နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ သတင်းထုတ်ပြန်ရေး အဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ်သည့် (၁၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ မှတ်တမ်း   အပိုင်း(၂)

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ သတင်းထုတ်ပြန်ရေး အဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ်သည့် (၁၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ မှတ်တမ်း   အပိုင်း(၂)

(ဆက်ရန်)

သူရိယနေဝန်း သတင်းဌာန ကိုယ်စားပြု မသဇင်ဦးက ၂ဝ၂၂ ခုနှစ် WTI ၏ အစီရင်ခံစာလည်း ထွက်ပေါ်လာပြီဖြစ်ကြောင်း၊ ထိုအစီရင်ခံစာတွင်    ကိုဗစ်စတုတ္ထလှိုင်းအလွန်၌   ဆီဈေးများ ထပ်မံမြင့်တက်ရန်ရှိသည်ဟု ဖော်ပြထားကြောင်း၊ ယခုလက်ရှိ မိမိတို့နိုင်ငံတွင်    ဖြစ်ပျက်နေသည်မှာ ဆီဈေးနှုန်းမြင့်မားမှု အပြင် ဆီဆိုင်များ၏ ခြင်တွယ်မှု မမှန်ကန်သည့်ပြဿနာကို ရင်ဆိုင်နေရသည့်အတွက် ယင်းဆိုင်များကို အရေးယူရန် မည်သို့ဆောင်ရွက်မည်ကို   သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်သုံးဆီ ကြီးကြပ်ရေး အရည်အသွေး စစ်ဆေးရေး ကော်မတီရှိကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး ယခင်ကလည်း   ထုတ်ပြန်ခဲ့ဖူးကြောင်း၊ တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များလည်း သတင်းစာများတွင်  ထုတ်ပြန်ခဲ့ကြောင်း၊ ပြည်သူလူထုကလည်း တစ်ဖက်တစ်လမ်းက ကူညီသောအားဖြင့် မသမာမှုများတွေ့လျှင် ၎င်းနေရာများကို တိုင်ကြားရန်၊ အကြောင်းကြားပေးရန် မိမိအနေနှင့် မေတ္တာရပ်ခံလိုကြောင်း ပြန်လည်ဖြေကြားသည်။

