စည်းမျဉ်းဥပဒေများကို လေးစားလိုက်နာပါ

မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အစီအမံများအပေါ် လိုက်နာရန် ပျက်ကွက်ခဲ့သည့် အမေရိကန်နိုင်ငံသားနှစ်ဦးနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက် တစ်ရပ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ မြန်မာနိုင်ငံသို့ လေကြောင်းမှ ဝင်ရောက်ခဲ့ပြီး ဟိုတယ်ကွာရန် တင်းဝင်နေစဉ် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိထားသည့် အမေရိကန်သံတမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူတစ်ဦးနှင့် အမေရိကန်သံရုံးဝန်ထမ်းတစ်ဦးတို့ကို အမေရိကန်သံရုံးဝန်ထမ်းတစ်ဦးနှင့် အပေါင်းအပါတို့က မည်သည့်ခွင့်ပြုချက်မှမပါရှိဘဲ ဟိုတယ်သို့ လာရောက်၍ ပိုးတွေ့ရှိသူ အမေရိကန်နိုင်ငံသားနှစ်ဦးအား ၎င်းတို့အစီအစဉ်ဖြင့် ကုသမည်ဆိုကာ ပြန်လည် ခေါ်ဆောင်သွားခဲ့သည်။

မြန်မာနိုင်ငံရှိ သံရုံးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပြည်ပမှ ဝင်ရောက်လာနိုင်သည့် ဝင်/ထွက်ဂိတ်များ၊ ရေကြောင်း၊ လေကြောင်းဝင်ပေါက်များမှ လာရောက်မည့် ခရီးသွားများ အသွားအလာကန့်သတ်မှု၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများဆောင်ရွက်မည့်အစီအစဉ်နှင့် ထပ်မံဖြည့်စွက်ထားသည့် လုပ်ငန်းစဉ်ကြေညာချက်ကို ပေးပို့အသိပေးထားပြီးလည်း ဖြစ်သည်။ သံတမန်ဆက်ဆံရေးဆိုင်ရာဗီယင်နာကွန်ဗင်းရှင်းအပိုဒ် ၄၁ တွင် “အခွင့်အရေးများနှင့် ကင်းလွတ်ခွင့်များရရှိသူအားလုံးသည် မိမိတို့၏အခွင့်အရေးများနှင့် ကင်းလွတ်ခွင့်များကို မထိခိုက်စေဘဲ၊ လက်ခံသည့်နိုင်ငံ၏ တရားဥပဒေများနှင့် စည်းမျဉ်းဥပဒေများကို လေးစားရန် တာဝန်ရှိကြသည်။ ထို့ပြင် ၎င်းတို့သည် ထိုနိုင်ငံ၏ ပြည်တွင်းရေးရာ ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်လည်း တာဝန်ရှိသည်” ဟု ဖော်ပြထားပါသည်။

ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို ခေါ်ဆောင်သွားမှုက ဥပဒေချိုးဖောက်မှု ဖြစ်သကဲ့သို့ မြန်မာပြည်သူတို့ ကြိုးပမ်း ဆောင်ရွက်နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ် တားဆီးထိန်းချုပ်ရေး လုပ်ငန်းများနှင့် ပြည်သူ့ကျန်းမာရေးတို့ကို အလေးအနက်မပြုမှု၊ ဆိုးရွားစွာထိခိုက်စေမှုလည်း ဖြစ်သည်။ သံတမန်ဆက်ဆံရေးဆိုင်ရာဗီယင်နာကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက်များကို ချိုးဖောက်ခြင်းဖြစ်သည်။ သာမန်လူတို့သည်ပင် မိမိတို့၏အဆင့်အတန်းလျော်ညီစွာပြုမူဆက်ဆံနေထိုင်ကြရသည်ဖြစ်ပေရာ နှစ်နိုင်ငံ ချစ်ကြည်ရေး တာဝန်ထမ်းဆောင်ရသူ သံတမန်များ အနေဖြင့်ကား မိမိတို့၏ အဆင့်အတန်းနှင့် လျော်ညီစွာ နေထိုင်ကျင့်သုံးခြင်းကို ပိုမိုအလေးထားရမည် ဖြစ်ပါသည်။

