ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် ၎င်းတို့ ဖြတ်သန်းခဲ့ကြသည့် သမိုင်းကြောင်း ကိုယ်စီရှိကြပေသည်။ အချိန်ကာလတို့၏ မရပ်မနား ပြောင်းလဲနေခြင်းနှင့်အတူ နိုင်ငံတိုင်း၏ ခေတ်စနစ် တို့သည်လည်း အစဉ်ပြောင်းလဲနေမည်သာ ဖြစ်ပါသည်။ သို့ရာတွင် အတိတ်တွင်ကျန်ခဲ့ပြီ ဖြစ်သော သမိုင်းကြောင်းကို မည်သူမျှ ပြောင်းလဲနိုင်စွမ်းမရှိပေ။ မူလအတိုင်းပင် တည်ရှိနေပေလိမ့်မည်။ ထိုသို့ ပကတိအတိုင်းတည်ရှိနေသော သမိုင်းကြောင်းတို့သည် နိုင်ငံတစ်ခု၏ ပစ္စုပ္ပန်နှင့် အနာဂတ်အတွက် လက်ဆုပ်လက်ကိုင်မပြနိုင်သော စွမ်းအားများစွာ ကိန်းအောင်းတည်ရှိရာ နေရာများသာ ဖြစ်ပါသည်။
သမိုင်းကြောင်းထဲရှိ လက်ဆုပ်လက်ကိုင်မပြနိုင်သည့် စွမ်းအားများအနက် နိုင်ငံတစ်နိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်သည့် စွမ်းအားမှာ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးပင် ဖြစ်မည် ထင်ပါသည်။
သို့ရာတွင် သမိုင်းကြောင်းကိုကျေညက်စွာ ဖတ်ရှုလေ့လာ သိရှိထားမှသာ မိမိတို့၏ ဘိုးဘွားစဉ်ဆက်အကြောင်းကို ကောင်းစွာသိရှိပြီး မှန်ကန်သည့်မျိုးချစ်စိတ်ဓာတ် ရရှိနိုင်ပေလိမ့်မည်။ မိမိအမျိုးအကြောင်း မသိပါဘဲနှင့် အမျိုးချစ်သည်ဟူ၍ မဖြစ်နိုင်ပါ။ အမျိုးချစ်သည် ဆိုဦးတော့ မျက်ကန်းမျိုးချစ်ဟုသာ ဆိုရပေမည်။
သမိုင်းကြောင်းကို ကောင်းစွာလေ့လာခြင်းအားဖြင့် မိမိတို့ ဘိုးဘွားများ၏ ဇာတိသွေး ဇာတိမာန်၊ စိတ်ဓာတ်၊ သတ္တိဗျတ္တိ၊ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာတရား၊ အတွေးအခေါ်၊ အယူအဆနှင့် အစဉ်အလာတို့ကို ကြည်လင်ပီပြင်စွာ သိမြင်ခွင့်ရရှိကြမည် ဖြစ်ပါသည်။ ထိုသို့ အသိမှန်မှ အမြင်မှန်မည်ဖြစ်ပြီး စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်ကို ဧကန်ရရှိနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်၍ သမိုင်းကြောင်းသည် လူကြီးလူငယ်မရွေး ဖတ်ရှုလေ့လာသိရှိထားရမည့် ဘာသာရပ်တစ်ခုဖြစ်နေပါသည်။ ထိုအသိတို့ကို လက်ဆင့်ကမ်းမျှဝေကြရမည့် တာဝန်လည်း ရှိပါသည်။
တစ်ဖန် မျိုးချစ်စိတ်ဓာတ်ဟူသည် စိတ်၏သဘော သဘာဝသာဖြစ်၍ စိတ်တွင်ကိန်းအောင်းနေသည့်တိုင် အကြောင်း မတိုက်ဆိုင်လျှင် မရှိသည့်အလား ငြိမ်ချက်သားကောင်းနေပေလိမ့်မည်။ ထို့ပြင် အမျိုး၏ ချစ်စရာ၊ ဂုဏ်ယူစရာ အကြောင်းတို့ကို မသိ၍ အမျိုးချစ်ရကောင်းမှန်း မသိသူလည်း ရှိပေလိမ့်မည်။ သို့ဖြစ်၍ သမိုင်းကြောင်းထဲက မိဘဘိုးဘွားအမျိုးများ၏ ချစ်စရာ၊ ဂုဏ်ယူစရာ၊ အတုယူစရာအကြောင်းအရာတို့ကို စိတ်နှလုံးအတွင်းသို့ မျိုးစေ့သဖွယ်ချပေးရပေလိမ့်မည်။
မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်နေစေရေးအတွက် အပင်တို့ကို ရှင်သန်ကြီးထွားအောင် မြေတောင်မြှောက် ပေါင်းသင်ပြုလုပ် ပေးရသကဲ့သို့ အစဉ်နှိုးဆွပေးနေရမည်လည်း ဖြစ်ပါသည်။
မိမိအနေနှင့်ရှည်လျားလှသည့် မြန်မာ့သမိုင်းကြောင်းထဲက ဂုဏ်ယူလေးစားအားကျစရာ အပိုင်းအစလေးနှစ်ခုကို ကောက်နုတ်ဖော်ပြ မျှဝေပေးလိုပါသည်။ ထိုရာဇဝင် အပိုင်းအစလေးများကို ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်းအားဖြင့် အကြောင်းအရာ၊ အဖြစ်အပျက်၊ မြန်မာတို့၏စိတ်ထား၊ ဂါရဝတရား၊ သတ္တိဗျတ္တိ၊ သေနင်္ဂဗျူဟာနှင့် စာပေအရေးအသား တို့အပြင် အရေးအကြီး ဆုံးဖြစ်သည့် မျိုးချစ်စိတ်ဓာတ်တို့ကို တွေ့မြင်ရမည် ဖြစ်ပါသည်။
ဂါမဏိနှင့်စီးချင်းထိုးသည့် သမိန်ပရမ်း
ချိန်းချက်သည့် နေ့စေ့လျှင် သမိန်ပရမ်းကို ဘုရင်မင်းခေါင် သုံးသပ်၍မိန့်တော်မူ၏။ သူရဲအမှူးအမတ်တွင် တန်ခိုးသတင်း အရဲအရင့်နှလုံးကြီးဝမ်းကြီး ကြားသည်နှင့် ညီလှပေသည်ဟု မိန့်တော်မူ၏။ ဘုရင်မင်းခေါင်သည် သမိန်ပရမ်းကို စီးတော်မူသော ပတ္တမြားက၊ လက်သုံးတော်ပတ္တမြားဓားကို ပေးတော်မူသည်။ ယင်းသောအခါ သမိန်ပရမ်းကို ငါ့သား၊ သည်တစ်ခါကို မြဲမြံအောင်နှလုံးပြုပါ မိန့်တော်မူသည်။ သမိန်ပရမ်းလည်း နိုင်စိမ့်မည်၊ ကျွန်ုပ်အဖို့ထားဟူ၍ အာမခံ၏။ ခြင်းတစ်လုံးကိုမြင်းတွင်ဆွဲ၍ ကျွန်ုပ်ထိုး၍ကျလျှင် ခေါင်းကိုချွန်းနှင့် ချိတ်ငင်ဖြတ်၍ယူမည်၊ ချိတ်စရာချွန်းနှင့် ဆွဲစရာခြင်း ပေးတော်မူပါဟူ၍ လျှောက်၏။ သမိန်ပရမ်းလည်း ဘုရင်မင်းခေါင်ကို ဦးခိုက်၍ ထွက်မည်ပြု၏။ တိုင်းတစ်ပါးဘာသာတတ်သူတို့ကို ဝန်းရံစေ၍ ထွက်ရ၏။ မြို့ထက်ကလည်း ရှင်လူပြည့်မျှ ကြည့်ကြကုန်၏။