97 Media မှ   သတင်းထောက်ချုပ် နန္ဒလင်း(ထားဝယ်)က ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မြန်မာနိုင်ငံကို အလုပ်သဘောအရ လာရောက်ခဲ့သည့် ခရီးစဉ်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ အာဆီယံ အထူးကိုယ်စားလှယ်နှင့်  ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ ဆောင်ရွက်နေသည့် အခြေအနေကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ကမ္ဘောဒီးယားနိုင်ငံနှင့်    နှစ်နိုင်ငံ သဘောတူညီချက်ကို ပြောခဲ့ပြီးဖြစ်ကြောင်း၊ အစိုးရချင်း ဆွေးနွေးခဲ့ခြင်းများ ရှိကြောင်း၊ စီးပွားရေးနှင့် ပတ်သက်ပြီး နှစ်နိုင်ငံကြား  ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် အခွန်နှစ်ထပ်ကောက်ခံမှု ကင်းလွတ်ရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ထိုးနိုင်ခဲ့ပြီး ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စများကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်သည့်အခါတွင် မြန်မာနှင့် ကမ္ဘောဒီးယား နိုင်ငံအကြား   တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းမည့်ကိစ္စများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ပညာရေးကဏ္ဍတွင် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံအကြား ၂ဝ၁၇-၂ဝ၂၁ ပညာရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ ချုပ်ဆိုပြီးဖြစ်ကြောင်း၊ ၂ဝ၂၁ ခုနှစ်တွင် သက်တမ်းကုန်ပြီဖြစ်ကြောင်း၊ သက်တမ်းတိုးမြှင့် ချုပ်ဆိုနိုင်ရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ  တပ်မတော်(ကြည်း၊ရေ၊လေ) တပ်ဖွဲ့များ    နှစ်ဖက်ပူးပေါင်း ဆောင်ရွက်မည့်    ကိစ္စရပ်များ၊ ပြန်ကြားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသွားမည့် ကိစ္စရပ်များ ဆောင်ရွက်ခဲ့ပါကြောင်း၊   ထို့ပြင်   သာသနာရေးနှင့် ယဉ်ကျေးမှုကဏ္ဍတွင် ကမ္ဘောဒီးယားက ဘုန်းတော်ကြီးနှင့် သီလရှင် အရေအတွက် ၂၄၉ ပါးကို   မြန်မာနိုင်ငံ နိုင်ငံတကာ ထေရဝါဒဗုဒ္ဓဘာသာ သာသနာပြုတက္ကသိုလ်တွင် ပညာသင်ခွင့် ပေးခဲ့ပါကြောင်း၊ ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရန် ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ နှစ်နိုင်ငံ ရှေးဟောင်းမြို့တော်များ အချင်းချင်းဆက်သွယ်ရန်၊  နှစ်နိုင်ငံ ယဉ်ကျေးမှုမြို့တော်များ အချင်းချင်း ဆက်သွယ်နိုင်ရန် လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့်   ပိုမိုတိုးမြှင့်နိုင်မည်ဟု ပြောလိုကြောင်း     ပြန်လည်ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက   ပညာရေးနှင့် ပတ်သက်ပြီးမေးမြန်းလိုကြောင်း၊ လူမှုကွန်ရက်၌ ယခုရက်ပိုင်းတွင် ပျံ့နှံ့လာသည့်   တက္ကသိုလ် ဝင်ခွင့်ဖြေဆိုရန်အတွက် ကျောင်းတက်နေသည့်သူများကို မဆိုလိုဟု ထင်ကြောင်း၊ အပြင်ဖြေဖြေရန်အတွက် ကျောင်းသားများအတွက် ရည်ညွှန်းသည့် သဘောကို တွေ့ရကြောင်း၊ ဝင်ခွင့်/ဖြေခွင့် ဖောင်တင်ထားသည့် ကျောင်းသားများအထဲတွင် တိုင်းရင်းသားလူငယ် ကျောင်းသား/ကျောင်းသူများထက် လူမျိုးခြား ဝင်ဖြေမည့် ကျောင်းသား/ကျောင်းသူများက    ပိုပြီးများသည်ဟု သတင်းများ ပျံ့နှံ့နေကြောင်း၊ ထိုကိစ္စ မှန်/မမှန် အတည်ပြုပေးနိုင်ပါရန်နှင့် ယင်းသည် လူမျိုးရေးဘက်တွင်လည်း ဆက်နွှယ်နေသည့် အနေအထားကိုတွေ့ရကြောင်း၊ ပညာရေးနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ရှေ့တွင် ဓာတ်ပုံများနှင့် ပြသခဲ့ပြီးဖြစ်ကြောင်း၊    ကယားပြည်နယ် လွိုင်ကော်က စာသင်ကျောင်းတွင် PDF များက အခိုင်အမာ စခန်းများလုပ်ခြင်းများ ရှိကြောင်း၊ ထိုဖြစ်စဉ်များနှင့် ဆက်စပ်ပြီး  ဘာသာရေးကျောင်းများ၊ အများပြည်သူနှင့်ဆိုင်သည့်   နေရာများဖြစ်နေသည့် လူနေအိမ်များမှ ပစ်ခတ်လာခြင်းများ ဖြစ်လာသည့်အတွက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းတွင်    စစ်ရာဇဝတ်မှု ကျူးလွန်သည်ဟု ထုတ်ပြန်ခဲ့ခြင်း တွေ့ရ ကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း ထိုသို့ စစ်ရာဇဝတ်မှုဖြစ်ခဲ့ခြင်း၊ ထုတ်ပြန်ခြင်း၊ တပ်မတော်ဘက်က ထုတ်ပြန်ခဲ့ခြင်း ရှိ/မရှိ၊ ပညာရေးတွင် စစ်ကျွန် ပညာရေးနှင့် သခင်ပညာရေးဟု ၂ မျိုး လိုင်းပေါ်တွင် ပြောဆိုနေကြသည့် အနေအထားတွင် ပညာရေးကို နေရာဒေသတချို့တွင် သခင်ပညာရေး စာသင်ကျောင်းဟု ဖွင့်လှစ်လာသည်ကို တွေ့ရကြောင်း၊ မိမိတို့ သိရှိထားသည့် ပညာရေးစီမံချက်သည် ၂ဝ၃ဝ အထိ ပညာရေးစီမံချက် အဆင့်လိုက် ချထားသည်ဟု သိရကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ တာဝန်ယူနေစဉ် ဖွင့်လှစ်သည့်စာသင်ကျောင်းများတွင်  တက်ရောက် သင်ကြားမှုမရှိဘဲ သခင်ပညာရေးဟု ဖွင့်လှစ်သည့် စာသင်ကျောင်းများတွင် တက်ရောက်ပြီး စာသင်ကြားခဲ့သည့် ကလေးများသည် လာမည့်နှစ် ၂ဝ၂၃ ခုနှစ်   သြဂုတ်လတွင် ပြန်ပြီးရွေး ကောက်ပွဲများ လုပ်မည်ဆိုပါက ထိုမတိုင်ခင် ကြားကာလနှင့် ယခု ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်ကြား ကာလတွင် တိုင်းပြည်တည်ငြိမ်သွားသည့် အခြေအနေ   အချိန်အခါတွင် စာသင်ကျောင်းများကို ၎င်းကလေးများ ရောက်လာမည် ဆိုပါက ၎င်းတို့သည် ယခု အခြားဘက်က  သင်ကြားပေးနေသည့် သခင်ပညာရေး ကျောင်းဘက်မှ အောင်မြင်သည်ကို  ဒီဘက်က   ခွင့်ပြုမည်လား၊ မည်သည့်ပုံစံဖြင့် သွားမည်ကို ပညာရေးနှင့် ပတ်သက်ပြီး သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက  စာမေးပွဲ ဖြေခြင်းနှင့် ပတ်သက်၍    အပြင်ဖြေ ဖြေသည်ကို နိုင်ငံတော်အစိုးရအနေဖြင့် ကန့်သတ်၍မရကြောင်း၊   အကျုံးဝင်သူများ၊ လျှောက်လွှာတင်သူများ ဖြေရမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် သုံးသပ်၍ခက်ပါကြောင်း၊  Facebook တွင်တွေ့သည်မှာလည်း      ရမ်းသမ်း သုံးသပ်ချက်ဖြစ်ကြောင်း၊ တိုင်းရင်းသားများမပါ၊ ဘာသာခြားများ ပါသည်ဟူသည်မှာလည်း သွေးထိုးလှုံ့ဆော်မှု တစ်ခုသာဖြစ်သည်ဟု မိမိမြင်မိပါကြောင်း၊ လျှောက်လွှာတင်သည့်အခါ  အမည်များ အမျိုးမျိုးဖြစ်နေနိုင်ကြောင်း၊ နာမည်တွင် ဦးရာဂျူးဟု မှည့်ထားသော်လည်း ၎င်းသည်ဗမာစစ်စစ်ကြီးဖြစ်ကြောင်း၊ ၎င်းသည် အကြောင်းရှိ၍သာ ဦးရာဂျူးဟု မှည့်ထားခြင်းဖြစ်ပြီး ဦးရာဂျူးဟုမြင်တိုင်း အခြားလူမျိုးခြားဟု မှတ်၍မရကြောင်း၊   ထိုသို့ရှိနိုင်သည်ဟု ဥပမာပြောပြခြင်း ဖြစ်ကြောင်း၊ အထက်တန်း ပညာရေးပြီးဆုံးမှသာ  ဘွဲ့ရရန်ဖြစ်နိုင် ကြောင်း၊ အထက်တန်း ပညာရေးပြီးဆုံးမှသာ လုပ်ငန်းခွင်ဝင်ခွင့် ပိုကျယ်လာမည်ဖြစ်ကြောင်း၊ ပညာသင်ကြားနိုင်သူ၊ ပညာသင် ကြားရန်အရွယ်ရှိသူ အားလုံးကို နိုင်ငံတော် အစိုးရအနေဖြင့် အနည်းဆုံးအဆင့် KG+9ပညာရေးစနစ်ကိုမျှော်မှန်းပြီး လုပ်ဆောင် ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားပြည်သူ

