လီဗာပူးအသင်းတွင် ဆက်လက် ကစားခွင့်ရရှိရန်မှာ အသင်း၏ ဆုံးဖြတ်ချက် အပေါ်တွင်သာ မူတည်နေသည်ဟု ဆာလက်ချ်ပြော

လီဗာပူးအသင်းတွင် ဆက်လက် ကစားခွင့်ရရှိရန်မှာ အသင်း၏ ဆုံးဖြတ်ချက် အပေါ်တွင်သာ မူတည်နေသည်ဟု ဆာလက်ချ်ပြော

လီဗာပူးအသင်း တိုက်စစ်မှူး    ဆာလက်ချ်က အသင်းတွင် ကစားရန်မှာ   မိမိပေါ်တွင် မူတည်နေခြင်းမရှိဘဲ အသင်း၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်နေသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

အသက် ၂၉ နှစ်အရွယ် ဆာလက်ချ်သည် ၂ဝ၁၇ ခုနှစ်က ရိုးမားအသင်းမှ  လီဗာပူးအသင်းသို့  ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး   လီဗာပူးအသင်းနှင့် အတူ ဘောလုံး ရာသီတိုင်းတွင် အကောင်းဆုံး ခြေစွမ်းပြလျက်ရှိပြီး အသင်းနှင့်  စာချုပ်သက်တမ်းမှာလည်း  ၁၈ လသာကျန်ရှိတော့သည်။

လီဗာပူးအသင်းက   စာချုပ်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် အဓိက ကစားသမားတစ်ဦးကို လက်မလွှတ်လိုသည့်အတွက် အစောပိုင်းကတည်းက သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း လုပ်ခလစာညှိနှိုင်းမှု အဆင်မပြေဖြစ်ပွားနေသည့်အတွက် ကြန့်ကြာနေ ခြင်းဖြစ်သည်။

လက်ရှိစာချုပ်အရ ဆာလက်ချ်အနေဖြင့် လီဗာပူး အသင်းတွင် တစ်ပတ်လုပ်ခ စတာလင်ပေါင် ၂ဝဝဝဝဝ သာရရှိနေသောကြောင့်   စာချုပ်သစ်အတွက် ဆာလက်ချ်က လုပ်ခလစာ တိုးမြှင့်လိုနေပြီး  လက်ရှိတွင် လုပ်ခလစာကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသော်လည်း    တစ်ပတ်လုပ်ခကို  စတာလင်ပေါင် ၅ဝဝဝဝဝ ခန့်အထိ အလိုရှိနေသောကြောင့်  စာချုပ်သစ်အတွက် ကြန့်ကြာနေခြင်းဖြစ်သည်။

ဆာလက်ချ်က ''ကျွန်တော် လီဗာပူးအသင်းမှာ ကစားခဲ့တာ ငါးနှစ်ကျော်ပါပြီ။ အသင်းပရိသတ်တွေကို ကျွန်တော်ချစ်ပါတယ်။ အသင်းပရိသတ်တွေကလည်း ကျွန်တော့်ကို ချစ်ခင်ကြတယ်ဆိုတာ သိပါတယ်။  ကျွန်တော့် အနာဂတ်အတွက် ဘယ်လိုအရာကိုမှ ကြိုပြောလို့မရပါဘူး။ အသင်းမှာ  ဆက်ရှိ၊ မရှိဆိုတာ ကျွန်တော်က ဆုံးဖြတ်ရမှာမဟုတ်ပါဘူး။ အသင်းဘက်က ဆုံးဖြတ်ရမှာပါ။  ကျွန်တော်မဖြစ်နိုင်တာ တောင်းဆိုထားတာ မရှိပါဘူး''ဟု ပြောသည်။