ပရီးမီးယားလိဂ်ပြိုင်ပွဲ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ တစ်လတာ အကောင်းဆုံးဆုများကို မန်စီးတီးအသင်းမှ နည်းပြဂွါဒီယိုလာနှင့် တိုက်စစ်မှူး စတာလင်းတို့ရရှိ

ပရီးမီးယားလိဂ်ပြိုင်ပွဲ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ တစ်လတာ အကောင်းဆုံးဆုများကို မန်စီးတီးအသင်းမှ နည်းပြဂွါဒီယိုလာနှင့် တိုက်စစ်မှူး စတာလင်းတို့ရရှိ

ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်က လစဉ်ပေးအပ် ချီးမြှင့်သည့် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလအတွက် တစ်လတာ အကောင်းဆုံးဆုများကို မန်စီးတီးအသင်းမှ  နည်းပြဂွါဒီယိုလာနှင့်  တိုက်စစ်မှူး စတာလင်းတို့က ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလအတွက်  ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး   ကစားသမားဆုအတွက် ဆန်ခါတင်ကစားသမား စာရင်းတွင် စတာလင်းသည် အသင်းဖော်ခံစစ် ကစားသမား   ဂျာအိုကန်ဆယ်လို၊ လက်စတာအသင်း ကွင်းလယ်ကစားသမား  မက်ဒီဆင်၊ အာဆင်နယ်အသင်း ကွင်းလယ်ကစားသမား အိုဒီဂတ်နှင့် တိုက်စစ်ကစားသမား  မာတင်နယ်လီ၊ ချယ်လ်ဆီးအသင်း ကွင်းလယ်ကစားသမား မေဆင်မောင့်နှင့် စပါးအသင်း တိုက်စစ်ကစားသမား ဆွန်ယောင်မင်တို့ ပါဝင်လာခဲ့ပြီး ၎င်းတို့ကိုကျော်ဖြတ်ကာ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလအတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

စတာလင်းသည် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း  မန်စီးတီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်ပွဲစဉ် ခုနစ်ပွဲအထိ ကစားခဲ့ရာ  အဆိုပါပွဲစဉ်များတွင် ငါးဂိုးအထိ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပြီးနောက်  ၂ဝ၂၁ ခုနှစ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

အလားတူ ၂ဝ၂၁  ခုနှစ်  ဒီဇင်ဘာလအတွက် တစ်လတာ အကောင်းဆုံးနည်းပြဆု အတွက် ဆန်ခါတင်စာရင်းတွင်လည်း နည်းပြဂွါဒီယိုလာသည် လီဗာပူးအသင်း နည်းပြကလော့နှင့် အက်စ်တွန်ဗီလာအသင်း နည်းပြဂျရတ်တို့နှင့်အတူ ပါဝင်လာခဲ့ပြီး ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း   ရှစ်ပွဲတာဝန်ယူ ကိုင်တွယ်ခဲ့ရာ ရှစ်ပွဲစလုံး အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ပြိုင်ဘက်နည်းပြများကို ကျော်ဖြတ်ပြီး  ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလအတွက် တစ်လတာ အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ကြောင်း သိရသည်။