လူထုတစ်ရပ်လုံးက ထိုလုပ်ငန်းစဉ်တွင် ပါဝင်စေရေး မိမိတို့သားသမီးများ၊ မိမိတို့နှင့်သက်ဆိုင်သည့် အုပ်ထိန်းခွင့်ရှိသူများ ပါဝင်စေရေးအတွက် ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ပေးကြပါဟု ပြောလိုကြောင်း၊ စစ်ရာဇဝတ်မှုနှင့် ပတ်သက်သည့် အသုံးအနှုန်းကို ယခင်က မြန်မာနိုင်ငံတွင်ဖြစ်ခဲ့သည့် အခြေအနေအရ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများတွင် စစ်ရာဇဝတ်မှုနှင့် ပတ်သက်သည့် ရာဇဝတ်မှုများ များစွာရှိကြောင်း၊ သို့သော် ကျယ်ကျယ်ပြန့်ပြန့် စစ်ရာဇဝတ်မှုဟူ၍ စွပ်စွဲခြင်းမျိုးမရှိကြောင်း၊  ဥပမာ - ဗကပ ခေတ်က ဆင်စွယ်ရွာတစ်ရွာလုံး အသတ် ခံရသည့် ဖြစ်စဉ်မျိုးများ ရှိကြောင်း၊ စစ်ရာဇဝတ်မှု၊  War Crime? Human Against?၊ လူသားမျိုးနွယ်စု အပေါ် ကျူးလွန်သည့်ပြစ်မှုများသည်   ယခုနောက်ပိုင်းမှသာ နိုင်ငံ တကာ အသုံးအနှုန်းများနှင့် ဖြစ်လာခြင်းဖြစ်ကြောင်း၊ စစ်ရာဇဝတ်မှုဟု ပြောရခြင်းသည် စာသင်ကျောင်းများတွင်  တပ်စွဲခြင်းမျိုး၊ လူသားတံတိုင်းအသုံးပြုပြီး   ရပ်ကွက်/ ကျေးရွာများကို ပစ်ခတ်တိုက်ခိုက်ခြင်းများ၊ ကယားဖြစ်စဉ်တွင် သာမန်အရပ်သားများ လိုက်ပါ စီးနင်းလာသည့်     လေယာဉ်ကို အရပ်သားရပ်ကွက်ထဲမှ ပစ်ခတ်ခြင်းမျိုးကို ပြောခြင်း ဖြစ်ကြောင်း၊ စစ်ကျွန်ပညာရေး၊ သခင်ပညာရေးဟု မရှိပါကြောင်း၊ NUG ၊

CRPH ၊ PDF အမည်ခံအဖွဲ့များသည် ၎င်းတို့ပြောနေသည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ပညာရေးကို သင်ခဲ့ကြခြင်းဖြစ်ကြောင်း၊     မိမိတို့လည်း ထိုပညာရေးကို   သင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုပညာရေးကိုသင်ပြီး နိုင်ငံခြားသို့သွားပြီး အလုပ်လုပ်နေသူများ ရှိကြောင်း၊ တန်းတူညီတူ ရင်ပေါင်တန်း အလုပ်လုပ်နေသူများလည်း ရှိကြောင်း၊ ပညာရေးစနစ်ဆိုသည်ထက် တစ်ဦးချင်း အပေါ်တွင်လည်း မူတည်ကြောင်း၊ ပညာရေးစနစ်ကောင်း/မကောင်းဟု မိမိပြောနေခြင်း မဟုတ်ကြောင်း၊ ပညာရေးစနစ်နှင့် ပတ်သက်ပြီး လုပ်ဆောင်နိုင်သည်ထက် လူအပေါ်တွင်လည်း မူတည်ကြောင်း၊ အစိုးရတစ်ရပ်တွင် ကျောင်းနှစ်ကျောင်း မရှိပါကြောင်း၊ အစိုးရနှင့် အစိုးရ အသိအမှတ်ပြု   ပုဂ္ဂလိကကျောင်းများ ရှိကြောင်း၊ စည်းမျဉ်းစည်းကမ်းအရ လိုက်နာပြီး အောင်လာသည့်ကျောင်းများက ပုံမှန်အတိုင်း အတန်းတက်မည်ဖြစ်ကြောင်း၊ မိမိတို့အိမ်နီးချင်းနိုင်ငံဖြစ်စေ၊ နိုင်ငံခြားတွင် ပညာသင်ကြားလာပြီး ၎င်းနိုင်ငံနှင့် သဘောတူထားသည့် အဆင့်အတန်းရှိလျှင် ရကြောင်း၊ အခြားနိုင်ငံတွင် ၁ဝ တန်း တက်လာပြီး မိမိတို့နိုင်ငံတွင် ၁ဝ တန်း တက်၍ ရသည်ဟု မရှိကြောင်း၊ မိမိတို့နိုင်ငံတွင်  မည်မျှအောင်သည်ဖြစ်စေ အခြားနိုင်ငံတွင် သွားတက်၍ ရသည့် သဘော တူညီချက်ရှိလျှင် ရကြောင်း၊ ကျန်သည့်အရာများက    အကျုံးဝင်ခြင်း မရှိပါကြောင်း၊ မိမိသိသလောက် သခင်ပညာရေး ဆိုသည်မှာ မြန်မာတို့၏အစွဲအရ   မိမိတို့၏  ဗြိတိသျှ ပညာရေးကို ဆန့်ကျင်ခုခံသည့် အမျိုးသားကျောင်းများ စတင်ပေါ်ပေါက်သည့်အချိန်တွင် မိမိတို့ကအမွှမ်းတင်ပြီး သခင်ပညာရေးဟု ပြောခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသား ကျောင်းများကို  လေ့လာကြည့်ရာတွင် အမျိုးသားကျောင်းများ၏ သင်ရိုးများတွင် မြန်မာသင်ရိုးလည်း ပါရှိပြီး အင်္ဂလိပ်ကျောင်းများတွင် သင်သည့် အင်္ဂလိပ်စာသင်ရိုးများလည်း ပါကြောင်း၊ ထိုသို့သာ မိမိသဘော ပေါက်ပါကြောင်း၊ သတင်းထောက်ကြီးပြောသည့် NUG ၊ PDF တို့၏ ဝါဒဖြန့်မှုကို သတင်းစာ ရှင်းလင်းပွဲတွင် သခင်ပညာရေး ဆိုပြီး လာပြောရန် အကြောင်းမရှိကြောင်း၊ အကျုံးမဝင်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

