SARS-CoV-2 Variant Omicron (အိုမီခရွန်)ရောဂါပိုး တွေ့ရှိသူ ၁ဝ ဦး ထပ်တိုး

SARS-CoV-2 Variant Omicron (အိုမီခရွန်)ရောဂါပိုး တွေ့ရှိသူ ၁ဝ ဦး ထပ်တိုး

SARS-CoV-2 Variant Omicron (အိုမီခရွန်)ရောဂါပိုး ထပ်မံတွေ့ရှိရမှုနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်

                                      (၁၅-၁-၂ဝ၂၂) ရက်နေ့

၁။      ကျန်းမာရေးဝန်ကြီးဌာနသည် ''ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်း'' များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာ နိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေး လေယာဉ် (Relief Flight)များဖြင့် ပြန်လည် ဝင်ရောက် လာသူများတွင်  SARS-CoV-2 Variant Omicron (အိုမီခရွန်)ရောဂါပိုး တွေ့ရှိမှုများနှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ သတင်း ထုတ်ပြန်ပေးလျက် ရှိပါသည်။ 

၂။      ထိုသို့ဆောင်ရွက်လျက်ရှိရာ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာ၍ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများ အနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုး တွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ စစ်ဆေးခြင်းကို အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနနှင့် အမှတ် (၁) တပ်မတော် ဆေးရုံကြီး ခုတင်(၁ဝဝဝ)၌ (၁၄-၁-၂ဝ၂၂) ရက်နေ့နှင့် (၁၅-၁-၂ဝ၂၂) ရက်နေ့တို့တွင် ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးကို ဓာတ်ခွဲ နမူနာ(၁ဝ)ခုတွင် အတည်ပြု တွေ့ရှိခဲ့ရပါသည်။

၃။      အဆိုပါ အိုမီခရွန်ရောဂါပိုး တွေ့ရှိသူ မြန်မာနိုင်ငံသား (၅) ဦးနှင့်  နိုင်ငံခြားသား (၃) ဦးမှာ  Relief  Flight များဖြင့် အိန္ဒိယနိုင်ငံမှ ဝင်ရောက်လာသူများ ဖြစ်ကြပါသည်။

၄။      ကျန်မြန်မာနိုင်ငံသား (၂) ဦးမှာ (၁၃-၁-၂ဝ၂၂) ရက်နေ့တွင် SARS-CoV-2 Variant Omicron  (အိုမီခရွန်) ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သည့် မိသားစုဝင်များ ဖြစ်ပါသည်။

၅။      အိုမီခရွန်ရောဂါပိုး တွေ့ရှိသူများအား သီးသန့်ထားရှိကာ ကုသစောင့်ရှောက်မှုများ  ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့နှင့် လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါလာသည့် ခရီးသည်များနှင့် အနီးကပ်ထိတွေ့သူများအားလည်း  အသွားအလာ ကန့်သတ်ခြင်း (Strict Quarantine) နှင့်   ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများအား အထူးအားဖြည့် ဆောင်ရွက်လျက်ရှိပါသည်။

၆။      သို့ဖြစ်ပါ၍ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်များနှင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်း လုပ်ငန်းများအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်း ထုတ်ပြန် ကြေညာအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန