“ပထမခေါင်လန်ဖူး၊ ဒုတိယရှိန်းခေါင်နှင့် လန်ဆယ်”

ရှိန်းခေါင်ဒေသဆိုသည်မှာ ကျွန်တော်တို့    မြို့နယ်အတွင်းမှာ ရှိန်းခေါင်ဆိုတာက  သွားရလာရ ခက်ခဲသော ဒေသထဲမှာပါသည်။    စရိတ်စက တတ်နိုင်သော  ပြည်မကလာသူတချို့ကတော့ ကန်ပိုက်တီမှတစ်ဆင့် တရုတ်နိုင်ငံ အတွင်းသို့ ဝင်ပြီး  ကားစီး၍လာကြသည်။ ဈေးတော့ကြီးသည်ပေါ့။ ထို့ကြောင့် ခေါင်လန်ဖူးမြို့လေးကတစ်ဆင့်သွားမည်

ဆိုလျှင် လမ်းနှစ်သွယ်ရှိပါသည်။ ခေါင်လန်ဖူးမှ   ဆရမ်ဖာထိ ၁၅ မိုင်ခန့်ကို တစ်ရက်လမ်းလျှောက်ရမည်။ ဆက်လက်၍ ဆရမ်ဖာမှ ညီဝါးအထိ ၁၂ မိုင် ခန့်ကို တစ်ရက်၊ ညီဝါးမှလာဂါလော်ကိုလည်း တစ်ရက်ခရီးလမ်းလျှောက်ကြရပြီး လာဂါလော်-ရှိန်းခေါင်ခရီးကိုတော့ ကားဖြင့်သွားနိုင်သည်။ ကားခ ယွမ် ၁၀၀ မြန်မာငွေ ၂၀၀၀၀ကျပ်ဖြစ်သည်။ နောက်လမ်းတစ်သွယ်ကမူ ခေါင်လန်ဖူးမှ ဇန်ယော့အထိ ဆိုင်ကယ်လမ်းရှိသည်။ ဈေးကြီး၍ ဆိုင်ကယ်မစီးနိုင်သူများက ဇန်ယော့အထိနှစ်ညအိပ် သုံးရက်ခန့် လမ်းလျှောက်ကြရပါမည်။ ဇန်ယော့မှ ချီလာဝါဒီသို့ တစ်ရက်၊ ချီလာဝါဒီမှ ရှိန်းခေါင်သို့   နောက်ထပ် တစ်ရက်ခရီး ခြေကျင်လျှောက်လျှင်ရောက်ပါပြီ။ အကုန်အကျနည်းမည် ဖြစ်သော်ငြားလည်း လူပင်ပန်းသော လမ်းခရီးများဖြစ်၏။

ပူတာအိုမှ လာသူအချို့ကတော့ ခေါင်လန်ဖူးအထိ သွားမနေတော့ပါ။ ထလားလော် ရွာလေးမှ ဆရမ်ဖာသို့ ဖြတ်ချလိုက်လျှင် ၂၇ မိုင်ခန့်ခရီးတာတိုသွားမည် ဖြစ်သည်။ တောင်အတက် အဆင်းမတ်သော နေရာများ ရှိနေပါသည်။

ရှိန်းခေါင်ကျေးရွာသည် ခေါင်လန်ဖူးမြို့နယ်ထဲက  ရွာတစ်ရွာဖြစ်ပြီး တရုတ်ပြည်နယ်စပ်နှင့်   နယ်နိမိတ်ချင်း ထိစပ်နေပါသည်။ ဆီးနှင်းများ ဖုံးလွှမ်းပြီး သွားလာရ ခက်ခဲချိန်မှလွဲ၍ ကျန်အချိန်များတွင် တရုတ်ဘက်က စားကုန်သောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ    ဝင်ရောက်ရာဒေသလည်း ဖြစ်၏။ နယ်စပ်ရေးရာဝန်ကြီးဌာနက   မဂွေဇ-ခေါင်လန်ဖူးကားလမ်း ဖောက်လုပ်မပေးမီ အချိန်ကာလများ၌ ခေါင်လန်ဖူးမြို့လေးသည်ပင်လျှင် ရှိန်းခေါင်ဘက်မှ လာသော ဆန်နှင့်စားကုန် သောက်ကုန်၊ လူသုံးကုန်များကို အားထားနေရသည်မှာ အမှန်ပင်။ ရှိန်းခေါင်တွင် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ဖွင့်လှစ်ပေးထားသည်။

ရှိန်းခေါင်နှင့် လန်ဆယ်ဒေသများသို့ ဆန်များထောက်ပံ့

ဆိုခဲ့သည့်အတိုင်း ရှိန်းခေါင်ဒေသနှင့် တရုတ်ပြည်နယ်စပ်အကြားမှာ ဆီးနှင်းများ ဖုံးပြီး ဆက်သွယ်ရေးလမ်းကြောင်းပြတ်

