် အနီးဝန်းကျင် ဆက်သွယ်ရေးစနစ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် လျှို့ဝှက်နံပါတ်တွေ ရိုက်ထည့်ပြီး အသက်သွင်းနိုင်စေဖို့ နံပါတ်ရိုက်ထည့်တဲ့ဟာလည်း ပါဝင်ပါတယ်။

လက်ဗွေစနစ်က သေနတ်ကိုအချိန်တိုအတွင်း အသက်သွင်းနိုင်ပေမယ့် လက်က ရေစိုနေတာတို့၊  တခြားမမျှော်မှန်းနိုင်တဲ့ အခြေအနေတို့မှာဆိုရင် ဒီစနစ်ကို အသုံးမပြုနိုင်ပါဘူး။ ဒီအတွက်လျှို့ဝှက်နံပါတ်ရိုက်ထည့်တဲ့ စနစ်ကို အသုံးပြုနိုင်ပါတယ်။

နောက်တစ်ချက်က ဖုန်းမှာထည့်သွင်းထားတဲ့ အပလီကေးရှင်းကနေ တစ်ဆင့်လည်း သေနတ်ကို အသက်သွင်းနိုင်ပါသေးတယ်။

ဒါပေမဲ့ အဲဒီစနစ်ကိုတော့ အရန်အနေနဲ့သာ ထည့်ထားပေးတာပါ။

SmartGunz ကုမ္ပဏီကတော့ သူတို့ရဲ့ စမတ်သေနတ်တွေကို ဘယ်သူတွေ စမ်းသပ်အသုံးပြုနေတယ်ဆိုတာ ထုတ်ဖော်ပြောထားခြင်း မရှိပါဘူး။

သူတို့ကုမ္ပဏီထုတ် စမတ်သေနတ်တွေကတော့ ရေဒီယိုကြိမ်နှုန်း အသိအမှတ်ပြုစနစ်ကို  အသုံးပြုထားတာဖြစ်ပါတယ်။

SmartGunz   ကုမ္ပဏီအနေနဲ့  စံပြုပုံစံ တစ်မျိုးကိုဖန်တီးထားပြီး တရားဥပဒေ စိုးမိုးရေး အဖွဲ့တွေကို တစ်လက်လျှင် ၁၇၉၅ ဒေါ်လာနဲ့ အရပ်သားတွေကို တစ်လက်လျှင် ၂၁၉၅ ဒေါ်လာတို့နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

အခုအချိန်မှာ စိတ်ကူးယဉ်သိပ္ပံ ရုပ်ရှင်ကားတွေထဲက အရာတွေဟာ လက်တွေ့ကမ္ဘာမှာ အမှန်တကယ်ဖြစ်လာတဲ့အထိ ကို နည်းပညာတွေက တိုးတက်မြင့်မားလာနေပါပြီ။

ဒီလိုတိုးတက်လာချိန်မှာ   ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့အတွက်   အစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့   အသုံးပြုနိုင်တဲ့ သေနတ်များသည်လည်း  အဆင့်မြင့်မားလာတာ မျက်မြင်ကိုယ်တွေ့ပဲ ဖြစ်ပါတယ်။

လူတွေကလည်း သမားရိုးကျ အရာတွေထက် ဆန်းပြားတဲ့ အသစ်အဆန်းတွေကို ပိုမိုသဘောကျလေ့ရှိတာ သဘာဝပါပဲ။ အခု အခြေအနေမှာဆိုရင်လည်း သမားရိုးကျသေနတ်တွေထက် စမတ်သေနတ်တွေ ထွက်ပေါ်လာတာကို   အများစုကကြိုဆို ကြမှာပါ။

ဒါကြောင့် အခုလို အဆင့်မြင့်မားလာတဲ့ စမတ်သေနတ်တွေဟာ  လက်ရှိသေနတ် ဈေးကွက်ကိုတော့ အနည်းငယ် လှုပ်ခတ်သွားစေမှာ အမှန်ပါပဲ။