သာယာဝပြော၍ စည်းလုံးညီညွတ်မှုရှိရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တွင် ငြိမ်းချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကိုတည်ဆောက်လျက်ရှိရာ တိုင်းရင်းသား လူမျိုးအားလုံးက အမျိုးသားရေးစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ တိုင်းပြည်ကောင်းကျိုး ဆောင်ရွက်ကြရန် အရေးကြီးသော အချိန်ကာလ ဖြစ်ပါသည်။ မြန်မာတိုင်းရင်းသား အားလုံးတို့သည် ဓလေ့ထုံးတမ်းစဉ်လာများနှင့် အမျိုးသားရေးစရိုက်လက္ခဏာများကို အစဉ်လေးစား တန်ဖိုးထားကြသူများ ဖြစ်ပါသည်။ အမျိုးသားရေး လက္ခဏာနှင့် အမျိုးသား ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ခြင်းဖြင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် ကောင်းကျိုးများစွာ ရရှိနိုင်မည် ဖြစ်ပါသည်။

နယ်မြေဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နယ်မြေတည်ငြိမ် အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ ထိရောက်အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ငြိမ်းချမ်းရေး၏ အရသာကို သိရှိခံစားခဲ့ကြပြီး ဖြစ်သော ဒေသအတွင်းနေထိုင်ကြသည့် တိုင်းရင်းသားတို့မှာ ယခုအချိန်တွင်လည်း ငြိမ်းချမ်းရေးကို အလွန်တောင့်တနေကြပြီ ဖြစ်သည်။ အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်နေသူများ၊ အားပေးနေသူများ မိမိတို့နေထိုင်ရာ ဒေသတွင် ရှိနေခြင်းကို လုံးဝမလိုလားကြတော့ပေ။ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို အမြန်ဆုံး ရရှိရန်မှာ ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်မှ အောင်မြင်မည့်ကိစ္စရပ်လည်း ဖြစ်ပါသည်။

နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကိုကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအားကောင်းလာစေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ အေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးတို့ပင် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် တိုင်းရင်းသား ညီနောင်အားလုံးတို့အတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက် အလေးထား ဆောင်ရွက်ပေးလျက်ရှိပါသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်စေရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ သက်ဆိုင်သူများ အနေဖြင့် သဘောထားမှန်ကန်ကြပြီး တူညီသောစိတ်ဆန္ဒများရှိရန်လိုအပ်ပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မထိခိုက်စေရန် တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပါဝင်သက်ဆိုင်သူ အားလုံးကလည်း အကြမ်းဖက်လုပ်ရပ်များ၊ အဖျက်အမှောင့်လုပ်ရပ်များ၊ ပြည်တွင်းပြည်ပ ပယောဂများ၊ မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုများနှင့် အကြောင်းအမျိုးမျိုးကြောင့် NCA ငြိမ်းချမ်းရေးလမ်းကြောင်းမှ သွေဖည်သွားမည်ဆိုပါက ထိုဒေသအတွက် ဆိုးကျိုးများသာ ဖြစ်ပေါ်စေလိမ့်မည်။ နိုင်ငံတော်တွင် တည်ငြိမ်အေးချမ်းမှုမရှိပါက ဆက်လက်လုပ်ဆောင်ရမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတို့မှာ အလှမ်းဝေးနေဆဲဖြစ်နေမည်ကို အထူး သတိပြုသင့်ပါသည်။ နိုင်ငံ၏ကောင်းကျိုးကို ဆောင်ရွက်ကြရာတွင် တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်းဖြင့် ဆောင်ရွက်၍မရနိုင်ဘဲ တိုင်းရင်းသားပြည်သူအားလုံး၏ အမျိုးသားရေး စိတ်ဓာတ်ကို အခြေခံသော ပေါင်းစုအင်အားဖြင့် တက်ညီလက်ညီ ဆောင်ရွက်ကြမှသာ ပြည်သူများ ကောင်းကျိုးချမ်းသာကို ခံစားကြရမည် ဖြစ်သည်။

နိုင်ငံတော်အစိုးရသည် တစ်နိုင်ငံလုံးဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊လျှပ်စစ်ဓာတ်အားရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး စသည့် စီမံချက်များချမှတ်ပြီး လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေမည့်ကဏ္ဍအားလုံးကို ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါသည်။ နိုင်ငံတော်နှင့် နိုင်ငံသားများ ကောင်းကျိုးအတွက် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များအတိုင်း ဆက်လက် ဆောင်ရွက်ရာတွင် မည်သည့် အခက်အခဲ၊ အကျပ်အတည်း၊ စိန်ခေါ်မှုမျိုးကိုမဆို တိုင်းရင်းသားများ၏ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသည့် မျိုးချစ်စိတ်ဓာတ်ဖြင့် ခိုင်ခိုင်မာမာ ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသော နိုင်ငံတော်အစိုးရကို ဆန့်ကျင်လျက်ရှိသော အကြမ်းဖက် အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှု၊ အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုများ၏ အန္တရာယ်ကိုလည်း တိုက်ဖျက်ချေမှုန်းလျက်ရှိရာ တိုင်းရင်းသား ပြည်သူများက လုံခြုံရေး တပ်ဖွဲ့များနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အထူးလိုအပ်ပါသည်။ သို့ဖြစ်ရာ ယနေ့အချိန် ကာလသည် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေလိုအပ်သော တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နေသည့် အချိန်အခါဖြစ်ရာ NCA တွင် ပါဝင်လက်မှတ် ရေးထိုးရန်ကျန်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်များအားလုံးက NCA တွင် ပါဝင်လက်မှတ် ရေးထိုးခြင်း၊ ပြည်သူလူထုတစ်ရပ်လုံးကလည်း အကြမ်းဖက်အဖျက်သမားတို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်အတူ ဖော်ထုတ် ရှင်းလင်းခြင်းများ ဆောင်ရွက်ကြမည်ဆိုပါက မြန်မာနိုင်ငံသည် သာယာဝပြော၍ စည်းလုံးညီညွတ်မှုရှိသော နိုင်ငံဖြစ်လာမှာ အမှန်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။  ။