သမိန်ပရမ်းလည်း မြင်းနီမန်ကျည်းစေ့ကိုစီး၍ ရွှေတံခါးကထွက်သည်ကိုမြင်လျှင် ဂါမဏိလည်း မြင်းနီကြီးကို ရွှေကတင်၍၊ တပ်ကသည်မြင်၍ ရွှေတံခါးပြင် ကျုံးနားတိုင်အောင်လာ၏။ ယင်းတွင်မှ သမိန်ပရမ်းနှင့် ဆိုင်၍ စကားပြောကြ၏။ ငါတို့နှစ်ယောက် အမှူးအမတ်သူရဲကောင်းဖြစ်ကြသည်။ ခြေကာ၊ လက်ကာ၊ စနောင့်စနင်းမပြုနှင့် အများကြည့်ကြပါစေဟုဆို၏။ ယင်းသို့မှ သမိန်ပရမ်းလည်း ကိုယ်ကိုချုံ့၍ မြင်းအလျင်စီးသည်၊ ဂါမဏိလည်းတု၍လည်းကောင်း စီး၏။
သမိန်ပရမ်းလည်း ရပ်၍စီးပြန်၏။ ဂါမဏိလည်း တု၍စီးပြန်၏။ သမိန်ပရမ်းလည်း လက်နှစ်ဖက်ဆန့်၍ စီးပြန်၏။ ဂါမဏိလည်း တု၍စီးပြန်၏။ ယင်းသို့စီးရာတွင် ချပ်တစ်ဖက်ကြိုးပြတ်သည်ကို သမိန်ပရမ်းမြင်လျှင်ဆို၏။ ငါတို့နှစ်ယောက်စီးကြသည် သုံးကြိမ်စေ့ပြီ၊ ယခုသော်ကား ရကြအောင် ပြုတော့ကြမည်ဆိုလျှင် သမိန်ပရမ်းလှံကို နောက်ထား၍ လက်တစ်ဖက်ဆန့်၍စီးသည်။ ဂါမဏိလည်း လက်ကိုဆန့်၍ လိုက်၏။ သမိန်ပရမ်းလည်း အပါးသို့ ရောက်လျှင် မြင်းကိုရုတ်ခြည်းလှည့်၍ လက်ယာကိုပတ်ပြီးသော် ဂါမဏိလည်း ဓားကိုမြှောက်၍ ခုတ်မည်မိုးရာတွင် ဆန့်သည့် လက်အောက်ချပ်ကြိုးပြတ်၍ နံစပ်အသားလေးသစ်ခန့်မျှလပ်သည်ကို ထိုးမိလျှင် လက်ဝဲမှသည် လက်ယာသို့ပေါက်၍ ကျလေ၏။
သမိန်ပရမ်းလည်း ချွန်းနှင့်ချိတ်၍ ဂါမဏိအကောင်ကို ငင်ပြီးလျှင် ခေါင်းကိုဖြတ်ပြီး ခြင်းတွင်းသို့ထည့်ကာ မြို့တွင်းသို့ဝင်ခဲ့၏။
တိုင်းတစ်ပါးသားတို့လည်း လူမဟုတ်ပြီ နတ်ကဲ့သို့ ဖြစ်ပလေသည်ဟူ၍ အံ့သြကုန်၏။ ဘုရင်မင်းခေါင်လည်း အားရတော်မူ၍ ဆုလာဘ်များစွာ ပေးပြီးလျှင် တရုတ်ရာဇသူ သမီးငယ်နှင့် စုံဖက်တော်မူ၍ မင်းညီမင်းသားတို့ အဆောင်အယောင်အကုန်နှင့် လယ်ကိုင်းမြို့ကို ပေးတော်မူ၏။ ပြည်သူအပေါင်းတို့လည်း များစွာသော ဆုလာဘ်ပေးကြကုန်၏။ အထက်ပါဖော်ပြချက်သည် မြန်မာသက္ကရာဇ် ၇၇၆ ခုနှစ် အင်းဝဘုရင်မင်းခေါင်လက်ထက်တွင် တိုင်းတစ်ပါးအရေးကြုံ ကြိုက်သည့်အခိုက် မြန်မာသူရဲကောင်းတစ်ဦး၏ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက် စီးချင်းထိုး၍ စွန့်လွှတ်စွန့်စားဆောင်ရွက်ခဲ့ပုံကို ပြန်လည်မြင်ယောင်နိုင်ကြစေရန် မြန်မာရာဇဝင်မှ ကောက်နုတ် တင်ပြလိုက်ခြင်းဖြစ်ပါသည်။ မြန်မာရာဇဝင်တွင် ထိုကဲ့သို့ အလားသဏ္ဌာန်တူညီသည့် နောက်ထပ်ဖြစ်ရပ် တစ်ခုလည်း ရှိပေသေးသည်။
