နှစ်(၇ဝ)ပြည့် ကယားပြည်နယ်နေ့ အခမ်းအနား ကျင်းပ

နှစ်(၇ဝ)ပြည့် ကယားပြည်နယ်နေ့ အခမ်းအနား ကျင်းပ

လွိုင်ကော်  ဇန်နဝါရီ  ၁၅

နှစ် (၇ဝ)ပြည့်   ကယားပြည်နယ်နေ့ အခမ်းအနားကို     ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် စောဒန်နီယယ်နှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမောင်မောင်အုန်းနှင့်     ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်နီလင်းအောင်၊   ပြည်နယ်တရားသူကြီးချုပ် ဒေါ်သန်းသန်းအေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံ တိုင်းရင်းသား၊   တိုင်းရင်းသူများ   တက်ရောက်ကြသည်။

အခမ်းအနားတွင် သဘာပတိအဖွဲ့ဝင် ကယားမျိုးနွယ်စု ကိုးခုတို့မှ လူမျိုးစုခေါင်း ဆောင်များက နေရာယူကြပြီး  တက်ရောက်လာကြသူများက ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်အလံ၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များနှင့် ရဲဘော်အပေါင်းအား အလေးပြုကြသည်။

ရှေးဦးစွာ  နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ နှစ်(၇ဝ) ပြည့် ကယားပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် စောဒန်နီယယ် က ဖတ်ကြားပြီး    ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက    ကယားပြည်နယ်နေ့ မိန့်ခွန်းပြောကြားသည်။

ယင်းနောက်   ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စီမံခန့်ခွဲရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ကဏ္ဍတို့တွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများမှ ဂုဏ်ထူးဆောင်ဆု တံဆိပ်ရရှိသူ ၅၃ ဦးအနက် စီမံခန့်ခွဲ ရေးဆိုင်ရာ   ထူးချွန်ဆု (ပထမအဆင့်) ရရှိသူ ကယားပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး  ဦးအံ့မော်အား လည်းကောင်း၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆု(ပထမအဆင့်) ရရှိသူ လွိုင်ကော်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်အားလည်း ကောင်း၊   စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု (ဒုတိယအဆင့်) ရရှိကြသူ အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) ကျောင်းအုပ်ကြီး ဒေါ်စိုးစိုးမြာနှင့်    ပြည်နယ်ဥပဒေ အထောက်အကူပြု ကော်မတီဝင် ဦးအဲလ်ဘက်တို့အား လည်းကောင်း၊ စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု (တတိယအဆင့်) ရရှိသူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းတန်အား လည်းကောင်း၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ထူးချွန်ဆု(တတိယအဆင့်) ရရှိကြသူ ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ ဒုတိယရဲအုပ် ချစ်ဆွေ၊ ဒုတိယရဲအုပ်ခင်မြင့်နှင့် ရဲတပ်ကြပ်ကြီး   စိုးမင်းထွေးတို့အား လည်းကောင်း ဂုဏ်ထူးဆောင် ဆုတံဆိပ်များနှင့် ထူးချွန်မှု ဂုဏ်ထူးဆောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကယားပြည်နယ် အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များနှင့် နိုင်ငံ့ဝန်ထမ်းများ အတွက်  DVB - T2  Set Top Box  အလုံး ၁ဝဝဝ ကို ပေးအပ်လှူဒါန်းရာ တပ်ရင်း၊ တပ်ဖွဲ့ များကိုယ်စား အရှေ့ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူး  ဗိုလ်မှူးချုပ်နီလင်းအောင်က လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများ ကိုယ်စား  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်စိုးစိုးထွန်းက လည်းကောင်း လက်ခံရယူကြသည်။

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်  သဘာပတိအဖွဲ့ဝင်  ကယားမျိုးနွယ်စု ကိုးခုတို့မှ လူမျိုးစုခေါင်းဆောင်များနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီး များသည် တက်ရောက်လာကြသည့် ဒေသခံ တိုင်းရင်းသား၊ တိုင်းရင်းသူတို့ကို ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

နှစ်(၇ဝ) ပြည့်    ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ်    ပြည်နယ်အတွင်း စီမံခန့်ခွဲရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကဏ္ဍတို့တွင် စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများမှ ဂုဏ်ထူးဆောင် ဆုတံဆိပ်ရရှိသူ ၅၃ ဦးအနက် ရှစ်ဦးအား ဂုဏ်ထူးဆောင် ဆုတံဆိပ်များနှင့် ထူးချွန်မှု ဂုဏ်ထူးဆောင် လက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ပြီး ကျန်ရှိသည့် ဂုဏ်ထူးဆောင် ဆုတံဆိပ် ရရှိသူများကိုလည်း အခမ်းအနားပြုလုပ်၍ ဆက်လက်ပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။