နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ သတင်းထုတ်ပြန်ရေး အဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ်သည့် (၁၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ မှတ်တမ်း    အပိုင်း(၁)

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ သတင်းထုတ်ပြန်ရေး အဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ်သည့် (၁၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ မှတ်တမ်း    အပိုင်း(၁)

ယမန်နေ့မှအဆက်

အထူးဟစ်တိုင် သတင်းမီဒီယာမှ တာဝန်ခံ အယ်ဒီတာ ဦးအောင်ကျော်ဦးက မြို့နယ်များတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ စာရင်းပြုခြင်း၊  ကော်မတီဖွဲ့စည်းခြင်းတို့လုပ်ဆောင်နေသည်ဟု ကြားသိရကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ ၂ဝ၂၃ ခုနှစ်သြဂုတ်လတွင် ရွေးကောက်ပွဲပြုလုပ်မည်ဟုလည်း ကြားသိရကြောင်း၊ ယင်းကိစ္စကို အတည်ပြုနိုင်ခြင်းရှိ/မရှိ သိလိုကြောင်းမေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက မဲစာရင်းများ ပြုစုနေခြင်းနှင့်ပတ်သက်၍ မိမိအနေဖြင့် တင်ပြပြီးဖြစ်ကြောင်း၊  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းစဉ်(၅)အရ ရွေးကောက်ပွဲပြုလုပ် ပေးရမည်ဖြစ် ကြောင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်း ချက်များနှင့်အညီ  ဆောင်ရွက်ပြီးပါက ရွေးကောက်ပွဲပြုလုပ် ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲပြုလုပ်ရာတွင် ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် အားနည်းချက်များ၊ ပြဿနာများ၊ အခက်အခဲများကို သုံးသပ်ပြီး မဲစာရင်းနှင့် ပတ်သက်၍  မှန်ကန်ပြည့်စုံ စေရန်ဆောင်ရွက်သည့်အနေဖြင့် မဲစာရင်းများကို ပြန်လည်သုံးသပ်ပြီး ယခင်မဲစာရင်း များမှ မှားယွင်းသည်များကို ပယ်ဖျက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ ပူးပေါင်းလုပ်ဆောင်နေသည်မှာ ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း၊ ယခုဇန်နဝါရီလကုန်ခန့်တွင်  First Round ပြီးမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်မဲစာရင်းများထက် ပိုမိုပြည့်စုံမှန်ကန်စွာ ဖြစ်စေရေး စိစစ်ခြင်းများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အလားတူ လုပ်ငန်းစဉ်(၁)အရ ဆောင်ရွက်စရာရှိသည်များကို ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ ယင်းကိစ္စများပြီးဆုံးပါက နောက်ရွေးကောက်ပွဲ ကျင်းပရာတွင် ကော်မရှင်အဖွဲ့ခွဲကို အများယုံကြည်သူ ပုဂ္ဂိုလ်များပါဝင်သည့်     ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အသစ်များ ဖွဲ့စည်းရမည် ဖြစ်ခြင်းကြောင့်  ဖွဲ့စည်းနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း၊ ယခုတင်ပြမှုများသည် ကြိုတင်ဆောင်ရွက်နေသည့် လုပ်ငန်းများဖြစ်ကြောင်း၊ လိုအပ်သည့် အချက်အလက်များ၊ ဝန်ထမ်းပိုင်းဆိုင်ရာနှင့် အခြေခံအဆောက်အဦ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း၊ ရွေးကောက်ပွဲကို မည်သည့်အချိန်တွင် ပြုလုပ်မည်ဆိုသည်နှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၁)အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက် များရှိကြောင်း၊ အဆိုပါအထဲမှ ဥပဒေပုဒ်မ(၄၂၅၊ ၄၂၆၊ ၄၂၉)တို့တွင် ဖတ်မည်ဆိုပါက တွေ့ရှိမည်ဖြစ်ကြောင်း၊ အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လုပ်ငန်းစဉ်(၅)အရ အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင် ရွက်ပြီးပါက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ  လွတ်လပ်ပြီး  တရားမျှတသည့်    ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးမည်ဖြစ်ကြောင်း၊ ထို့အတွက်လည်း လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပါတီများကို စစ်ဆေးထားသည့် စာရင်းများ ထုတ်ပြန်ထားရာတွင် NLDပါတီထုတ်ပြန်ထားသည်ကို  မတွေ့ရှိရသေးကြောင်း၊ NLDပါတီမှ အစစ်ဆေး မခံခြင်းလား၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သွားရောက် မစစ်ဆေးခြင်းလားဆိုသည်ကို ကနဦးမေးလိုကြောင်း၊ အကြမ်းဖက် NUG ၊CRPH ၊ PDF များနှင့် NLDတို့၏ ဆက်စပ်မှုကို UEC အနေဖြင့် မည်သို့တွေ့ရှိရသည်ကို သိလိုကြောင်းမေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက မိမိတို့အနေဖြင့် ဒီဇင်ဘာလအထိ နိုင်ငံရေးပါတီ ၅၁ ပါတီအား စစ်ဆေးပြီးဖြစ်ကြောင်းကိုလည်း မိမိအနေဖြင့် ရှင်းလင်း တင်ပြခဲ့ပြီးဖြစ်ကြောင်း၊ စစ်ဆေးရန် ၄၂ ပါတီ ကျန်ရှိကြောင်း၊ မိမိတို့စတင် စစ်ဆေးစဉ်က နိုင်ငံရေးပါတီ ၉၃    ပါတီရှိသည့်အနက်   ၅၁   ပါတီ စစ်ဆေးပြီးဖြစ်၍ ၄၂ ပါတီ ကျန်ရှိနေခြင်း ဖြစ်ကြောင်း၊  အဆိုပါပါတီများအနက် ပါတီတစ်ပါတီမှာ ပယ်ဖျက်ခွင့်(ရုပ်သိမ်းခွင့်) တောင်းဆိုခဲ့သည့်အတွက် ဖျက်သိမ်းခဲ့ကြောင်း၊ ၎င်းတို့၏တင်ပြချက်အရ ပါတီမှတ်ပုံတင်ခြင်းမှ ပယ်ဖျက်ခြင်းကိုလည်း မိမိတို့အနေဖြင့် ကြေညာပြီးဖြစ်ကြောင်း၊ စစ်ဆေးရန်အတွက် နိုင်ငံရေးပါတီ ၄၂ ပါတီ ကျန်ရှိသေးပါကြောင်း၊ အဆိုပါအထဲတွင် NLD ပါတီလည်း ကျန်သေးပါကြောင်း၊ မိမိတို့ကော်မရှင်၏ အစီအစဉ်အရ နိုင်ငံရေးပါတီများကို ပါတီအကြီး/အသေးမျှ၍ စစ်ဆေးလျက် ရှိပါကြောင်း၊ NLDပါတီကိုမူ မစစ်ဆေးရသေးကြောင်း၊ သတ်မှတ်ချက်များနှင့်အညီ ပါတီအားလုံးကို စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ ပါတီအားလုံးကို မစစ်ဆေးရသေးသဖြင့် ပါတီများနှင့်ပတ်သက်သည့် စာရင်းဇယား၊ အချက်အလက် အသေးစိတ်ကိုအတည်ပြုပြီး   တွေ့ရှိရသည့် အနေအထားမျိုး   မိမိတို့ မဆောင်ရွက်ရသေးကြောင်း၊ မိမိတို့ထုတ်ပြန်သည့် သတင်း အချက်အလက်များ၊ နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် အချက်များကို အားလုံးအသိပင်ဖြစ်ကြောင်း၊ မိမိတို့ကော်မရှင်က စစ်ဆေးစိစစ်ပြီးမှသာ တိတိကျကျ သိရှိရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

NHPသတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက  ငြိမ်းချမ်းရေး ကိစ္စနှင့်ပတ် သက်သည်ဆိုသော်လည်း နိုင်ငံရေးပါတီ အစုအဖွဲ့အတွင်းမှ ဖြစ်နေသည့်အတွက့် UEC အနေဖြင့် နိုင်ငံရေးပါတီ အပိုင်းတွင် လုပ်ငန်းကြန့်ကြာနေသည့် ကိစ္စများကို မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်ပေးနိုင်မည်ကို မေးမြန်းလိုပါကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ အမြဲတမ်း ကော်မတီတွင် ၁၆ ပါတီရှိသည့်အနက်  လုပ်ငန်း လုပ်ဆောင်နိုင်သည့် အခြေအနေမရှိသေးဟု သိရကြောင်း၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကြီးက ပြောထားသကဲ့သို့ အစောပိုင်းကလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ငြိမ်းချမ်းရေးနှင့် ပတ်သက်လျှင် ယခုနှစ်က ငြိမ်းချမ်းရေး ဖော်ဆောင်မည့်နှစ်ဟု ပြောခဲ့ပါကြောင်း၊ ထို့ကြောင့် ၎င်း၏သက်တမ်းမှာ ၄ လသာ ရှိပါကြောင်း၊ ၂ဝ၂ဝ ပြည့်နှစ် ၁၁ လပိုင်းတွင် အဆိုပါကော်မတီကို စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ထိုကော်မတီ၏ သက်တမ်း ၄ လအနက် ၂ လခန့်မှာ အလုပ်မလုပ်ဖြစ်ဘဲ သက်တမ်းကုန်သည့် သဘောဖြစ်နေကြောင်း၊ ထို့ကြောင့့် UEC အနေဖြင့် နိုင်ငံရေးပါတီများ၏ ကိစ္စကို အဓိက လုပ်ဆောင်နေသဖြင့် ငြိမ်းချမ်းရေး ကော်မရှင်နှင့် ချိတ်ဆက်၍ ငြိမ်းချမ်းရေးလုပ်ငန်းများ ဖော်ဆောင်ရာတွင် အကူအညီ  တောင်းခံလာခဲ့မည်ဆိုပါက  ကြားဝင် ပေါင်းစပ်ညှိနှိုင်းပေးသည့် သဘောဖြစ်စေ ဆောင်ရွက်၍ရနိုင်မည့် အခြေအနေ ရှိ/မရှိ  သိလိုကြောင်းမေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက နိုင်ငံတော်မှ လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ လည်း ပါဝင်ဆောင်ရွက်နေကြောင်း၊ ယခင်ကလည်း ပါဝင်ဆောင်ရွက်နေသကဲ့သို့ လက်ရှိတွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊  အဆိုပါလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ တိုက်ရိုက်ဆောင်ရွက် သည့် အနေအထားမျိုး ရှိကြောင်း၊  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ယင်း ကိစ္စနှင့်ပတ်သက်ပြီး အကြောင်းကြားခြင်း မရှိသေးကြောင်း၊ သို့သော် လိုအပ်ပါက လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

တဲ့ပြောအွန်လိုင်းမီဒီယာမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက ၂ဝ၂ဝ ရွေးကောက်ပွဲ ကာလ၌ မိမိမှာဘားအံ အကျဉ်းထောင်ထဲတွင်   အကျဉ်းကျရောက်နေသဖြင့် ရွေးကောက်ပွဲအား သတင်းစာမှ စောင့်ကြည့်နေခဲ့ကြောင်း၊ ယင်းသို့စောင့်ကြည့်နေစဉ် ကြိုတင်မဲနှင့် ပတ်သက်၍ ပြောလိုကြောင်း၊ ယနေ့ UEC မှ စာအုပ်ကိုဖတ်ကြည့်ရာတွင် မိမိထင်မှတ်ထားသည်နှင့် တစ်ထပ်တည်း ဖြစ်နေသည်ကို တွေ့ခဲ့ရကြောင်း၊ မိမိက တိုက် ထဲတွင် နေရသည့်အတွက် ကိုဗစ်ကာလတွင် မိမိတို့တိုက်၏ အခန်း ၅ ခန်းကို ကိုဗစ်အတွက် အချုပ်သားများ လာထားပါကြောင်း၊ ထားသည့်အခါ ကြိုတင်မဲပေးရပါကြောင်း၊ ကြိုတင်မဲပေးရာတွင် ကရင်ပြည်နယ်တွင် ဗမာ၊ မွန်၊ ပအိုဝ့်ဆိုပါက မဲလေးမဲပေးရပြီး အခြားတိုင်းရင်းသားများသည် မဲသုံးမဲသာ ပေးရကြောင်း၊ သို့သော် အကျဉ်းထောင်အထဲမှ အချုပ်သားများသည် မဲတစ်မဲစီသာ ပေးကြရသည်ဆိုပြီး မိမိအားလာရောက် ပြောသူများရှိကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ရွေးကောက်ပွဲသည် တစ်ခုခုဖြစ်နိုင်ခြေရှိလိမ့်မည်ဟု မိမိပြောခဲ့သေးကြောင်း၊ အမှန်တကယ်လည်း  ဖြစ်ပွားခဲ့ကြောင်း၊ ထိုဖြစ်စဉ်များကြောင့် တရားစွဲဆိုမှုများလည်း ရှိခဲ့ကြောင်း၊ ယခင်သတင်းစာ ရှင်းလင်းပွဲတွင် ဦးခင်မောင်ဦးက သဘောရိုးနှင့်ဆိုပါက တရားမစွဲပါဟု ပြောဆိုခဲ့ခြင်းများလည်း ရှိခဲ့ပါကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးဟု ဆိုခဲ့သော်လည်း မိမိတို့နိုင်ငံတွင် ပဋိပက္ခများ များပြားနေခြင်းကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မီဒီယာ အခန်းကဏ္ဍအနေ ဖြင့် ပြောရမည်ဆိုပါက မိမိသည် နယ်စည်းမခြား သတင်းထောက်များအသင်းတွင် လုပ်ခဲ့ဖူးခြင်းကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖြစ်စေလိုကြောင်း၊ တချို့ မဲနှစ်မဲထည့်ခြင်း၊ သုံးမဲထည့်ခြင်းရှိကြောင်း၊  မရိုးသားသည့်နည်းဖြင့် တရားစွဲခြင်းဟု မဆိုလိုကြောင်း၊ သို့သော် မရိုးဖြောင့်ခြင်းတော့ ပေါ်လွင်ကြောင်း၊ ပျောက်ဆုံးနေသည့် မဲများကိုလည်း သက်ဆိုင်ရာကော်မရှင်က အဘယ်ကြောင့် ခွင့်ပြုထားသည်ကို သိလိုကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် သဘောရိုးဖြင့် လုပ်ရင်းကိုင်ရင်းနှင့် ရပ်/ကျေးကော်မရှင် များအနေဖြင့်  လစာလည်းမရရှိကြောင်း၊ အချို့တိုင်ကြားသူများ အနေဖြင့် တစ်နှစ် ကျော်ကြာမှ တိုင်ကြားလာမှုများရှိကြောင်း၊ အမှန်တကယ်အားဖြင့် ရပ်/ကျေးကော်မရှင်မှ  လုပ်နည်းကိုင်နည်းမှားခဲ့လျှင် မြို့နယ်ကော်မရှင်၊  ခရိုင်ကော်မရှင်၊  ပြည်နယ်ကော်မရှင်  အဆင့်ဆင့်တက်ရမည်ဖြစ်ကြောင်း၊   ပါတီကသော် လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်က သော်လည်းကောင်း၊   လူတစ်ဦးချင်းက သော်လည်းကောင်း တက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ တက်ထားခြင်းမရှိဘဲ ယခုအချိန်မှ ဘားအံမြို့၊ အမှတ်(၇)ရပ်ကွက်၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌကို ခရိုင်ကော်မရှင်ဦးစီးအရာရှိမှ တရားစွဲခဲ့ကြောင်း၊ ထိုသို့တရားစွဲခြင်းသည် ¤င်းခရိုင်ဦးစီးအရာရှိထံ တိုင်ကြားခြင်းကြောင့် တရားစွဲဆိုခြင်းလား ဆိုသည်ကို မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း၊ ထို့ကြောင့် အမျိုး သားပြန်လည်သင့်မြတ်ရေးအတွက် မီဒီယာ အခန်းကဏ္ဍမှ သွားစေလိုကြောင်း၊ အချို့အရာများကို ဖြေလျှော့ပေးရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ၊ တရားမဲ့ပြုကျင့်မှုများ စသည့်ပြဿနာ များဖြစ်ပွားခဲ့မှုအပေါ် အရေးယူဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ မိမိအနေဖြင့် ရှင်းလင်း ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ကော်မရှင်ထံသို့ အလားတူ တရားမဲ့ပြုကျင့်သည့် ဖြစ်စဉ်များ၊ မဲမသမာမှုဖြစ်စဉ်များ တင်ပြခဲ့ပါက အထောက်အထား စသည့်မှတ်တမ်း များရှိမည်ဖြစ်ကြောင်း၊ အလားတူကန့်ကွက် လွှာများတင်ပြခဲ့ပါကလည်း  အထောက် အထားနှင့် မှတ်တမ်းမှတ်ရာများ ရှိကြောင်း၊ အဆိုပါကိစ္စများနှင့် ပတ်သက်၍ ၂ဝ၂ဝ ပြည့်နှစ်  အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ခဲ့သည့်ပြဿနာများကို နောင်လာမည့် ရွေးကောက်ပွဲများတွင်   ထိုသို့သော ပြဿနာများမဖြစ်စေရန်၊ ပြည်သူလူထု များလည်းသိရှိစေရန်၊ ထိုအနေအထားဖြင့် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲသည် ကျင်းပပြီးခဲ့သည့် ၂ဝ၁ဝ၊ ၂ဝ၁၅ ရွေးကောက်ပွဲ၊ ကြားဖြတ်ရွေးကောက်ပွဲများ နှင့်မတူညီကြောင်း၊ ပြဿနာများလည်း များစွာဖြစ်ခဲ့ပြီး လက်ရှိအခြေအနေအထိ ရောက်ခဲ့ရသည့် အနေအထားကြောင့် မိမိတို့ကော်မရှင်အနေဖြင့် ယင်းသို့ဖြစ်စဉ်များ ထပ်မံမဖြစ်ပွားရန်အတွက်  ပြဿနာများ ကျူးလွန်မှုနှင့်ပတ်သက်ပြီး စိစစ်ဖော်ထုတ်အရေးယူမှုများရှိကြောင်း၊ သို့သော် မိမိ ရှင်းလင်းတင်ပြခဲ့သလို စွပ်စွဲခံရသူများသည် ဥပဒေနှင့်အညီ ခုခံချေပနိုင်ခွင့်ရှိကြောင်း၊ ထိုသို့ခုခံချေပရာတွင် မိမိသည် သဘောရိုးအရ ဆောင်ရွက်ပြီး မှန်မှန်ကန်ကန် ဆောင်ရွက်ရာမှ မှားယွင်းမှုများဖြစ်ပွားသည်ဆိုပါက သက်ဆိုင်ရာ တရားရေးအဖွဲ့အစည်းများမှ ဥပဒေနှင့်အညီသာ စီရင်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

နိုင်ငံ့အကျိုးပြု သတင်းမီဒီယာမှ သတင်း အယ်ဒီတာကိုခန့်က လွှတ်တော်သုံးရပ်တွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် တိုင်းပြုပြည်ပြု ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ်လောင်းများ အရည်အချင်း သတ်မှတ်ချက်အား     ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်  သို့မဟုတ်  ပါတီ၊ မည်သည့်အဖွဲ့အစည်းက သတ်မှတ်ပေးသည် ကို သိလိုကြောင်းမေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ကိုယ်စားလှယ်လောင်း၏ အရည်အချင်းနှင့် ပတ်သက်၍ နှစ်ပိုင်းရှိကြောင်း၊ တစ်ပိုင်းမှာ ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရာတွင် ရွေးကောက်ပွဲကော်မရှင်သို့  အရင်သွင်းရမည်ဖြစ်ကြောင်း၊  ထိုသို့တင်သွင်းရာ၌ ကော်မရှင်မှ ကိုယ်စားလှယ်လောင်းတွင် ရွေးကောက်ခံပိုင်ခွင့်အရ ပြည့်စုံရမည့် အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ မိမိတို့ကော်မရှင်မှ စိစစ်ရမည်ဖြစ်ကြောင်း၊ ကိုက်ညီမှုရှိရန်လိုကြောင်း၊ မကိုက်ညီပါက ဥပဒေကြောင်းအရ သွားရမည် ဖြစ်ကြောင်း၊ ထိုသို့တင်သွင်းရန် ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များအတွက် ပါတီအနေဖြင့် မိမိပါတီ၏အစီအစဉ်ဖြင့် ရွေးချယ်ရမည်ဖြစ်ကြောင်း၊ ပါတီအပိုင်းက ရွေးချယ်ပြီး ကော်မရှင်ကိုတင်ပြရမည်ဖြစ်ကြောင်း၊ ကော်မရှင်မှ ကိုယ်စားလှယ်လောင်းများအား သတ်မှတ်ချက်နှင့်ညီ/မညီ စိစစ်ရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