ထိုဖြစ်ရပ်မှာ မြန်မာသက္ကရာဇ် ၈၃၇ ခုနှစ် အင်းဝဘုရင် မဟာသီဟသူရလက်ထက်တွင် ဖြစ်ခဲ့ပါသည်။ ထိုအရေးတွင်လည်း တိုင်းတစ်ပါးသားအမတ် စလုံကျော်ခေါင်နှင့် မြန်မာသူရဲကောင်း သမိန်ပရမ်းတို့ မြင်းစီးချင်းထိုးကြရာ တစ်ချီတစ်မောင်းနှင့်ပင် မြန်မာဘက်က အနိုင်ရခဲ့ပါသည်။ ထိုအကြောင်းဖြစ်ရပ်နှစ်ခုကို နှိုင်းယှဉ်၍ အခြေအနေ အရပ်ရပ်ကို လေ့လာသုံးသပ်နိုင်ကြစေရန်အတွက် ဖော်ပြလိုပေသေးသည်။
စလုံကျော်ခေါင်နှင့် စီးချင်းထိုးသည့် သမိန်ပရမ်း
ချိန်းချက်သည့် နေ့ရက်သို့ရောက်လျှင် ဘုရင်မဟာသီဟသူရ စီးတော်မူသော ပတ္တမြားက၊ စွဲတော်မူသော ပတ္တမြားဓား၊ တုရင်တပ်သော ရွှေဖျင်ဝတိလုံများကို ပေးတော်မူ၍ ဆင်ယင်ဝတ်စားရ၏။ သမိန်ပရမ်းလည်း ဆင်ယင်ဝတ်စားပြီးလျှင် ဘုရင်မဟာသီဟသူရကို ဦးသုံးကြိမ်ချ၍ တိုင်းတစ်ပါး ဘာသာ တတ်သူတို့ကို ခေါ်၍ တိုက်ပွဲသို့ ထွက်လေ၏။
တိုင်းတစ်ပါးအမတ် စလုံကျော်ခေါင်လည်း ဖောင်းဝတ်မြင်းကိုစီး၍ အဲမောင်းအချိန်သုံးပိဿာကို ကိုင်၍ တပ်ကထွက်လာ၏။ သမိန်ပရမ်းမြင်လျှင် အစ်ကိုလည်း အမတ်သူရဲကောင်း၊ ငါလည်းအမတ်သူရဲကောင်း ဖြစ်သည်။ သုံးကြိမ်စေ့အောင် မြင်းရေးစီးကြဦးမည်။ ယင်းသို့မှ အရတိုက်ကြမည်ဆို၏။ စလုံကျော်ခေါင်လည်း အရေးအရာ သုံးကြိမ်စီးပြီးလျှင် လက်ဝါးပြ၍ အရတိုက်တော့မည် စလုံကျော်ခေါင်က ဆို၏။
သမိန်ပရမ်းလည်း တိုက်တော့ဆိုပြီးလျှင် မြင်းကိုအကုန်လွှတ်၍ နီးလျှင် စလုံကျော်ခေါင်လည်း မိမိစွဲသော ဓားရွက်လက်ဝါးလောက်ကို ကိုင်၍ ခုတ်မည်မိုး၏။ လက်ကိုကြွရာတွင် သံချပ်ကြိုးပြတ်သည်ကို သမိန်ပရမ်းမြင်၍ လှံနှင့်ထိုးသည်။ စလုံကျော်ခေါင် မြင်းထက်ကကျလေ၏။ သမိန်ပရမ်းလည်း ကျရာမှာ ခေါင်းကိုဖြတ်ရလျှင် မြင်းကိုအကုန်လွှတ်၍ မြို့တွင်းသို့ ဝင်လာ၏။ မြို့ထိပ်ကျုံးနားကနေသော လူရဟန်းအပေါင်းတို့လည်း ကြော်ငြာ၍ ဝမ်းမြောက်ဝမ်းသာ ချီးမွမ်းကြကုန်၏။