နိုင်ငံ့သစ္စာ သတင်းမီဒီယာမှ   CEO ဦးအောင်ကျော်ဦးက  မေးမြန်းရာတွင် အခြိမ်းခြောက်ခံ သတင်းထောက်အချို့က ဗိုလ်ချုပ်ကို မေးပေးရန်ဆိုသည့်   မေးခွန်း ဖြစ်ကြောင်း၊ ပြည်တွင်းမီဒီယာအချို့ အခြိမ်းခြောက်ခံနေရကြောင်း၊ တကယ်အသတ်ခံရသူများလည်း အများအပြား ရှိနေကြောင်း၊ ယခုအချိန် နိုင်ငံတော်က မည်သည့်လက်နက်မှ မိမိအိမ်မှာမထားရန် ထုတ်ပြန်ထားကြောင်း၊ ထို့ကြောင့် မည်သည့်လက်နက်မှ လက်ဝယ် မဆောင်ထားရဲကြကြောင်း၊ ခြိမ်းခြောက်ခံ သတင်းထောက်သည် မည်သူလာသတ်မည်မှန်း မသိဘဲ ဘောပင်ကိုင်ပြီး သေမည့် နေ့ကိုစောင့်နေရသကဲ့သို့ ဖြစ်နေကြောင်း၊ လုပ်ကြံခံရ၍သေသည့်  သတင်းထောက်များလည်း သေကုန်ပြီဖြစ်ကြောင်း၊ မိတ္ထီလာ မြို့တွင် နေထိုင်သည့်  သတင်းထောက် ခင်ကိုလတ်၏ ဆိုင်ကယ်ပြင်ဆိုင်ကို ပထမဆုံး ဗုံးဖြင့်အပစ်ခံရပါကြောင်း၊   ဒုတိယအကြိမ် သေနတ်ဖြင့် ဝင်ပစ်သွားပါကြောင်း၊ ငါးလသားအရွယ် ကလေးငယ်၏ ပေါင်ကို ထိမှန်ခဲ့ပါကြောင်း၊ တတိယအကြိမ် ၁၃ ရက်နေ့ ၅ နာရီအချိန်မှာ အိမ်စီးကားနှင့် ဝင်လာ၍ ထပ်ပြီးသေနတ်ဖြင့် ဝင်ပစ်ခဲ့ပါ ကြောင်း၊ ဒုတိယတစ်ဦးမှာ မိတ္ထီလာမှဖြစ် ကြောင်း၊ တပ်မတော်မှ ဗိုလ်မှူးကြီးအဆင့်နှင့် အငြိမ်းစားယူထားသည့် ဦးစံလှဖြစ်ပြီး လက်ရှိတွင် သတင်းလုပ်ငန်း လုပ်နေပါကြောင်း၊ ၎င်းကိုလည်း သေကြောင်းကြံမှု အကြိမ်ပေါင်းမနည်း    ရှိနေပါကြောင်း၊ ငွေပေး၍ သတ်သည်ဆိုပြီး   လိုင်းပေါ်မှာ တင်ထားသည်များကလည်း ပွလန်နေကြောင်း၊ ရွှေဘို၌ အသတ်ခံရသည့်သတင်းထောက် နှစ်ဦးထက်မနည်း ရှိနေကြောင်း၊ ယခုလအတွင်း ဇီးကုန်းမြို့နယ်သတင်းထောက် ဦးကျော်ကျော်သည် ဆိုင်ကယ်ဖြင့် လာသည့်အချိန်တွင် ဗုံးခွဲတိုက်ခိုက်ရန် ၎င်းတို့ပြင်ဆင်ထားသည်ကို တပ်မတော်က လက်မတင်လေး ဖမ်းလိုက်သည့်အတွက် ဦးကျော်ကျော်  အသက်ဘေးမှ လွတ်ခဲ့ရကြောင်း၊ အလားတူ  ကျောက်တံတား မြို့နယ်တွင်လည်း ဖြစ်စဉ်အများအပြား ဖြစ်နေကြောင်း၊   ဗိုလ်ချုပ်တို့အနေဖြင့် သေနတ်၊ လက်ပစ်ဗုံးဖြင့် ရန်ပြုလာသူကို ဥပဒေနှင့်အညီ ပြန်လည်ခုခံရန် မည်ကဲ့သို့ လက်နက်များကို ကိုင်ဆောင်ခွင့်ပြုပေးနိုင်မည်ကို သိချင်ကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားရာတွင် သတင်းထောက်ကြီး  မေးမြန်းသကဲ့သို့ သတင်းထောက်များ အသတ်ခံရခြင်းသည် NUG၊ CRPH၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက လုပ်ဆောင်နေသည်ဟု မိမိသဘောပေါက်ပါကြောင်း၊ တချို့ နိုင်ငံတကာ သတင်းမီဒီယာများတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ အနေဖြင့် သတင်းထောက်များကို နှိပ်ကွပ်ကြောင်း၊ ဖမ်းကြောင်း၊ သတင်းထောက် များကို မည်သို့ဆောင်ရွက်ကြောင်း စသည့်အချက်များကိုသာ တွေ့ရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ဖြစ်စဉ်၊     နေရာတိတိကျကျ၊ လူအမည်များနှင့် NUG၊ CRPH ၊ PDF အမည်ခံ   အကြမ်းဖက်အဖွဲ့ဝင်များက သတင်းထောက်များကို လုပ်ဆောင်နေခြင်းများကို ပြောပြသည့်အတွက် ကျေးဇူးတင်ကြောင်း၊ ထိုခြိမ်းခြောက်ခံထားရသည့် သတင်းထောက်များနှင့် ပတ်သက်၍ စာရင်းများလည်း မိမိတို့ကိုပေးပါဟု  ပြောချင်ကြောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများလည်း တက်ရောက်နေကြောင်း၊  တတ်နိုင်သည့် စောင့်ရှောက်မှုများကို မိမိတို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုအကြောင်း အရာများကို ဖော်ထုတ်ပြောပြပေးသည့် အတွက်လည်း မိမိတို့ကျေးဇူးတင်ပါကြောင်း၊ မီဒီယာများ မည်သို့ခြိမ်းခြောက်ခံရကြောင်း၊ မီဒီယာများနှင့် ပတ်သက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေနှင့် မီဒီယာများကို မည်သို့နှိပ်ကွပ်ကြောင်း၊ ထိုသို့မိမိတို့ကို ဆန့်ကျင်ရေးနေသည့် မီဒီယာသမားများဖြစ်သော   အမြဲတမ်းတွေ့နေရသည့် BBC သတင်းထောက် ရန်ကုန်မှာရှိကြောင်း၊ VOA သတင်းထောက်လည်း ၎င်းအတိုင်းရှိကြောင်း၊  RFAသတင်းထောက်လည်း ရှိကြောင်း၊ ၎င်းတို့ကို မိမိတို့က ဖမ်းဆီးထားခြင်း မရှိကြောင်း၊ သို့သော် မိမိတို့ကို စွပ်စွဲထားသည်များလည်း ရှိကြောင်း၊ ပြည်တွင်း၌ အမျိုးသားနိုင်ငံရေး အတွက် လုပ်နေသည့် သတင်းထောက်များ  အသတ်ခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်းများကို နိုင်ငံတကာ မီဒီယာများကလည်း   အရှက်မရှိ နှုတ်ဆိတ်နေကြောင်း၊ ထိုအကြောင်းအရာကို ယခုသတင်းစာရှင်းလင်းပွဲ၌ ဖော်ထုတ်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း၊ ၎င်းအကြောင်းအရာများကို ပြည်ထဲရေး ဝန်ကြီးဌာနကို ပေးစေလိုကြောင်း၊ ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့်အတွက်နှင့် ပတ်သက်၍ပြောရလျှင် ဥပဒေအရ မိမိတို့က လက်နက်ထုတ်ပေး၍ မရကြောင်း၊ သို့သော်  မိမိကို သေစေရန်သော်လည်းကောင်း၊ မိမိကို အပြင်းအထန်ဒဏ်ရာရစေရန်  လုပ်လိုက်သည့်အတွက် မိမိကိုယ်ကို ခုခံပိုင်ခွင့်အရ ပြုလုပ်လိုက်သော အမှုသည် ပြစ်မှုကျူးလွန်ရာ မရောက်ဟုပါရှိကြောင်း၊ ထို့ကြောင့် မိမိပြောလိုသည်မှာ ပြစ်မှုကျူးလွန်ရာ မရောက်ဟုဆိုလျှင် ရပြီဖြစ်ပါကြောင်း၊ မည်သည့်အရာနှင့် လုပ်ပါဟူ၍လည်း မပါကြောင်း၊ ထိုသို့ဆိုလျှင် သိနိုင်မည်ဟု ထင်ကြောင်း၊  ယခုလိုဖော်ထုတ်ပေးသည့် အတွက်ကြောင့်လည်း ကျေးဇူးတင်ပါကြောင်း၊ ထိုစာရင်းများကိုလည်း မိမိတို့ကိုပေးခဲ့စေလိုကြောင်း၊   သက်ဆိုင်ရာပြည်ထဲရေး၊ သက်ဆိုင်ရာလုံခြုံရေး အဖွဲ့များနှင့် ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊

ကျန်သည့် သတင်းထောက်များအနေဖြင့် ယခုကဲ့သို့ အခြေအနေမျိုးရှိလျှင် ထိုကဲ့သို့ မိမိတို့ဆီကို ပေးပို့စေလိုကြောင်း၊ ခြိမ်းခြောက်ခံရသည့်စာများ မိမိတို့ထံ တင်ပြထားသူများ လည်းရှိကြောင်း၊ ၎င်းတို့ကိုလည်း ဆက်လက်၍ လုံခြုံရေးအရ ဆောင်ရွက်သွားမည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။ 

နိုင်ငံ့သစ္စာ သတင်းမီဒီယာမှ CEO ဦးအောင်ကျော်ဦးက  မေးမြန်းရာတွင် ယခုမြန်မာနိုင်ငံတွင် ဓာတ်ဆီဈေး၊ ဒီဇယ်ဈေးသည် နှစ်ဆမတက်သေးသော်လည်း ပြည်တွင်း၌ပင် လိုင်းပြေးဆွဲနေသည့် ကားခအကုန်လုံးသည် ကားခသုံးဆ တက်နေကြောင်း၊    ထိုကိစ္စနှင့်ပတ်သက်၍ ဗိုလ်ချုပ်တို့အနေဖြင့် မည်သို့ဆောင်ရွက် ပေးနိုင်မည်ကို သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားရာတွင် ထိုကိစ္စကို ယခုလောလောဆယ်တွင်   မိမိဖြေကြားနိုင်ခြင်း မရှိပါကြောင်း၊ မိမိတို့သက်ဆိုင်ရာ ဌာနကို မေးမြန်း၍ ပြန်လည်ဖြေကြား ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

လူထုရင်ဖွင့်သံ သတင်းမီဒီယာမှ အယ်ဒီတာ ဦးမင်းဂေါင်က အမေရိကန်အမျိုးသား ကာကွယ်ရေးလုပ်ပိုင်ခွင့် ဥပဒေနှင့်ပတ်သက်၍ မေးမြန်းခွင့်ပြုစေလိုကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ အင်ဒို-ပစိဖိတ် မဟာဗျူဟာအရ မိမိတို့မြန်မာနိုင်ငံသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါလာပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ပတ်ဝန်းကျင် နိုင်ငံများသို့ မည်သူများ လာရောက်သလဲဆိုသည်ကို ကြည့်မည်ဆိုပါက UN၏ ကုလသမဂ္ဂ ကိုယ်စားလှယ် သံကိုယ်စားလှယ် ကိုယ်တိုင်လာရောက်ခဲ့ခြင်း ရှိကြောင်း၊ မကြာမီက အမေရိကန် သံအမတ်ကြီး ကိုယ်တိုင်လည်း အိမ်နီးချင်း နိုင်ငံကို လာရောက်ခဲ့ကြောင်း၊  ထို့ပြင် အင်ဒို-ပစိဖိတ်ဒေသ၌ ၇ ဒသမ ၁ ဘီလီယံအထိကို သုံးမည်ဆိုသည့် အနေအထားများအရ ၂ဝ၂၂ ခုနှစ်တည်း၌ အရှိန်မြှင့်ပြီး တွန်းလာမည့်သဘောတရားများ ရှိပါကြောင်း၊ ထို့ကြောင့် ပြည်သူများနှင့် အမျိုးသားနိုင်ငံရေး သမားများအားလုံးက ဆူပူအကြမ်းဖက်မှုများ အပါအဝင် တိုင်းပြည်ကို နိုင်ငံရေးအရပါ ဝင်ရောက်စွက်ဖက်ပြီး စိုးမိုးခြယ်လှယ်  ဆောင်ရွက်လာမည်ကို အင်မတန် စိုးရိမ်နေမိပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေဖြင့် ထိုအခြေ အနေများကို ကြိုတင်မြော်တွေးပြီး ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်းနှင့် ရှိခဲ့လျှင်လည်း အကြမ်းဖျင်း ဖော်ပြပေးစေလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုအကြောင်းအရာနှင့် ပတ်သက်၍ အကျဉ်းချုပ်ပြောရမည် ဆိုလျှင် နံပါတ်(၁) နိုင်ငံခြားရေး မူဝါဒသည် မိမိတို့ပြဋ္ဌာန်းထားသည့်အတိုင်း လွတ်လပ်၍ တက်ကြွသော  ဘက်မလိုက်သည့်   နိုင်ငံခြားရေးမူဝါဒ ကျင့်သုံးနေကြောင်း၊ ၎င်းကိုဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)စာအုပ်ထဲ၌လည်း ဖော်ပြထားပြီးဖြစ်ကြောင်း၊ လက်တွေ့တွင် မိမိပြောလိုက်သည့် စကားထဲတွင်လည်း ပါပြီး ဖြစ်ကြောင်း၊ လက်တွေ့တွင် မိမိနိုင်ငံအကျိုးကို လိုလားသည့် မိမိနိုင်ငံအပေါ်မှာ သဘောထားရှုမြင်မှုကောင်းသည့်  နိုင်ငံများနှင့် မိမိတို့ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုအရာသည် ဘက်လိုက်ခြင်း မဟုတ်ကြောင်း၊ Reality ဖြစ်ကြောင်း၊ နံပါတ်(၂)အချက်သည် ပြည်တွင်းရေးဖြစ်ပြီး ပြည်တွင်းရေးနှင့်ပတ်သက်ပြီး မိမိတို့အနေနှင့် အကြမ်းဖက်မှုများ အမြန်ဆုံး ပပျောက်စေရေးအတွက် ပြည်သူလူထုပါဝင်သည့် ပြည်သူ့လုံခြုံရေး စနစ်ကို အကောင်အထည် ဖော်လျက်ရှိကြောင်း၊ ပြည်သူလူထု ပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ကို မိမိတို့စစ်ကိုင်းတိုင်း ဒေသကြီးတွင် စတင်ပြီး အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း၊ ထိုသို့အကောင်အထည်ဖော်သည့် အတွက်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းတွင် ဖော်ထုတ်ဖမ်းဆီး ရမိမှုများ၊ PDF စခန်းများကို ဝင်ရောက်လာနိုင်မှုများ  များပြားလာခဲ့ပြီဖြစ်ကြောင်း၊ ထိုနှစ်ချက်ကို မိမိတို့ ဆောင်ရွက်လျက်ရှိသည်ဟု ပြောလိုပါကြောင်း ပြန်လည်ဖြေကြားသည်။