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း သန်း ၃၀၀ ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

ဗီဇပြောင်းကိုဗစ်-၁၉ အိုမီခရွန်ကူးစက်မှုကြောင့် ကမ္ဘာ့နိုင်ငံအချို့တွင် နေ့စဉ်ကူးစက်ပျံ့နှံ့မှုစံချိန်တင်မြင့်မားလျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုမှာပင် နေ့စဉ်ကူးစက်မှုနှင့် အပတ်စဉ်ကူးစက်မှုနှုန်းတို့ စံချိန်တင် လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံ ဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ ၆၁ သန်းကျော်တွေ့ရှိထားကြောင်း၊ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအများဆုံးဖြစ်ကြောင်း နိုင်ငံတကာသတင်းများတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း၌ ခြိမ်းခြောက်နေသည့် အိုမီခရွန်ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ ဖြစ်ပွားမှုကို မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။ ပြည်ပနိုင်ငံအသီးသီးမှ ပြန်လည်ဝင်ရောက်လာသူများကို အသွားအလာကန့်သတ်မှုနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုတို့ ပြုလုပ်သည့်အစီအစဉ်အရ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲအိုမီခရွန်ကူးစက်ခံထားရသူများကို ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသည့်စံသတ်မှတ်ချက်များနှင့်အညီ သတ်မှတ်ထားသည့်အစိုးရဆေးရုံ၊ ပုဂ္ဂလိကဆေးရုံများတွင် တက်ရောက်ကုသမှုခံယူကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုကာကွယ်ရေးဆောင်ရွက်ချက်များသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ သတ်မှတ်ပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်နေခြင်း ဖြစ်ရာ သံတမန်များအနေဖြင့် သံတမန်ကင်းလွတ်ခွင့်ကို မထိခိုက်စေဘဲ မြန်မာနိုင်ငံ၏ ဥပဒေများကို လေးစားကြရမည်ဖြစ်သည်။ မိမိတို့၏အပြုအမူကြောင့် လူ့အဖွဲ့အစည်းတစ်ရပ်အတွင်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေမျိုးကို ရှောင်ရှားရမည် ဖြစ်သည်။

မြန်မာနိုင်ငံသည် နိုင်ငံတိုင်းနှင့် သံတမန်ဆက်သွယ်ဆောင်ရွက်လျက် ရှိရာတွင် သံကောင်းတမန်ကောင်း ကျင့်ဝတ်ဂုဏ်သိက္ခာနှင့် ညီညွတ်စွာ ပြုမူဆောင်ရွက်လျက် ရှိပါသည်။ သံတမန်များ၏ လုပ်ငန်းတာဝန်များတွင် လက်ခံသောနိုင်ငံ၏ဥပဒေဘောင်အတွင်းမှ စေလွှတ်သည့် နိုင်ငံနှင့်ယင်းနိုင်ငံသားတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်၊ နှစ်နိုင်ငံချစ်ကြည်ရေးတိုးတက်ကောင်းမွန်ရေးအတွက်ဆောင်ရွက်ပေးရန် ဟူသောအချက်များပါရှိပါသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲအိုမီခရွန်ကို မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုနေချိန်တွင် ဆင်ခြင်တုံတရားပြည့်ဝသည့်အပြုအမူနှင့်ကောင်းမြတ်သည့်စိတ်နှလုံးတို့ဖြင့် ပူးပေါင်းဆောင်ရွက်သင့်ပါသည်။ မြန်မာနိုင်ငံအနေဖြင့်ကား မည်သူတရားပျက်ပျက် မြန်မာတို့မပျက်ဘဲ နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးကိုသာ ရှေးရှုဆောင်ရွက်နေချိန်တွင် သံတမန်များအနေဖြင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းအတိုင်း ပြုမူဆောင်ရွက်ကြရန် ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။   ။