ဘုရင်မဟာသီဟသူရလည်း အားရတော်မူ၍ ဤသို့မိန့်တော်မူ၏။ ရွှေနန်းသခင် ဘုရင်မင်းခေါင်လက်ထက်တော်၌ တလိုင်းမင်း ရာဇာဓိရာဇ်သမက် သမိန်ပရမ်းကို သားတော်မင်းရဲကျော်စွာရ၍ ဘုရင်မင်းခေါင်သို့ဆက်လာသည်။ ယင်းသောအခါ မော်တုံ-မော်ကယ်စား သားမယားကို တောင်းလာသော တိုင်းတစ်ပါးသားတို့နှင့် အရေးအရာကို ဆိုပြီးလျှင် တိုင်းတစ်ပါးအမတ်ဂါမဏိနှင့် သမိန်ပရမ်းမြင်းစီးချင်း တိုက်ရသည်။ ယင်းသောအခါ ဂါမဏိခေါင်းကိုဖြတ်ရသည်ဟူ၍ ကြားရသည်သာ၊ မမြင်ရချေ။ ယခုကား သမိန်ပရမ်းသည် အမတ်သူရဲကောင်းဖြစ်၍ စလုံကျော်ခေါင် ခေါင်းကိုရသည်ကို ငါမြင်ရပေသည်။ ငါ့ခြေတော်ရင်းတွင် ပျော်လည်း မွန်မင်းဓမ္မစေတီက သူကောင်းပြုသကဲ့သို့ ငါသူကောင်းပြုမည်။ ဟံသာဝတီသို့သွားလိုသော စိတ်ရှိလျှင်လည်း ငါက လှော်ကားနှင့် ပို့စိမ့်မည်ဟူ၍ မိန့်တော်မူ၏။
သမိန်ပရမ်းလည်း ကျွန်တော့်တွင် သားသမီးအများရှိပါသည်။ ကျွန်တော့်ကို သနားတော်မူ၍ လွှတ်တော်မူပါလျှင် သားသမီးမျက်နှာကို မြင်ရပါမည်ဟူ၍ နားတော်လျှောက်၏။ ဘုရင်မဟာသီဟသူရလည်း အဆောင်အယောင်၊ အခမ်းအနားများစွာပေး၍ လှော်ကားလက်ပြည့်နှင့် ဟံသာဝတီသို့ပို့ရလေ၏။
ရောက်လျှင် မွန်မင်းဓမ္မစေတီလည်း အားရတော်မူ၍ ပို့လာသသူများကို ဆုလာဘ်ပေးပြီးလျှင် ဘုရင်မဟာသီဟသူရသို့ အထူးထူးသော အုပ်မျိုးထည်မျိုးများစွာဆက်လိုက်၏။
နာမည်တူသော်လည်း မတူညီသည့်အချက်များ
ဂါမဏိနှင့် စီးချင်းထိုးသည့် သမိန်ပရမ်းသည် မွန်ဘုရင်ရာဇာဓိရာဇ်၏သမက်ဖြစ်ပြီး စလုံကျော်ခေါင်နှင့် စီးချင်းထိုးသည့်သမိန်ပရမ်းမှာ မွန်ဘုရင်ဓမ္မစေတီမင်း၏ သမက်ဖြစ်ပါသည်။ ပြည်ပသူရဲအမတ်များနှင့် စီးချင်း
ထိုးသည့်ပွဲနှစ်ပွဲမှာ ၆၁ နှစ်ကြာ ကွာခြားပါသည်။ စစ်နည်းဗျူဟာအပိုင်းတွင် ပထမသမိန်ပရမ်းသည် သူစီးသည့်မြင်းကို ရှေ့ကပြေးစေ၍ ရုတ်ခြည်းနောက်လှည့် ရင်ဆိုင်တိုက်ခိုက်သည့်နည်းကို အသုံးပြုခဲ့ပါသည်။ ဒုတိယသမိန်ပရမ်းသည် ယှဉ်ဘက်နှင့် မျက်နှာချင်းဆိုင်တိုက်ခိုက်ခဲ့ပါသည်။ ပထမသမိန်ပရမ်းသည် အောင်နိုင်မှု အထိမ်းအမှတ်အတွက် ချွန်းနှင့် ခြင်းကိုအသုံးပြုခဲ့သော်လည်း ဒုတိယသမိန်ပရမ်းသည် အရေးအသားတို့အရ လက်နှင့်သာ ဆောင်ရွက်ခဲ့သည်ဟု ယူဆရပါသည်။
