တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပ

တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပ

နေပြည်တော် ဇန်နဝါရီ  ၁၂

မြန်မာ့ဘောလုံး အားကစားလောက အဆင့်အတန်း တိုးတက် မြင့်မားလာစေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြှင့်တင်ရေး၊ ဒေသအသီးသီးရှိ တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရှိစေရန်နှင့် မျိုးဆက်သစ် ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂ဝ၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ဆက်လက်ကျင်းပလျက်ရှိရာ ယနေ့ ညနေ ၃ နာရီတွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊   ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

အုပ်စုပတ်လည် ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း ကွင်းအမှတ်(၁)၌ စစ်ကိုင်းတိုင်းဒေသကြီး အသင်းနှင့် ရခိုင်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရခိုင်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို   ၃ ဂိုး ၁  ဂိုးဖြင့် လည်းကောင်း၊    ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း ကွင်းအမှတ်(၃)၌ ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် တနင်္သာရီတိုင်း ဒေသကြီးအသင်းတို့  ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီး အသင်းက တနင်္သာရီတိုင်း ဒေသကြီးအသင်းကို ၁ဂိုး-ဂိုးမရှိဖြင့် လည်းကောင်း  အသီးသီး အနိုင် ရရှိခဲ့ကြသည်။

ယနေ့ပွဲစဉ်များတွင် Women of the match  ဆုရရှိခဲ့ကြသည့် ရခိုင်ပြည်နယ်အသင်းမှ  ကျောနံပါတ်(၁၇)မခင်ထက်ထက်စံနှင့် တနင်္သာရီတိုင်း ဒေသကြီးအသင်းမှ ကျောနံပါတ်(၁) နော်ထရယ်ဘယ်တို့  နှစ်ဦးအား  ဆုငွေကျပ် ၅ဝဝဝဝ စီကို တာဝန်ရှိသူများက   ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်၂၅ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ များ၏ ဇန်နဝါရီ ၁၃ ရက် အုပ်စုပတ်လည် ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ညနေ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း ကွင်းအမှတ်(၁)၌ မကွေးတိုင်း ဒေသကြီးအသင်းနှင့် မန္တလေးတိုင်း ဒေသကြီးအသင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း ကွင်းအမှတ်(၃)၌  ရှမ်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ပြီး ဘောလုံးဝါသနာရှင်များ အနေဖြင့်   အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။