တဲ့ပြောအွန်လိုင်း မီဒီယာမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက သတင်းစာ ရှင်းလင်းပွဲနဲ့ပတ်သက်၍ တောင်းဆိုစရာ တစ်ခုရှိကြောင်း၊ မိမိအနေဖြင့် ကရင်ပြည်နယ်မှ လာရသဖြင့် အရမ်းဝေးပါကြောင်း၊ လမ်းခရီးတွင်လည်း ဒုက္ခအမျိုးမျိုးဖြင့် လာခဲ့ရကြောင်း၊ မိမိကိုလည်း ဒလန်ဟု စွပ်စွဲခံရကာ သတ်မည်ဟု ခြိမ်းခြောက်ခံထားရကြောင်း၊ သို့သော် မေးခွန်းတစ်ခုတည်းသာ မေးခွင့်ရသဖြင့် မိမိအတွက် နည်းလွန်းပါကြောင်း၊ မိမိတို့အနေဖြင့်  ပေးဆပ်ရမှု မနည်းပါကြောင်း၊ မိမိသည် တိုင်းရင်းသား လက်နက်ကိုင်ဒေသတွင် နေရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအား မေးခွန်းသုံးခုခန့်   မေးမြန်းခွင့်ပြုစေလိုကြောင်း၊ နိုင်ငံတော်တွင် ဖြစ်ပျက်နေသည့် လျှပ်စစ်လုံလောက်မှု မရှိသည့်ကိစ္စ၊ ယခု မီတာခဆောင်သည့်သူနှင့် ဘေလ်မဆောင်သူပြဿနာ၊ မီတာခဆောင်သည့်သူနဲ့ မဆောင်သူများက မီးပျက်လျှင် အတူတူ ဝေမျှခံစားရကြောင်း၊ ထို့ကြောင့် မီတာခ ဆောင်သည့်သူက နစ်နာသည်ဟု အော်နေကြောင်း၊ မီတာ မဆောင်သူများကို မီးဖြတ်လျှင် လျှပ်စစ်ဝန်ထမ်းများအတွက် လုံခြုံရေးကလည်း အရမ်းစိုးရိမ်ရကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဝန်ထမ်းများအတွက် လုံခြုံရေး မည်မျှအထိ ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း၊  မိမိတွေ့ဆုံမေးမြန်းထားသည့် အတိုင်းအတာအရ မိမိတို့နိုင်ငံတွင် မဂ္ဂါဝပ် ၄ဝဝဝ ကျော်ကို သုံးစွဲနေသည်ဟု သိရကြောင်း၊ အမှန်တကယ်  ထုတ်လုပ်နိုင်မှု စွမ်းအားမှာ ပုဂ္ဂလိက အပါအဝင် ၃၅ဝဝ ကျော်သာ ရှိကြောင်း၊ မဂ္ဂါဝပ်မပြည့်ကြောင်း၊ ထို့ပြင် LPG ကလည်း ဈေးကြီးသဖြင့် သာကေတနှင့် လှော်ကားတို့ကို ရပ်ထားရသောကြောင့် မဂ္ဂါဝပ် ၁ဝဝဝ ခန့်ထပ်လျော့ကြောင်း၊ ထိုသို့ ထပ်လျော့သည့် အခြေအနေကြောင့် မိမိတို့ကရင်ပြည်နယ်တွင် မီးနှစ်နာရီရပြီး လေးနာရီပျက်သည့် ဒုက္ခများ ခံစားနေရကြောင်း၊    NLD အစိုးရ လက်ထက်က လွှတ်တော်ပုဂ္ဂိုလ်များလည်း ဂျပန်နိုင်ငံကို သွား၍ လေ့လာခဲ့ကြောင်း၊ ကရင်ပြည်နယ်၊ ဟတ်ကြီးတွင် တိုယိုဒိုင်း ကုမ္ပဏီမှ မဂ္ဂါဝပ် ၆၄ဝ နှစ်လုံး ၁၂၈ဝ ထုတ်လုပ်ရန် လျာထားကြောင်း၊ တိုယိုဒိုင်း ကုမ္ပဏီက  Investment လုပ်မည်ဟု သိရကြောင်း၊ မိမိတို့ ကရင်ပြည်နယ်အစိုးရအနေဖြင့် ၁ ဒသမ ၅ ရာခိုင်နှုန်းကို အကျိုးအမြတ် ရမည်ဖြစ်ကြောင်း၊   ထို့ပြင်   သံလွင်မြစ်ကြောင်း၌ မြစ်သောင်ထွန်းနေမှုကို ၎င်းတို့၏ကျောက်မီးသွေး င်္ဘောလာသည့် အချိန်တွင် အခက်အခဲမရှိစေရန် သဲများ တူးဖော်ပြီး ရရှိလာသည့် သဲများကို နိုင်ငံခြားသို့တင်ပို့မည်ဟု သိရကြောင်း၊  ထို့ကြောင့် နိုင်ငံအတွက်လည်း အကျိုးရှိစေမည် ဖြစ်ကြောင်း၊ မိမိတို့ ပြည်နယ်အနေဖြင့် မြေယာကိစ္စကို ဆောင်ရွက်ပေးရမည်ဖြစ်သောကြောင့် ကရင်ပြည်နယ် အစိုးရရန်ပုံငွေမှ သိန်းပေါင်း ၉ဝဝဝ ကျော်ကို ဧက ၈ဝဝ ကျော်အတွက် လျော်ကြေးပေးထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအတွက် လျှပ်စစ်မီးလိုလားချက် ရေရှည် Long-Plan အတွက် ထည့်သွင်းစဉ်းစား၍ လက်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအစိုးရအနေဖြင့် ယင်းကျောက်မီးသွေး လျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်ပေးရန်   ရှိ/မရှိ ပထမမေးခွန်းအနေဖြင့်   သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျောက်မီးသွေး စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်မရှိကြောင်း၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လုံလောက်ရေးအတွက် လျှပ်စစ်ဓာတ်အားနှင့် ပတ်သက်ပြီး လိုအပ်ချက်များကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနက ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်လုပ်ငန်းများမှာ အလယ်ပေါင်းလောင်း ၁၅၂ မဂ္ဂါဝပ်၊ ရွှေလီ(၃) ၆၇၂ မဂ္ဂါဝပ်၊ ကျောက်မဲ ၂၈ဝ မဂ္ဂါဝပ်၊ အထက်ရဲရွာ သူဌေးရေအား လျှပ်စစ်စီမံကိန်း သံတွဲ ၁၁၁ မဂ္ဂါဝပ်၊ ရှမ်းပြည်နယ်တောင်ပိုင်း မိုးနဲ ၅၁ မဂ္ဂါဝပ်တို့ကို  ဆောင်ရွက်လျက် ရှိကြောင်း၊ အားလုံးသတိပြုဖို့ရာ ရေအားလျှပ်စစ်များသာ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆိုလာစနစ်ကိုလည်း ဆောင်ရွက်နေကြောင်း၊ ကျောက်မီးသွေးနှင့် ပတ်သက်၍ ဦးသိန်းစိန် အစိုးရလက်ထက်နှင့်  NLD အစိုးရလက်ထက်တို့တွင် ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ သို့သော် လူထုကန့်ကွက်မှုများလည်း ရှိခဲ့ကြောင်း၊ နည်းပညာပိုင်းဆိုင်ရာအရ မိမိအနေဖြင့် မသိရှိရကြောင်း၊ နည်းပညာပိုင်းဆိုင်ရာအရ မငြင်းလိုကြောင်း၊ မိမိသိရသလောက် ရေအားလျှပ်စစ် စီမံကိန်းများနှင့် ဆိုလာစနစ် စီမံကိန်းများကို ဆောင်ရွက်လျက် ရှိကြောင်း၊ လျှပ်စစ်မီးခြွေတာနိုင်ရန်အတွက် LED မီးများနှင့် လဲလှယ်တပ်ဆင်နိုင်ရေး ပညာပေး လုပ်ဆောင်နေမှုများ ရှိကြောင်း ပြန်လည်ဖြေကြားသည်။

