မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၀ ခုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၉ ခု ခွင့်ပြုပေးခဲ့

နေပြည်တော်   ဇန်နဝါရီ  ၁၄

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရုံးအမှတ် ၁၈၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့်   ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

အစည်းအဝေးမှ ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅ ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင်    မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သတ္တုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများ၌ လုပ်ငန်းသစ် ၁၀ ခုကို ခွင့်ပြုခဲ့သည်။ အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၄၁ ဒသမ ၇၉ သန်းနှင့် ငွေကျပ် ၈၀၆၀၆၆ ဒသမ ၅၉၅ သန်း ရှိပြီး ပြည်တွင်းလုပ်သား များအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၆၄၆ နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။

ယခုအစည်းအဝေး၌  ခွင့်ပြုခဲ့သည့် လုပ်ငန်းများတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ထားသည့် ကဏ္ဍများဖြစ်သော မွေးမြူရေး၊ ရေလုပ်ငန်းကဏ္ဍများနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းကဏ္ဍများ ပါဝင်သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ  မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမှုအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၉ ခုက  စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၇၉ ဒသမ ၃၉၅ သန်း ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လုပ်ငန်းပေါင်း ၂၀ ခုက စုစုပေါင်း ငွေကျပ် ၁၀၄၈၀၂၉ ဒသမ ၂၁၅ သန်းဖြင့်လည်းကောင်း  ခွင့်ပြုခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း   ၁၂၇၄၇ ခု ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။