နိုင်ငံတကာဈေးကွက်ဝင် အရည်အသွေး ကောင်းမွန်သော ကော်ဖီများ ထုတ်လုပ်နိုင်ရေး ကော်ဖီထုတ်လုပ်နည်း အခြေခံသင်တန်း ဖွင့်လှစ်ရန် စီစဉ်ထား

နိုင်ငံတကာဈေးကွက်ဝင် အရည်အသွေး ကောင်းမွန်သော ကော်ဖီများ ထုတ်လုပ်နိုင်ရေး ကော်ဖီထုတ်လုပ်နည်း အခြေခံသင်တန်း ဖွင့်လှစ်ရန် စီစဉ်ထား

နိုင်ငံတကာဈေးကွက်ဝင် အရည်အသွေး ကောင်းမွန်သော ကော်ဖီများ ထုတ်လုပ်နိုင်ရေး ကော်ဖီထုတ်လုပ်နည်း အခြေခံသင်တန်းကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၌  ယခုလအတွင်း ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရသည်။

အဆိုပါသင်တန်းကို မြန်မာနိုင်ငံကော်ဖီ အသင်း၏ စီစဉ်မှုဖြင့် ဇန်နဝါရီ ၂၄ ရက်မှ ၂၇ ရက်အထိ Mandalay Coffee Group ကော်ဖီစက်ရုံ (MCG) ဒိုးကွင် အနီးစခန်း ပြင်ဦးလွင်မြို့၌ သင်ကြား ပို့ချမည်ဖြစ်သည်။

''ကော်ဖီထုတ်လုပ်တဲ့အခါ  လိုက်နာကျင့်သုံးဖို့ လိုအပ်တဲ့  စံလုပ်ထုံးလုပ်နည်းဆိုင်ရာ အသိပညာတွေ မျှဝေတာအပါအဝင် ကော်ဖီထုတ်လုပ်နည်းတွေနဲ့ ထွက်ကုန်တွေအကြောင်း လက်တွေ့သိရှိ ရင်းနှီးလာစေဖို့ ရည်ရွယ်ဖွင့်လှစ်တာ ဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံကော်ဖီအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သင်တန်းတွင် ကော်ဖီသမိုင်းကြောင်း၊ ကော်ဖီပြုပြင်စီရင် ထုတ်လုပ်ခြင်းအကြောင်း၊ ကော်ဖီအရည်အသွေး စတင်လာပုံ၊ ကော်ဖီ ထုတ်လုပ်မှုကို လွှမ်းမိုးနိုင်သော အချက်များ၊ ကော်ဖီသီးမှည့် တစ်လုံး၏   ရုပ်သွင်ပြင် လက္ခဏာများအကြောင်း၊ ကော်ဖီဆွတ်ခူး ရိတ်သိမ်းနည်းများနှင့် အကျိုးရလဒ်များ၊ ဆွတ်ခူးပြီးကော်ဖီကို နမူနာစစ်ဆေးခြင်းနှင့် အရည်အသွေး ထိန်းသိမ်းခြင်းများ၊ ကော်ဖီ အချိုဓာတ်တိုင်း ကိရိယာကိုင်တွယ်ပုံ၊  ရင့်မှည့်မှုတိုင်းတာ စစ်ဆေးနည်းများ၊  ကော်ဖီထုတ်လုပ်ပုံ နည်းလမ်းများကို  ကော်ဖီနှင့် ပတ်သက်၍   ပြည်တွင်းနှင့် နိုင်ငံတကာ အတွေ့အကြုံများ ရရှိထားသည့် ပညာရှင်က သင်ကြားမည်ဖြစ်သည်။

ယင်းသင်တန်းကို ကော်ဖီစတင် ထုတ်လုပ် ရောင်းချမည့်သူများ၊ ကော်ဖီ ထုတ်လုပ်နေသော်လည်း နည်းစနစ်တကျ ထပ်မံလေ့လာလိုသူများ၊ အဖွဲ့အစည်းသို့မဟုတ် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းအတွက်  ကော်ဖီထုတ်လုပ်လိုသူများနှင့်  ကော်ဖီထုတ်လုပ်မှုနည်းစနစ်နှင့်  ပြုလုပ်ပုံအဆင့်ဆင့်ကို  လေ့လာသင်ယူလိုသူများ တက်ရောက်သင့်ကြောင်း သိရသည်။