လူထုရင်ဖွင့်သံ သတင်းမီဒီယာမှ အယ်ဒီတာ ဦးမင်းဂေါင်က ဗိုလ်ချုပ်ဇော်မင်းထွန်း  ရှင်းပြသွားသည့် အထဲတွင် (NDAA) အင်ဒို-ပစိဖိတ်ကိစ္စအတွက် အမေရိကန်ဒေါ်လာ ၇ ဒသမ ၁ ဘီလီယံအထိသုံးမည်ဟု ကြားသိခဲ့ရကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြီးခဲ့သည့်သာဓကများလည်း ရှိခဲ့ခြင်းကြောင့် နိုင်ငံရေးတွင် မိမိတို့မြန်မာနိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို  ဝင်ရောက်စွက်ဖက်လာမည့် အန္တရာယ်များလည်း   ရှိလာနိုင်မည်ဟု နိုင်ငံရေးသမားများလည်း လေ့လာသိရှိပြီးဖြစ်ကြောင်း၊ ထိုအခြေအနေတွင် မိမိ တို့နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားအတွက် အမှန်တကယ် ခိုင်ခိုင်မာမာရှိသည့် ပါတီကောင်းများ မြောက်မြားစွာပေါ်ထွက်လာ ရန်လိုအပ်ကြောင်း၊ ပါတီများအနေဖြင့် မိမိတို့၏အမျိုးသား အကျိုးစီးပွားကောင်း ရန်ဟူ၍  မူဝါဒများနှင့် တည်ထောင်ပြီး တင်ပြနေသည်များ ရှိကြောင်း၊ သို့သော်လည်း လက်တွေ့မြေပြင်တွင် ပြီးခဲ့သည့် အနေအထားများအရ   မိမိတို့နိုင်ငံ၏ အကျိုးစီးပွားအတွက် စိုးရိမ်ဖွယ်ရာများ တွေ့လာရကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် အဆိုပါ ပါတီများ၊ နိုင်ငံရေး ကိုယ်စားလှယ်များကဲ့သို့ မိမိတို့နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားအပေါ် ခိုင်ခိုင်မာမာရှိမည့် ပါတီကောင်းများ၊ လွှတ်တော်ကိုယ်စားလှယ်ကောင်းများ ဖြစ်စေရန် လေ့ကျင့်ပျိုးထောင်ရန် အစီအစဉ်များ သို့မဟုတ်  NDAA ကဲ့သို့ နောက်ကွယ်မှ စွက်ဖက်လာမည့် အန္တရာယ်များ၊ ၂ဝ၂၂ ဘတ်ဂျက်အတွက် အန္တရာယ်ကြီးမားစွာ ရှိလာနိုင်ကြောင်း၊   ထိုအနေအထားတွင် ရရှိသည့်ကာလအတွင်း   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီနှင့်  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ယင်းကိစ္စများနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ဆောင်ရွက်သွားမည့် အခြေအနေကို သိလိုကြောင်းမေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီး မေးသည့်မေးခွန်းသည် မေးခွန်းကောင်း တစ်ခုဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ခံရသူများသည် နိုင်ငံတော်ကို အုပ်ချုပ်မည့် အစိုးရများဖြစ်လာမည်ဖြစ်သောကြောင့် အရေးကြီးကြောင်း၊ ထို့ကြောင့် နိုင်ငံ ရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများနှင့် အဆိုပါ ပုဂ္ဂိုလ်များသည် အရေးကြီးသည့် အခန်းကဏ္ဍတွင်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများရှိကြောင်း၊ ကိုယ်စားလှယ် များကိုရွေးချယ်မည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ရွေးကောက်ပွဲ ဥပဒေများရှိကြောင်း၊ အဆိုပါဥပဒေများကို သုံးသပ်ပြီးပြီးခဲ့သည့် အခက်အခဲများ၊ ပြဿနာများကို သုံးသပ်၍ မိမိတို့နိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် ကောင်းမွန်သည့် ဥပဒေများဖြစ်စေရန်  သုံးသပ်ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုဥပဒေမူဘောင်များ ကောင်းမွန်မှန်ကန်  ပြည့်စုံမည်ဆိုပါက အကျိုးရလဒ်သည်လည်း ကောင်းမွန်မည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းအား သတင်းထောက်များက မေးမြန်းသည်။

NP News သတင်းဌာနမှ သတင်းထောက် ဦးကျော်မျိုးမင်းက ၂ဝ၂၁ ခုနှစ် နိုင်ငံရေးအခင်းအကျင်းတွင် ဖေဖော်ဝါရီလနောက်ပိုင်းမှစပြီး  လမ်းများပေါ်တွင် တာယာ ကွင်းများကို မီးရှို့ဖျက်ဆီးခြင်း၊ လမ်းများပိတ်ဆို့ခြင်း၊  အကြမ်းဖက်ပြဿနာများ များစွာဖြစ်ခဲ့ကြောင်း၊ ထိုပြဿနာများဖြစ်ပြီး နောက်ဆက်တွဲအနေဖြင့် လက်နက်ကိုင် တော်လှန်သည့် အဆင့်ထိ ရောက်ခဲ့ကြောင်း၊ ပြည်သူလူထုက  ယခုအခြေအနေတွင် နှစ်ဖက်စလုံးကို ကြောက်နေကြရကြောင်း၊ အကြမ်းဖက်သူများကလည်း ၎င်းတို့က နိုင်ပြီဟုပြောကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကလည်း မြေပြင်တွင် ထိန်းချုပ်နိုင်ပြီဟု ပြောကြောင်း၊ သို့သော်လည်း ပြည်သူလူထုက ယခုအချိန်အထိ အကြောက်တရားဖြင့် နေရကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းပြန်ကြည့်လျှင်လည်း နှစ် ၇ဝ ကျော်တစ်လျှောက်လုံး ပြည်သူများ ကောင်းကောင်းမွန်မွန် ငြိမ်းငြိမ်းချမ်းချမ်း မနေရကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများ၊ အကြမ်းဖက်မှုများ ပြဿနာများနှင့်ရင်ဆိုင် နေရကြောင်း၊ လက်ရှိနိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူလူထု အေးအေးချမ်းချမ်း နေထိုင်ရအောင် ထိုကိစ္စများကို မည်ကဲ့သို့ တာဝန်ယူဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုက်ကြေကားတစ်စီး၏ ဒိုင်ယာရီကို ဖတ်ရသကဲ့သို့ပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ လွတ်လပ်ရေး ရပြီးကတည်းက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ရှိခဲ့ကြောင်း၊ သတင်းထောက်ကြီး မေးသကဲ့သို့ ၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်ဆိုလျှင်   မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည်မှာ (၇၅)နှစ်ပြည့်ပြီဖြစ်ကြောင်း၊ ထိုနှစ်ပေါင်း ၇၅ နှစ်အတွင်း ပြန်သုံးသပ်ကြည့်လျှင် ၁၉၄၈ ခုနှစ်၊ ၁၉၅၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ၊ ၁၉၈၈ ခုနှစ်မှ ၂ဝ၁၁ ခုနှစ် အထိ၊ အစိုးရအပိုင်းအခြားအလိုက် ၂ဝ၁၁  ခုနှစ်မှ  ယနေ့အချိန်ထိ မြန်မာနိုင်ငံထဲ၌ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းသွားသည့်နှစ် မရှိကြောင်း၊ ထို့ကြောင့် တိုက်ကြေကားတစ်စီး၏ ဒိုင်ယာရီဟု ပြောလိုကြောင်း၊ တိုက်ပြီးသား  ကားတစ်စီးက  မည်သူ့ ကြောင့် တိုက်ခဲ့သည်ဖြစ်စေ၊  မည်သည့်အကွေ့၊ မည်သည့်နေရာ၌ တိုက်ခဲ့သည်ဖြစ်စေ၊ တိုက်ပြီးသား ကားတစ်စီးက တိုက်ပြီးသားကား   တစ်စီးသာဖြစ်ကြောင်း၊ ထိုတိုက်ပြီးသားကားက သာမန်မတိုက်ရသေးသည့် ကားများအတိုင်း  မိမိမြှင့်ချင်သည့် အရှိန်တိုင်း မြှင့်၍မရကြောင်း၊ မိမိသွားလိုသည့် အကွေ့အတိုင်းလည်း ကွေ့၍မရကြောင်း၊ ထိန်းထိန်းသိမ်းသိမ်းဖြင့်သာ ထိန်း၍ မောင်းရမည်ဖြစ်ကြောင်း၊ ဒရိုင်ဘာထိုင်ခုံတွင် မည်သူထိုင်ထိုင် ထိုင်နေသည့် လူတွင်သာ တာဝန်ရှိကြောင်း၊ မြန်မာနိုင်ငံ တွင်သာမဟုတ်ဘဲ မိမိတို့ အိမ်နီးနားချင်း နိုင်ငံများတွင်လည်း ထိုသို့သာမြင်ပါကြောင်း၊ တရုတ်နိုင်ငံရှိ အင်္ဂလိပ်-တရုတ် ပထမဘိန်းစစ်ပွဲမှ စတင်ဖြစ်လာပြီး ၁၉၅ဝ ပြည့်နှစ်တွင် တရုတ်ကွန်မြူနစ် ပါတီပြန်တက်လာပြီးမှသာ  ပြုပြင်ပြောင်းလဲမှုများ လုပ်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံသည်လည်း ထိုနည်း လည်းကောင်းဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရပြီးခါစတွင်လည်း အိန္ဒိယ-ပါကစ္စတန် ကွဲထွက်မှုများ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသည်လည်း ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေးစစ်ပွဲ၊ အရှေ့ဘက်ကြည့်သော် လာအိုနိုင်ငံသည်လည်း ထိုနည်းအတိုင်းသာဖြစ်နေကြောင်း၊ အိမ်နီးနားချင်း နိုင်ငံထဲတွင် မတိုက်ဖူးသည့် ကားဟူ၍ ထိုင်း နိုင်ငံသာရှိကြောင်း၊ သို့သော် ထိုင်းနိုင်ငံလည်း ပွတ်ဆွဲခံရကြောင်း၊  ဂျပန်က  မြန်မာကို စစ်ဆင်ရန်အတွက် ထိုင်းနိုင်ငံကိုဖြတ်ခဲ့ကြောင်း၊  ဒီဘက်ကလည်း  ဟိုဘက်ကို စစ်ဆင်ရန်အတွက် ထိုင်းကိုဖြတ်ခဲ့ကြောင်း၊ သို့သော် ထိုကိစ္စများသည် အတိတ်သမိုင်း ဖြစ်ရပ်များဖြစ်ကြောင်း၊ ဖြစ်ခဲ့သည့်ဖြစ်စဉ်တိုင်းတွင်  မြန်မာနိုင်ငံ၌  လက်နက်ကိုင် ပဋိပက္ခများဖြစ်သည့်အခါ အမျိုးမျိုးသုံးသပ်ကြကြောင်း၊ တပ်မတော်ကြောင့်၊ တိုင်းရင်းသား လက်နက်ကိုင်များကြောင့် စသည်ဖြင့် အမျိုးမျိုးပြောကြကြောင်း၊ တစ်ဖက်ကလည်း အယူဝါဒရေးရာကြောင့် ဟူ၍  ပြောကြကြောင်း၊ မြန်မာလူမျိုးများ၏ နိုင်ငံရေး ဓလေ့စရိုက်ကြောင့်ဟူ၍လည်း ပြောကြကြောင်း၊ မည်သို့ပင်ဖြစ်စေ ဂျက်ဖရီဆာ့(စ) ရေးသားသည့် ဆင်းရဲမှုလွတ်ကင်းအောင် ဆိုသည့်စာအုပ်ထဲတွင်ပါသည့် စကားလုံးကို   ကိုးကားလိုကြောင်း၊  ဆင်းရဲမွဲတေမှု (Poverty)က    အကြောင်းရင်းတစ်ရပ်တည်း မဟုတ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏  ဆင်းရဲမွဲတေမှုကို လေ့လာသည့်အခါ မကျန်းမာသော လူတစ်ယောက်၊ နာလန်မထသည့် လူတစ်ယောက်ကို ကျန်းမာရေး စစ်ဆေးသည့်အခါ  ရောဂါပေါင်းစုံ တွေ့ရသကဲ့သို့ လည်းရှိကြောင်း၊  ထို့အတူ  မည်သူ့ကိုမှ အပြစ်မတင်     လုပ်ဆောင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်လျှင် အဓိက လိုအပ်ချက်ဖြစ်သည်ကို  အစိုးရအဆက်ဆက် ဖော်ထုတ်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးမရှိ၍ မိမိတို့တိုင်းပြည် တိုးတက်မှုမရှိခြင်းဖြစ်ကြောင်း၊ သို့သော် လက်တွေ့လုပ်ဆောင်ပြီး ပြေလည်သွားပါသည်ဟူ၍  လက်တွေ့တွင်  အားလုံးပြေလည်အောင် ဖြေရှင်းပေးနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းစ ကာလ  ၂ဝ၁၅  ခုနှစ်တွင် နိုင်ငံတကာ အဖွဲ့အစည်းများ အပါအဝင်NCA လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းသည် သမိုင်းမော်ကွန်း တစ်ရပ်ဖြစ်ကြောင်း၊ ယခုဒရိုင်ဘာထိုင်ခုံတွင် ထိုင်နေသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့်လည်း ငြိမ်းချမ်းရေးသည်သာ အဓိကဟုမြင်ကြောင်း၊ ငြိမ်းချမ်းရေးမရှိသည့်အတွက်   မိမိတို့ ခွန်အား၊ စွမ်းအားများ၊ အချိန်များသည် ထိုအပေါ်မှာသာ ကုန်ခဲ့ရကြောင်း၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အားစိုက်သင့်သလောက် အားမစိုက်ရကြောင်း၊ ထို့ကြောင့် ၂ဝ၂၂ ခုနှစ်တွင် ငြိမ်းချမ်းရေးကို လုပ်ဆောင်မည်ဟု ပြောခဲ့ခြင်းဖြစ်ကြောင်း၊ တစ်နှစ် တည်းဆိုသော်လည်း   ရောက်နိုင်သည့်အဆင့်ထိ ရောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊   ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ပြောသည့်အခါ မီဒီယာများကို မိမိမကြာ ခဏပြောခဲ့သကဲ့သို့ ၂ဝ၁၅ ခုနှစ်တွင် NCA လက်မှတ်ရေးထိုးသည် ဆိုသည်မှာ လက်မှတ်ရေးထိုးသည့် အချိန်ကိုသာမြင်ကြောင်း၊ ယခင်တပ်မတော်အစိုးရ လက်ထက် က NCA လက်မှတ်ရေးထိုးသည့် လူအများစုသည် အနည်းဆုံး Bilateral စာချုပ်ရှိကြ ကြောင်း၊ Gentlemen's Agreement များ ရှိကြကြောင်း၊  ၎င်းတို့သည် နယ်မြေသတ်မှတ်ချက်များ ရှိကြောင်း၊ ထိုအထဲမှ အခြေခံပြီးဖြစ်လာကြောင်း၊ ယခုအချိန်တွင် NCAလက်မှတ်မရေးထိုးသေးသူများ၊  NCA လက်မှတ်ရေးထိုးပြီးသူများသည် ငြိမ်းချမ်းရေးကို တက်လှမ်းနိုင်ရန်  အဆင့်များလိုကြောင်း၊ ထိုအဆင့်များထဲမှ အဆင့်များကို တက်နိုင်ရန်  မိမိတို့ ကြိုးစားဆောင်ရွက်မည်ဟု ပြောလိုကြောင်း ပြန်လည် ဖြေကြားသည်။

NP News သတင်းဌာနကပင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဘက်က ၂ဝ၂၃ ခုနှစ်၊ သြဂုတ်လမတိုင်မီ ရွေးကောက်ပွဲ လုပ်ပေးမည်ဟူ၍  ကတိကဝတ်များ ရှိခဲ့သည်ကို တွေ့ရကြောင်း၊ ထပ်ပြီးစိတ်ဝင်စား ဖွယ်ကောင်းသည့် ကတိကဝတ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို မည်သည့်အာမခံချက်များ ကြိုပေးထားနိုင်မည်ကို သိလိုကြောင်း၊   ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင်ကလည်း ပုဒ်မ ၂၆၁ ကို လွန်ခဲ့သည့် နှစ်နှစ်ကျော်က ပြောခဲ့ဖူးကြောင်း၊ ယခုကတည်းကကြိုပြီး မည်သို့သော နိုင်ငံရေး ကတိကဝတ်များ   ပေးနိုင်မည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး ပြောခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် နိုင်ငံရေး ပါတီ ၉၂ ပါတီရှိကြောင်း၊ ၉၂ ပါတီတွင် တိုင်းရင်းသား ပါတီပေါင်း ၄၈ ပါတီရှိကြောင်း၊ တိုင်းရင်းသား ပါတီပေါင်း ၄၈ ပါတီထဲတွင် တိုင်းရင်းသားပါတီ ၁၈ ပါတီမှာ ပူးပေါင်းပြီးဖြစ်ကြောင်း၊ ကချင် ၃ ပါတီ၊ ကယား ၂ ပါတီ၊ ကရင် ၃ ပါတီ၊ ချင်း ၃ ပါတီ၊ မွန် ၂ ပါတီ၊ ရခိုင်၂ ပါတီ၊ ရှမ်း ၂ ပါတီတို့ ပူးပေါင်းပြီးဖြစ်ကြောင်း၊  ပြည်နယ်တစ်ဝန်းလုံးကို စည်းရုံးမည့်ပါတီပေါင်း ၇၄ ခုရှိကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တွင် စည်းရုံးမည့်ပါတီ ၁၈ ပါတီရှိကြောင်း၊ ပါတီများခွဲမှတ်မည်ဆိုလျှင်   တည်ဆဲ ၉၂ ပါတီ၊ တိုင်းရင်းသားပါတီ ၄၈ ပါတီထဲတွင် ပူးပေါင်းပြီးပါတီများပါကြောင်း၊ EAO အဖွဲ့များအနက် NCA လက်မှတ်ရေးထိုးပြီးသား နဗဥ အဖွဲ့များ ၁ဝ ခုရှိကြောင်း၊ ၂ဝ၁၅ ခုနှစ်တွင် ၈ ဖွဲ့၊ NLD  အစိုးရလက်ထက်တွင် လက်မှတ်ရေးထိုးသည့် ၂ ဖွဲ့ စုစုပေါင်း ၁ဝ ဖွဲ့၊ NCA လက်မှတ်ရေးထိုးပြီး EAO အဖွဲ့ ၈ ဖွဲ့ရှိကြောင်း၊ အားလုံး အဖွဲ့ကြီးပေါင်း ၁၈ ဖွဲ့ရှိကြောင်း၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပါတီများ၊ EAO အဖွဲ့များကို မိမိတို့ပြောနိုင်သည်မှာ နံပါတ်(၁)အချက်အနေဖြင့် မိမိတို့ ကတိပေးထားသည့်အတိုင်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကို ပြန်ပြီးလုပ်ပေးမည်ဖြစ်ကြောင်း၊ နံပါတ်(၂) ပေးနိုင်သည့်ကတိမှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု စနစ်ကို မိမိတို့အာမခံကြောင်း၊ ဒီမိုကရေစီကို မိမိမရှင်းပြတော့ဘဲ ဖက်ဒရယ်စနစ်ကိုသာ ပြောမည်ဖြစ်ကြောင်း၊   နိုင်ငံတော် ဝန်ကြီးချုပ်က စတုတ္ထအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံတွင် ပြောခဲ့ပြီးဖြစ်ကြောင်း၊     ၎င်းအထဲတွင် ဖက်ဒရယ်ဆိုသည်မှာ မတူကွဲပြားနေသည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ လူမျိုးများ၊ လူမျိုးစုများကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်များကို  ခွဲဝေကျင့်သုံးသည့် အယူအဆသဘောတရားဟု ပြောကြောင်း၊ မိမိတို့ ယူဆထားသည့် ဖက်ဒရယ်သည် ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းဖြစ်ကြောင်း၊ နံပါတ်(၃)အချက်က    နိုင်ငံရေးပါတီ၊ တိုင်းရင်းသားပါတီဝင်များ အပါအဝင် နိုင်ငံရေးပါတီများသည် ၎င်းတို့ကိုထောက်ခံသည့် ပြည်သူလူထုကို ကိုယ်စားပြုသည့် လူများဖြစ်ကြောင်း၊ ထို့ကြောင့် မတူကွဲပြားသည့် ကိုယ်စားပြုမှုများရှိကြောင်း၊  ပါတီများက ဝါဒရေးရာအရ ဖြစ်လာသည့်  ပါတီများဖြစ်ကြောင်း၊ ဥပမာပြောရလျှင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မေးလျှင်   ၎င်းက ဒီမိုကရေစီဟု ပြောမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ တပ်ထားသည့် ပါတီကို ၎င်းတို့၏ ရည်မှန်းချက်ကိုမေးလျှင်   ဒီမိုကရေစီဟုပြောကြောင်း၊ ပြည်ခိုင်ဖြိုးပါတီကိုမေးလျှင် ပြည်ထောင်စုကြံ့ခိုင် ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီဟုပြောမည်ဖြစ်ကြောင်း၊ ထိုအရာများသည် ဝါဒရေးရာ ပါတီများဖြစ်ကြောင်း၊ ၎င်းတို့သွားမည့်    ဒီမိုကရေစီ လမ်းကြောင်းချင်း အနည်းငယ်ကွဲပြားချင် ကွဲပြားလိမ့်မည်ဖြစ်ကြောင်း၊ လူမျိုးရေးနှင့် ပတ်သက်သည့် ပါတီများသည် လူမျိုးစုအလိုက် ကိုယ်စားပြုသည့် ပါတီများဖြစ်ကြောင်း၊ ဒေသအလိုက် ကိုယ်စားပြုသည့်ပါတီများ အနည်းငယ်ရှိကြောင်း၊ ထိုပါတီများက ကိုယ်စားပြုမှုအပေါ် မူတည်ပြီး    ၎င်းတို့၏ပရိသတ်များ ရှိကြောင်း၊ ထို့ကြောင့် ပါတီများ၊ တိုင်းရင်းသား လူမျိုးစုများကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ရေးအတွက် မိမိတို့သည် အချိုးကျကိုယ်စားပြုစနစ် PR ကို သွားမည်ဟု အာမခံကြောင်း၊ နံပါတ်(၄)အချက်ကို နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်  ၂ဝ၂ဝ ပြည့်နှစ်၊ NCA (၅)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မိမိတို့ဒေသ အကျိုးကို မိမိတို့ကိုယ်တိုင် ပိုမိုဖော်ဆောင်နိုင်ရန် သက်ဆိုင်ရာ ဒေသခံပြည်သူများ အနေဖြင့် ဒီမိုကရေစီ၏ အနှစ်သာရကို ပိုမိုခံစားရရှိနိုင်ရန် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များက ရွေးချယ်ခန့်ထားနိုင်ရန် တပ်မတော်က လိုလားကြောင်း၊     ထို့ကြောင့် သက်ဆိုင်ရာ ဝန်ကြီးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်များ၊   တိုင်းဒေသကြီး လွှတ်တော်များက ရွေးချယ်ခန့်ထားနိုင်ရန် မိမိတို့ ကတိပေးခဲ့ပြီးဖြစ်ကြောင်း၊ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ၂ဝဝ၈   ဖွဲ့စည်းပုံအခြေခံ ဥပဒေဇယား ၂ တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များက ဥပဒေပြုစာရင်း အချက် ၃၄ ချက် မိမိတို့ ဆောင်ရွက်ပေးခဲ့ကြောင်း၊  ဇယား ၅ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက အကောက်ခံရမည့်   အကောက်ခွန်များအချက် ၂ဝ  ကို   ပြင်ဆင်ပေးခဲ့ကြောင်း၊ တိုးချဲ့ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် လိုအပ်လျှင် ထပ်မံတိုးချဲ့နိုင်ရန် ဆွေးနွေးမည်ဟု ပြောခဲ့ကြောင်း၊ အခြေခံဥပဒေတွင် ပြည်နယ်များ၊ တိုင်းဒေသကြီးများ၏ လုပ်ပိုင်ခွင့်များ အခွန်အကောက်များကို ထိုဇယား ၂ နှင့် ဇယား ၅ တွင် ဖော်ပြထားကြောင်း၊ ထိုသို့ပြုပြင်ကတည်းက   တပ်မတော်အနေဖြင့် ထောက်ခံခဲ့ကြောင်း၊ ထိုသို့ နောက်ထပ်လုပ်ဆောင်နိုင်ရန်   ကတိပေးနိုင်ကြောင်း၊ နံပါတ်(၆)အနေဖြင့် ငြိမ်းချမ်းရေးအတွက် ခြေလှမ်းအသစ်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပါတီများ အနေဖြင့် UEC နှင့် တွေ့ဆုံခဲ့မှုများ ရှိကြောင်း၊ ငြိမ်းချမ်းရေး ဦးဆောင်မှုညှိနှိုင်းရေး အဖွဲ့နှင့် တွေ့ဆုံခဲ့ခြင်းများလည်း ရှိကြောင်း၊ ထိုနေရာတွင်လည်း လမ်းဖွင့်ပေးထားခဲ့ကြောင်း၊ ညှိနှိုင်းဆွေးနွေးပြီးမှ နောက်ထပ်ခရီး ဆက်နိုင်ရန် မိမိတို့ ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း၊ မိမိတို့ကတိပေးနိုင်သည့်   အချက် ၅ ချက်ကို ပြောပြီးဖြစ်ကြောင်း၊ ဆက်လုပ်သွားမည့် အချက်တစ်ချက်ရှိပြီး  ထိုအချက် ၆ ချက်သည် တိုင်းရင်းသားပါတီများနှင့် EAO အဖွဲ့များကို မိမိတို့ လက်တွေ့ ဆောင်ရွက်နေသည့်၊ ကတိပေးနိုင်သည့် အချက်များဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

သူရိယနေဝန်းသတင်းဌာန ကိုယ်စားပြု မသဇင်ဦးက လာမည့် ဖေဖော်ဝါရီလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနှင့် နိုင်ငံတော်တာဝန် လွှဲပြောင်းတာဝန်ယူခဲ့သည်မှာ တစ်နှစ်ပြည့်ပြီဖြစ်ကြောင်း၊ တစ်နှစ်ပြည့်ပြီဖြစ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက် ပုဒ်မ ၄၂၅ အရ ဆက်လက်၍ သက်တမ်းတိုးသွားရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်းနှင့် လာမည့် ၂ဝ၂၃ ခုနှစ် သြဂုတ်လတွင် နောက်ဆုံးထား၍ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေး သွားမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသွားမှု ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် ယနေ့ကာလတွင် တည်ငြိမ်မှု မရှိသေးသဖြင့် လာမည့် ၂ဝ၂၃ ခုနှစ်တွင်  မိမိတို့မျှော်လင့် ထားသကဲ့သို့ ရွေးကောက်ပွဲကြီး ကျင်းပရန် ဖြစ်မှဖြစ်ပါ့မလား ဆိုသည့် စိုးရိမ်စိတ်များဖြစ်နေကြောင်း၊    ယင်းနှင့် ပတ်သက်ပြီး သိရှိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တစ်နှစ်ပြည့်မြောက်ပြီ ဖြစ်ကြောင်း၊  တစ်နှစ်ပြည့်မြောက်ပြီးလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များအရ  မိမိတို့လုပ်ဆောင်ရမည့် ပြဋ္ဌာန်းချက်များ၊ နည်းလမ်းများ ရှိပြီးဖြစ်ကြောင်း၊ မိမိတို့အနေနှင့် ရှိနေသည့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အခြေအနေတင်ပြပြီး သက်တမ်းတိုးနိုင်ရန် ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊   ယခုဖြစ်ပျက်နေသည့် အခြေအနေမှာ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း မြောက်ပိုင်း၊ မကွေးတိုင်း မြောက်ပိုင်း၊ တချို့နေရာများတွင်  မငြိမ်မသက်ဖြစ်နေသည်များ၊ အကြမ်းဖက်မှုများ ရှိနေသေးကြောင်း၊ ၂ဝ၂၃ ခုနှစ် သြဂုတ်လသည် ဥပဒေအရ နောက်ဆုံး