တဲ့ပြောအွန်လိုင်းမီဒီယာမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက မြဝတီနယ်စပ် သောင်းရင်း မြစ်၊ မြန်မာနိုင်ငံ၊ မြဝတီမြို့ ချစ်ကြည်ရေး သံတံတား အောက်တည့်တည့်  ထိုင်းနိုင်ငံ၊ မယ်သော်ဘက်အခြမ်းတွင် မြစ်ကမ်းထိန်းနံရံလုပ်ခြင်းကို သမ္မတကြီး ဦးသိန်းစိန်လက်ထက် က မိမိတို့ဘက်က ကန့်ကွက်ခဲ့ကြောင်း၊ ကန့်ကွက်၍မရသဖြင့် ချစ်ကြည်ရေးတံတား(၁) ကို မိမိတို့ မြန်မာဘက်ကမ်းက ပိတ်လိုက်ကြောင်း၊ ယင်းသို့ ပိတ်လိုက်မှသာ ၎င်းတို့ လုပ်ငန်းများ ရပ်သွားကြောင်း၊ ယခု မိမိတို့ နိုင်ငံတွင် ပဋိပက္ခဖြင့် ရုန်းကန်နေရသည့် အချိန်တွင် ထိုင်းနိုင်ငံဘက်မှ ချစ်ကြည်ရေး တံတား(၂)၏ အောက်တွင် မြစ်ကမ်းထိန်း နံရံလုပ်နေကြောင်း၊ NLD အစိုးရလက်ထက် တွင်လည်း လုပ်သဖြင့် ပြည်သူများကန့်ကွက်သော်လည်း အစိုးရက မကန့်ကွက်ကြောင်း၊ သမ္မတကြီးဦးသိန်းစိန် လက်ထက်တွင်လည်း ကန့်ကွက်ကြောင်း၊ ယခု မြစ်ကမ်းထိန်းနံရံကို ၎င်းတို့ဘက်က လုပ်နေသည်မှာ ရေလယ်ကျွန်းအထိ   ရောက်လာပြီဖြစ်ကြောင်း၊ သောင်းရင်းမြစ်တစ်ဝက် ရေလယ်ကောင် သောင်ထွန်းသည့်နေရာမှ စတင်လုပ်ကိုင်ခဲ့သဖြင့်  မိမိတို့ဘက်တွင် ကမ်းများ အရမ်းပြိုကျလာနေပြီ ဖြစ်ကြောင်း၊ မိမိတို့ဘက်က မြေများလည်း ပြိုကျနေကြောင်း၊ ယင်းကိစ္စကို ကန့်ကွက်ပေးရန်  အစီအစဉ် ရှိ၊  မရှိ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကိစ္စနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် ဆက်လက် လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်များတွင် စည်းမျဉ်းစည်းကမ်းများ ရှိပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့်မြစ်ကြောင်း နယ်နိမိတ်စည်းကမ်းများ၊ ကုန်းပေါ်ရှိ စည်း ကမ်းများ၊ ဘယ်နှမီတာအတွင်း အဆောက် အအုံအခိုင်အမာ မဆောက်ရ စသည့်စည်း ကမ်းများသည် နှစ်နိုင်ငံတွင် ရှိပြီးဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ မြစ်ကြောင်းများတွင် မြေထိန်းနံရံ တည်ဆောက်မှုနှင့်ပတ်သက်ပြီး နှစ်နိုင်ငံ သဘောတူညီချက်များကို နှစ်နိုင်ငံ သိပြီးသားဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

