တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်ရေး

ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးအနေဖြင့် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် လိုအပ်သလို ကြိုးပမ်းဆောင်ရွက်နိုင်သော အခွင့်အရေးများ ရှိကြပါသည်။ အချို့သောနိုင်ငံများက ထိုအခွင့်အရေးကိုတလွဲအသုံးပြုကာ အင်အားပြခြိမ်းခြောက်ခြင်း၊ အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုထိပါးခြင်းများပြုမူလုပ်ဆောင်လျက်ရှိသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အကြောင်းပြုပြီး အချုပ်အခြာ အာဏာပိုင်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက် ခြယ်လှယ်လိုမှုများကို တွင်ကျယ်စွာ တွေ့မြင်နေကြသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဟုတွင် ကျယ်စွာ အော်ဟစ်နေသော်လည်း အဆိုပါ အော်ဟစ်နေသော နိုင်ငံများမှာပင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ဆုံးရှုံးနေသည်။

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ပြည်ပအားကိုးပုဆိန်ရိုးများ ရှိနေခြင်းကြောင့် အနောက်နိုင်ငံအချို့၏စွက်ဖက်နှောင့်ယှက်ခြင်း ခံနေရသည်။ ပြည်ပစွက်ဖက်မှုမှာ မိမိတို့နိုင်ငံ၏ ကောင်းကျိုးကို လိုလားခြင်းဖြင့်စွက်ဖက်မှုမျိုးဆိုလျှင် ကြိုဆိုရမည် ဖြစ်သော်လည်း အလုံးစုံပျက်စီးရေးသို့ ဦးတည်နေသည့် စွက်ဖက်မှုမျိုးကိုမူ လုံးဝလက်မခံနိုင်ပါ။ မြန်မာနိုင်ငံအတွင်း ပေါ်ပေါက်နေသော အကြမ်းဖက် အဖွဲ့အစည်းဖြစ်သည့် NUG, CRPH နှင့် PDF တို့၏ အကြမ်းဖက်လုပ်ရပ်များသည် ကမ္ဘာကပင် လက်မခံနိုင်သည့် လုပ်ရပ်မျိုးဖြစ်သော်လည်း အဆိုပါနိုင်ငံအချို့က မသိကျိုးနွံပြုကာ အားပေးအား မြှောက် ပြုလျက်ရှိသည်မှာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးကို မျက်ကွယ်ပြုနေခြင်း ဖြစ်သည်။ ထိုနိုင်ငံတို့က တိုင်းတာနေသော ဒီမိုကရေစီဆိုသည်မှာ ၎င်းတို့လိုလားသော လက်ဝေခံအစိုးရတစ်ရပ် ပေါ်ပေါက် နေရေးသာ ဖြစ်သည်။ လွန်ခဲ့သည့် ငါးနှစ်တာကာလတွင် ပြည်ပအကြံပေး ၉၀ ကျော်ဖြင့် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမှာ ထင်ရှားသောသာဓကဖြစ်သည်။

မြန်မာနိုင်ငံတွင် စည်းကမ်းစနစ်ကျနစွာ ခိုင်ခိုင်ခံ့ခံ့ တည်ရှိနေသော တပ်မတော်တစ်ရပ် ရှိနေခြင်းကြောင့် မြန်မာ့အချုပ်အခြာအာဏာ မပျက်ယွင်းခဲ့ခြင်း ဖြစ်သည်။ မြန်မာ့ပြည်တွင်းရေးကို ထင်သလိုခြယ်လှယ်ခွင့်မပြုနိုင်သောအခါ မြန်မာနိုင်ငံပါဝင်သော အာဆီယံအသင်းဆီသို့ ဦးတည်၍ တိုက်ကွက်ဖော်လာပြန်ပါသည်။ အာဆီယံထိပ်သီး အစည်းအဝေးတွင် မြန်မာနိုင်ငံမှ အဆင့်မြင့်ခေါင်းဆောင်ကို ဖိတ်ကြားရမည် ဖြစ်သော်လည်း အဆိုပါ နိုင်ငံများ၏ စွက်ဖက်မှုကြောင့် မြန်မာနိုင်ငံမှ တက်ရောက်ရမည့် ကိုယ်စားလှယ်ကို အဆင့်များစွာ နှိမ့်ချဖိတ်ကြားခဲ့သည်။ မြန်မာနိုင်ငံမှ ရပိုင်ခွင့်ရှိသည့် အခွင့်အရေးကို တားဆီးခြင်းကြောင့် မြန်မာနိုင်ငံမှ ထိုအစည်းအဝေးကို တက်ရောက်ခြင်း မရှိခဲ့ပေ။ ထိုအခါ အာဆီယံ ၁၀ နိုင်ငံအစား ၉ နိုင်ငံဖြင့် ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ရသည်မှာ အာဆီယံ၏ မှတ်တမ်းတစ်ခု ဖြစ်ခဲ့ပါသည်။

အာဆီယံ ၁၀ နိုင်ငံကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ခိုင်မာသော အင်ပါယာတစ်ခုအဖြစ် မြန်မာနိုင်ငံ အနေဖြင့် တွေ့မြင်လိုသည်မှာ ဆန္ဒအမှန်ဖြစ်သည်။ ထို့ကြောင့် အလှည့်ကျ အာဆီယံဥက္ကဋ္ဌ ဖြစ်သော ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ကို မြန်မာနိုင်ငံသို့ အလုပ်သဘော လာရောက်ပါရန်  ဖိတ်ကြား ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်တို့သည် ဇန်နဝါရီ ၇ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ နှစ်နိုင်ငံသံတမန် ဆက်ဆံရေး၊ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ်နှင့် ကမ္ဘောဒီးယားနိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်နိုင်မည့် အခြေအနေ၊ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်နှင့်အညီ မြန်မာနိုင်ငံမှ ဆောင်ရွက်နေမှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ချမှတ်ထားသည့်ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပြီး မြန်မာပြည်သူများအတွက် လူသားချင်းစာနာ ကူညီပံ့ပိုးမှုများ ပေးအပ်ရာတွင် တကယ်လိုအပ်လျက်ရှိသည့် ပြည်သူများထံသို့ ခွဲခြားမှုမရှိဘဲ ပေးအပ်ရေးနှင့် လူ့အသက်ကယ်ဆယ်ရေးသည် အရေးကြီးဆုံး ဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် နှစ်ဖက်ခေါင်းဆောင်များက အသိအမှတ်ပြုခဲ့ကြသည်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ်သည် ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်ခြင်းနှင့် တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုသည်။

ရှင်းလင်းဆောင် အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်သည်။ ဗုဒ္ဓဘာသာသည် နူးညံ့သိမ်မွေ့သော ဘာသာတရားဖြစ်ပေရာ ကမ္ဘောဒီးယားနိုင်ငံ အပါအဝင် အာဆီယံ အသိုက်အဝန်း တစ်ခုလုံးမှာ အာဆီယံဥက္ကဋ္ဌ၏ စွမ်းဆောင်ချက်ဖြင့် စည်းလုံးညီညွတ်ခြင်း၊ ပြည်ပစွက်ဖက်မှုကို လက်မခံခြင်းတို့ဖြင့် အာဆီယံအသိုက်အဝန်း ကောင်းကျိုးကို ဦးတည်ဆောင်ရွက်မည် ဖြစ်သည့်အတွက် အာဆီယံ နိုင်ငံအားလုံးမှာ တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်ရန်သာ ရှိပါကြောင်း ရေးသား လိုက်ရပေသည်။  ။