တောက်သွားချိန်မှာ ဆန်ရှားပါးမှုပြဿနာ အမြဲကြုံနေရသည်။    တရုတ်နိုင်ငံမှာ COVID-19 ကပ်ရောဂါကို ခက်ခက်ခဲခဲ ထိန်းချုပ်နေရချိန်၊    နယ်စပ်ဝင်ပေါက်ထွက်ပေါက်များကို ပိတ်ပစ်လိုက်သောအခါ ရှိန်းခေါင်တွင် ရိက္ခာဆန် မလုံလောက် မှုများ ကြုံတွေ့လာရသည်။ ထိုနည်းတူစွာပင် ခေါင်လန်ဖူးမှ နယ်စပ်မှတ်တိုင် ၃၀ နှင့် ၃၁ တစ်ဝိုက်ရှိ လန်ဆယ်အရှေ့ခြမ်းဒေသများလည်း   ရိက္ခာဆန်ပြတ်လပ်မှုများ ဖြစ်ပေါ်လာခဲ့ရသည်။ ထို့ကြောင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနသည်   ကျွန်တော်တို့ ရှိန်းခေါင်ဒေသနှင့် လန်ဆယ်ဒေသအတွက် ဆန်အိတ် ၁၀၀၀  ပေးပို့ ထောက်ပံ့ ခဲ့ပါသည်။ ဝန်ကြီးဌာနကိုယ်စား   ကချင်ပြည်နယ်  ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးကျော်မင်းက ကချင်ပြည်နယ်  COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ထံ လွှဲပြောင်းပေးခဲ့ပါသည်။ ထို့အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှလည်း ဆန်အိတ် ၂၀၁၈   အိတ်ကို   ၎င်းဒေသအတွင်း ထောက်ပံ့ဖြန့်ဝေပေးခဲ့သည်။

ရှိန်းခေါင်နှင့် ဇီးထန်ဒေသများအတွင်းရှိ ညီဝမ်ထန်ကျေးရွာအုပ်စု၊ ရနင်ထီကျေးရွာအုပ်စု၊ ဇန်ယော့ကျေးရွာအုပ်စု၊ ချီထုဖန်ကျေးရွာအုပ်စု၊   ရမန်ချီကျေးရွာအုပ်စု၊ ဇီးထန်ကျေးရွာအုပ်စု၊ ဒါလန်ကျေးရွာအုပ်စု၊ လာတားကော်ကျေးရွာ အုပ်စု စသည်ဖြင့် ကျေးရွာအုပ်စု ရှစ်အုပ်စုအတွင်းမှ လူဦးရေ ၉၈၈၀ ဦးအတွက် ဆန်အိတ် ၈၀၀ ဟူ၍လည်းကောင်း၊ လန်ဆယ်အရှေ့ခြမ်း ဒေသများဖြစ်သည့် ထဖုံးကျေးရွာအုပ်စု၊ ရပ်မားကျေးရွာအုပ်စု၊ နမ့်ချိန်ကျေးရွာအုပ်စု၊ ရှီလန်ဒန်းကျေးရွာ အုပ်စုအတွင်းမှ လူဦးရေ ၁၈၀၈ ဦးအတွက် ဆန်အိတ် ၂၀၀ ဟူ၍လည်းကောင်း၊ သတ်မှတ်ခွဲဝေ ပေးပြီးနောက် တပ်မတော်၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကချင်ပြည်နယ် အစိုးရတို့ ပူးပေါင်းစီစဉ်မှုဖြင့် သက်ဆိုင်ရာ ဒေသများသို့ အရောက်ပို့ဆောင်ထောက်ပံ့ပေးခဲ့သည်။ ပူတာအို-မဂွေဇ-ရီဒမ်းကြိုးတံတားထိပ်ထိ ကားများဖြင့် ပို့ပေးသည်။ ထိုနေရာမှ ခေါင်လန်ဖူးသို့ လည်းကောင်း၊     ခေါင်လန်ဖူးမှ ရှိန်းခေါင်ဒေသသို့ လည်းကောင်း၊ လား၊ မြင်းများဖြင့် ဆက်လက်သယ်ယူကြခြင်းဖြစ်သည်။ လန်ဆယ်ဒေသသို့မူ မြစ်ကြီးနား-ချီဖွေ-ဖီမော်-လန်ဆယ်-တထုံစင် လမ်းကြောင်းအတိုင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။