ရွေးကောက်ပွဲကျင်းပရမည်ဖြစ်ကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်ပြီး မိမိတို့ကတိအတိုင်း ဖြစ်နိုင်အောင် ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း၊ သို့သော် မငြိမ်မသက်ဖြစ်အောင် မိမိတို့လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း၊ NUG ၊  PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့် တချို့သော EAO အဖွဲ့ထဲက  အစိတ်အပိုင်းအချို့ကသာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေနှင့် EAO အဖွဲ့များနှင့် ပတ်သက်ပြီး မိမိတို့၏ စခန်းများ၊ လမ်းပန်းဆက်သွယ်မှု   လုံခြုံချောမွေ့စေရေး နေရာများ၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို လာရောက် မတိုက်ခိုက်မချင်း မိမိတို့အနေဖြင့် တိုက်ခိုက်မှု မရှိကြောင်း၊ သို့သော် လာရောက်ထိပါးလာပါက မိမိတို့အနေနှင့် လုံခြုံရေးအရ လိုအပ်သလို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊    မိမိအနေဖြင့် ထပ်ပြောရလျှင် ကတိအတိုင်းဖြစ်နိုင်အောင် ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း ပြန်လည်ဖြေကြားသည်။

သူရိယနေဝန်းသတင်းဌာန ကိုယ်စားပြု မသဇင်ဦးကပင် ယခုလက်ရှိ ဖြစ်ပျက်နေသည့်   ပြဿနာတော်တော်များများတွင် ဝန်ထမ်းများဆိုလျှင် လစာအခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော်အနေဖြင့် တိုးမြှင့် မပေးနိုင်သေးသည်ကို မိမိတို့ နားလည်နိုင်ပါကြောင်း၊ တစ်ဖက်တွင်လည်း ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ပြည်သူများ အလူးအလဲ ခံနေရကြောင်း၊ ကုန်ဈေးနှုန်းဆိုသည်ထက် ဆီဈေး တိုးမြင့်မှုပြဿနာက အလွန်ဆိုးဆိုးရွားရွားဖြစ်နေကြောင်း၊ အထူးသဖြင့် ဆီဈေးနှင့် ပတ်သက်၍   လေ့လာကြည့်ရာတွင် ပြည်ပက တင်သွင်းသည့်ဆီများကို  ဈေးမသက်မသာနှင့် ဝယ်ရသည်ကို နားလည်ပေးနိုင်သော်လည်း   မိမိတို့ပြည်တွင်းက ထုတ်လုပ်နိုင်သည့် ဆီများကို အစိုးရဈေးနှုန်းနှင့် ရောင်းချခြင်းမရှိဘဲ နိုင်ငံခြားက တင်သွင်းသည့် ဈေးနှုန်းအတိုင်း၊ ရောင်းချနေသည့် ဆီဆိုင်များရှိကြောင်း၊ မြန်မာနိုင်ငံရှိ ဆီဆိုင် ၁ဝဝ တွင်    ဆိုင်ပေါင်း ၉ဝ ကျော်ခန့်က ဆီခြင်တွယ်မှု  မမှန်မကန် လုပ်ဆောင်နေသည်ကို မိမိတို့ကိုယ်တွေ့ တွေ့ရှိခဲ့ကြောင်း၊ ယင်းနှင့်ပတ်သက်၍    မည်သို့ကြီးကြပ် လုပ်ဆောင်ပေးနိုင်မည်ကို သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာနိုင်ငံ၌ စက်သုံးဆီ ထုတ်လုပ်နေသည့် ရေနံချက်စက်ရုံများရှိကြောင်း၊    သို့သော် လက်ရှိတွင် လုပ်ငန်းပြည့် လည်ပတ်နေသည့်စက်ရုံမှာ ယခင်ကတည်းက စက်ရုံတစ်ရုံသာ ရှိကြောင်း၊ ရေနံထွက်နှုန်းနှင့်  ၎င်း၏ ထုတ်လုပ်နိုင်စွမ်းက  ပြည်တွင်း သုံးစွဲနေသည့်ပမာဏ၏ ၁ဝ ရာခိုင်နှုန်းခန့်သာရှိကြောင်း၊ စက်အခြေအနေကလည်း အဆင့်မြင့်သည့် စက်သုံးဆီ မထုတ်လုပ်နိုင်ကြောင်း၊ 92 ၊ 95 တို့ကို မထုတ်လုပ်နိုင်ကြောင်း၊ 70 Ron သာ ထုတ်လုပ်နိုင်ကြောင်း၊ ၉ဝ ရာခိုင်နှုန်းကျော်က ပြည်ပမှ ပြည်တွင်းကို တင်သွင်းနေရကြောင်း၊ ရေနံစိမ်းဈေးများလည်း တက်နေကြောင်း၊ စက်သုံးဆီနှင့်ပတ်သက်ပြီး မိမိတို့ ဖြေလျှော့ဆောင်ရွက်ပေးနေသည်မှာ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာများ ရောင်းချပေးပြီး တိုင်းနှင့်ပြည်နယ်အလိုက် အရောင်းဆိုင် ၂၂ဝ ကျော်တွင် သက်သာသည့် ဈေးနှုန်းအတိုင်း   ရောင်းချပေးလျက်ရှိကြောင်း၊ ယင်းသို့ရောင်းချရာတွင်လည်း သက်ဆိုင်ရာ ကော်မတီများ၏ ကြီးကြပ်မှုနှင့်    လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် အခြားသက်ဆိုင်သည့် ဌာနများ  ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းစေရေး   ဆောင်ရွက်လျက်ရှိကြောင်း၊   ယခင်ခေတ်ကကဲ့သို့ အစိုးရ စက်သုံးဆီဆိုင်များက ဖြန့်ဖြူးပေးခြင်းမျိုး မဖြစ်နိုင်တော့ကြောင်း၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ယခင်က မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး အရောင်းဆိုင်များကို ပုဂ္ဂလိကသို့လွှဲပြောင်းပေးခဲ့ပြီးနောက်   လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို   ၂ဝ၁၇ ခုနှစ်တွင် ဥပဒေပြဋ္ဌာန်းပြီးဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေနှင့် ဘေးကင်း လုံခြုံမှုရှိစေရန်နှင့် လွတ်လပ်မျှတသည့် ဈေးကွက်ဖြစ်စေရေးအတွက် အဓိကထား၍ ကြပ်မတ်လျက်ရှိကြောင်း၊    နိုင်ငံပိုင် ရေနံချက်စက်ရုံ၏ ထုတ်လုပ်နိုင်သည့်ပမာဏ၊ ထုတ်လုပ်နိုင်သည့် ဓာတ်ဆီ အရည်အသွေးများက နိုင်ငံတော်၏ မြို့အင်အားအလိုက်   အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချရန် လက်ရှိအခြေအနေအရ လုပ်၍မရနိုင်ကြောင်း၊ ထိုကိစ္စများနှင့် ပတ်သက်၍ စက်သုံးဆီဈေးနှုန်း ကြီးကြပ်ရေးကော်မတီကို မိမိတို့အနေဖြင့် ပြော၍ရကြောင်း၊ အရည်အသွေးစစ်ဆေးရေး ကော်မတီအနေနှင့်လည်း လိုက်ပါဆောင်ရွက်ပေးနိုင်သည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖေါ်ပြပါမည်-