နာမည်တူသလို တူညီခဲ့သည့်အချက်များ
ပြည်ပသူရဲအမတ်တို့နှင့် စီးချင်းထိုးမည့်အချိန်မတိုင်မီ မွန်ဘုရင်ရာဇာဓိရာဇ်၏ သမက်သမိန်ပရမ်းသည် အင်းဝဘုရင် မင်းခေါင်ထံ၌ အကျဉ်းကျနေခဲ့သလို မွန်ဘုရင်ဓမ္မစေတီမင်း၏သမက်သည်လည်း အင်းဝဘုရင်မဟာသီဟသူရထံတွင် အကျဉ်းကျနေခဲ့ကြပါသည်။ စီးချင်းထိုးမည့်မြင်း ရွေးချယ်ရာတွင်လည်း ဆတ်ဆတ်ထိမခံသည့် မန်ကျည်းစေ့ရောင် မြင်းရိုင်းတစ်ကောင်စီကို လိုသလိုဖြစ်အောင် တစ်ပတ်ကြာအချိန်ယူ၍ စီးနင်းလေ့ကျင့်ခဲ့ကြပါသည်။
စီးချင်းထိုးသည့် နှစ်ကြိမ်စလုံးတွင် သမိန်ပရမ်းနှစ်ယောက်စလုံးသည် အင်းဝဘုရင်တို့၏ စီးတော်မြဲပတ္တမြားကနှင့် လက်သုံးတော်ပတ္တမြားကျောက်စီဓား ချီးမြှင့်ခြင်းကို ခံကြရပါသည်။ ဘုရင်မင်းခေါင်နှင့် မဟာသီဟသူရတို့ကို ဦးချကန်တော့ပြီးမှ ယှဉ်ဘက်နှင့် ထိုးသတ်ရန် ထွက်ခွာကြသည်လည်း တူညီပါသည်။ စီးချင်းမထိုးမီ မြင်းရေးသုံးကြိမ် စီပြရာတွင်လည်း သမိန်ပရမ်းနှစ်ယောက်စလုံးက မိမိလိုသလို ဦးဆောင်၍ စီးပြခဲ့သည်ကို တွေ့ရပါသည်။ ထို့ပြင် နှစ်ပွဲစလုံး၌ ရဟန်းရှင်လူအပေါင်းကလည်း မြို့ထက်မြို့ထိပ် ကျုံးနားကနေ၍ သောင်းသောင်းဖြဖြ အားပေးကြပါသည်။ အောင်ပွဲရသည့်အခါတွင် ဘုရင်နှင့်တကွ ရဟန်းရှင်လူအားလုံးတို့က ဝမ်းမြောက်ဝမ်းသာ ချီးကျူးဂုဏ်ပြုကြပြီးလျှင် အဆောင်အယောင်နှင့် ဆုလာဘ်များစွာကို ပေးခဲ့ကြပါသည်။
သူရဲကောင်းဟူသည်
မြန်မာရာဇဝင်တွင်ပါရှိနေသည့် ထိုဖြစ်ရပ်နှစ်ခုစလုံးသည် မြန်မာတို့အတွက် ဇာတိသွေးဇာတိမာန်တက်ကြွဖွယ်ရာ ကိုယ့်နိုင်ငံကိုယ့်လူမျိုးအတွက် ဂုဏ်ယူလေးစားအတုယူစရာ မမေ့ကောင်းစရာများသာ ဖြစ်ပါသည်။ ထိုခေတ်ထိုအခါက ခေတ်၏အလိုကျ မြန်မာတို့အချင်းချင်း အားပြိုင်နေသည့်ကာလများဖြစ်ပါသည်။ သို့ရာတွင် တိုင်းတစ်ပါးအရေးနှင့် ကြုံကြိုက်လာသောအခါ သူ့ခေါင်းဆောင်၊ ငါ့ခေါင်းဆောင် သူ့လူမျိုး၊ ငါ့လူမျိုးဆိုသည့် အစွဲမရှိတော့ဘဲ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသားဆိုသည့်စိတ်ဓာတ်သည်သာ ရှေ့တန်းသို့ရောက်လာကြသည်ကို တွေ့ရပါသည်။ ။
အန်ကယ်ပညာ