ရိက္ခာဆန်ကိစ္စ ကြုံဖူးခဲ့ကြသည်

ရှေးယခင်ကာလများ   ကတည်းက ကျွန်တော်တို့   ခေါင်လန်ဖူးမြို့နယ်နှင့် နောင်မွန်မြို့နယ်ထဲက ပန်နန်းဒင်ဒေသ (မြို့နယ်ခွဲဖြစ်ခဲ့ဖူးပါသည်) တို့တွင် ရာသီဥတုဆိုးရွားသော နှစ်များ၌ စားပင်သီးနှံများ ပျက်စီးတာမျိုး၊ သီးနှံဖျက်ပိုးများ ကျရောက်လျှင်လည်း ရိတ်သိမ်းချိန်မှာ ထွက်နှုန်းနည်းတာမျိုးတွေ ဖြစ်ပေါ်လာကာ ရိက္ခာမလုံလောက်မှုများ   ဖြစ်ခဲ့ကြုံခဲ့ဖူးပါသည်။ ကျွန်တော်တို့ဒေသ၏ ရာသီဥတုကလည်း အခြားဒေသက မျိုးပင်မျိုးရင်းတွေ ယူစိုက်လျှင် အဆင်မပြေပါ။ ကန့်သတ်ချက်တွေရှိနေသည်။ ဒေသမျိုးရင်းမျိုးစေ့များ နှင့်သာ ကိုက်ညီသည့် သဘောသဘာဝတွေတွေ့ရသည်။ ဘယ်လိုပင်ရှိနေပါစေ၊ ထိုကဲ့သို့ကြုံလာပါလျှင် တပ်မတော်က ရဟတ်ယာဉ်တွေ ကျွန်တော်တို့ဆီကို ရောက်လာစမြဲဖြစ်သည်။ သူတို့နှင့်အတူ ဆန်တွေ ဆီတွေပဲတွေ ခေါက်ဆွဲခြောက်ထုပ်တွေ ပါလာကြသည်။ မြစ်ကြီးနားမှ ပူတာအိုသို့ တပ်မတော်လေယာဉ်ဖြင့်လည်းကောင်း၊ သည်ဘက်ခရီးတွေကို   ရဟတ်ယာဉ်များဖြင့် လည်းကောင်း သယ်ယူပို့ဆောင်ပေးကြသည်ကို မြင်ဖူးကြုံဖူးခဲ့သည်။

လမ်းပန်းဆက်သွယ်ရေးအတွက် သတင်းကောင်း

ကျွန်တော်တို့ ရှိန်းခေါင်နှင့် ဇန်ယော့ဒေသဘက်တွေမှာ ဆိုင်ကယ်လမ်းနှင့် ကားလမ်းတစ်စိတ်တစ်ပိုင်းရှိနေသည် ဆိုသော်ငြားလည်း အများစုကတော့ ခြေကျင်ကြိတ်နေကြရဆဲဖြစ်ပါသည်။ ဒေသခံတိုင်းရင်းသားများ၏ပညာရေး၊ ကျန်းမာရေး အပါအဝင် လူမှုစီးပွားဘဝမြင့်မား တိုးတက်လာစေဖို့ဆိုသည်မှာ လမ်းပန်းဆက်သွယ်ရေးက အဓိကကျပါသည်။ နေမကောင်း ထိုင်မသာ   ရှိလာပြီဆိုသည်နှင့် ဆေးရုံဆေးခန်းတွေဆီ မြန်မြန်ပြေး၍ပြနိုင်မှ တန်ကာ ကျသဖြင့်   ဒေသတွင်းမှာ လမ်းပန်းဆက်သွယ်ရေးတွေ    ကောင်းဖို့လိုပါသည်။

မကြာသောကာလအတွင်းမှာ ခေါင်လန်

ဖူးမြို့လေးရှိရာကို ကားလမ်းမကြီးတစ်သွယ် ရောက်ရှိလို့လာပါတော့မည်။  မဂွေဇ-ခေါင်လန်ဖူးကားလမ်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ယူဖောက်လုပ်နေသည်။ ကျွန်တော်တို့ ဒေသခံတိုင်းရင်းသားတွေ အားလုံးအံ့သြခဲ့ရသည်။ ကျွန်တော်တို့ အားလုံးဘယ်တုန်းကမှ မျှော်လင့်မထားခဲ့သည့် အိပ်မက်လမ်းကြီး၊ ဆန်းလွှတ်ချက်

(ပြန်လမ်းမရှိသောတောင်)လို့ ကျွန်တော်တို့ ခေါ်နေကြသည့် ကျောက်တောင်ကြီးကို ထိုးခွဲပြီး သည်လမ်းကြီး ဆင်းလာသည်။ ရေစီးအလွန်ကြမ်းပါသည်ဆိုသော မေခမြစ်ကိုရအောင် ကျော်ဖြတ်လာသည်။ ကိုင်း...အခုခေါင်လန်ဖူးမြို့လေးနှင့် လက်တစ်ကမ်းအကွာမှာ သည်ကားလမ်းကြီး ရောက်လာပြီ။ သူဘယ်လို ကြိုးစားရုန်းကန်ပြီး ကျွန်တော်တို့ ဒေသဘက်ကို ခရီးဆက်ခဲ့သလဲ၊ လေ့လာကြည့်ကြရအောင်လား...။

ဖုန်ဇီရမ်