နေပြည်တော်တိုင်း အွန်လိုင်းသတင်း အေဂျင်စီမှ  သတင်းထောက် ဦးမင်းမောင် က မြန်မာနိုင်ငံတွင် အင်တာနက်ဈေးနှုန်းများ တက်နေသည်ကို သိရှိရပါကြောင်း၊ ဖုန်းကတ် များကိုလည်း  နိုင်ငံတော်က အခွန် ၂ဝဝဝဝ ဆောင်ရမည်၊ ကတ်ဖိုး ၁၅ဝဝ နှင့် စုစုပေါင်း ၂၁၅ဝဝဟု သတ်မှတ်လိုက်သည့်အပေါ်တွင် ပြည်သူလူထု၏ ဝေဖန်မှုများမြင့်တက်နေ ပါကြောင်း၊ အဆိုပါကိစ္စကြောင့် ပြည်သူလူထု တွင် အခက်အခဲ မျိုးစုံရှိနေပါကြောင်း၊ ယခု ကဲ့သို့ဈေးနှုန်း မြင့်တက်ခဲ့သဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအပေါ်  ပြည်သူများ၏ အထင်မှား၊ အမြင်မှားမှုများ ရှိနေပါကြောင်း၊ ယခုကဲ့သို့ ဆင်းကတ်များကို တန်ဖိုးမြှင့်တင် ခဲ့သည့်အပေါ်တွင် လူအတော်များများက မလိုအပ်သည့် သတင်းများ ဖြန့်နေသည်ကိုလည်း တွေ့ရပါကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေဖြင့် မည်သည့်အစီအမံဖြင့် မည်ကဲ့သို့ပြုလုပ်ထားသည်ကို ပြည်သူလူထု အားလုံး ရှင်းရှင်းလင်းလင်း သိရှိနိုင်စေရန် ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုမေးခွန်းကို မေးမြန်းသည့် သတင်းထောက်ကြီးအနေ ဖြင့် ကိုယ်တိုင်ဆင်းကတ် သွားရောက်ဝယ်ယူပြီး ဖြစ်ပါသလားဟု မေးမြန်းလိုကြောင်း၊ မိမိအနေဖြင့် သတင်းထောက်ကြီး သိသာစေရန် မေးမြန်းခြင်းဖြစ်ကြောင်း၊ သတင်းထောက်ကြီးကို ဆန့်ကျင်၍မေးမြန်းခြင်း မဟုတ်ကြောင်း၊ သတင်းထောက်ကြီး အနေဖြင့် ယခု ၂ဝဝဝဝ တန်ဆင်းကတ်ကို သွားရောက်ဝယ်ယူပြီး ဖြစ်ပါသလားဟု ပြန်လည်မေးမြန်းသည်။

နေပြည်တော်တိုင်း အွန်လိုင်းသတင်း အေဂျင်စီမှ သတင်းထောက် ဦးမင်းမောင်က မိမိတွင် မှတ်ပုံတင်ပြီးသား ဆင်းကတ်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်ကြီး အသုံးပြုရန်အတွက်   နောက်ထပ်ဆင်းကတ်တစ်ကတ် လိုအပ်ပါသလား၊ သတင်းထောက်ကြီးတွင် လက်ရှိ အသုံးပြုနေသည့် ဖုန်းမည်မျှရှိပါသလဲ၊ ဆင်းကတ်မည်မျှ အသုံးပြုနေပါသလဲကို သိလိုကြောင်း၊ သတင်းထောက် တစ်ဦးဖြစ်သည့်အတွက် အနည်းဆုံးဖုန်း ၂ လုံးနှင့် ဆင်းကတ် ၂ ကတ်ရှိမည် ဟု မိမိထင်ကြောင်း မေးမြန်းသည်။

နေပြည်တော်တိုင်းအွန်လိုင်းသတင်း အေဂျင်စီမှ သတင်းထောက် ဦးမင်းမောင် က မိမိတွင် လက်ရှိအသုံးပြုနေသည့် ဖုန်း ၂ လုံးနှင့် ဆင်းကတ် ၄ ကတ်ရှိပါကြောင်း  ပြန်လည်ဖြေကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိပေါ်လွင်အောင် ပြောချင်သည်မှာ အဆိုပါကိစ္စဖြစ် ကြောင်း၊ ယခုဆင်းကတ်တစ်ကတ်လျှင် ၂ဝဝဝဝ ဆိုသည့်ဈေးနှုန်းသည် နောက်ထပ်ဝယ်ယူ မည့် ဆင်းကတ်အတွက်ဖြစ်ကြောင်း၊ မြန်မာ တစ်နိုင်ငံလုံးတွင် လူဦးရေသန်း ၅ဝ နီးပါး ရှိကြောင်း၊ ဆင်းကတ် အသုံးပြုသည့်လူဦးရေမှာ သန်း ၇ဝ ရှိကြောင်း၊ ထို့ကြောင့် မြန်မာ တစ်နိုင်ငံလုံး၌ လူတစ်ဦးလျှင် အနည်းဆုံး ဆင်းကတ် ၁ ကတ် ပိုင်ပြီးဖြစ်ကြောင်း၊ သန်း ၅ဝ၊ ၅၄ သန်းဆိုရာတွင် မွေးကင်းစအရွယ် အထိပါဝင်ကြောင်း၊ ထို့ကြောင့် နောက်ထပ် ဝယ်ယူမည့်  ဆင်းကတ်များအတွက်သာ ဈေးနှုန်း ၂ဝဝဝဝ သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ယခင်ဆင်းကတ်များအတွက်  မဟုတ်ပါကြောင်း၊ မည်သည့်အတွက်ကြောင့် ယခုလိုဈေးနှုန်း  ပြောင်းလဲ သတ်မှတ်ရသည်ကို  ပြောရမည်ဆိုပါက နံပတ်(၁)အနေဖြင့် လုံခြုံရေး အခြေအနေကြောင့်ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံတွင်မှ မိမိတို့မြန်မာနိုင်ငံကဲ့သို့ ဆင်းကတ်အား လွတ်လွတ်လပ်လပ် ဝယ်ယူ၍မရကြောင်း၊ ယခုလက်ရှိတွင်  Keypad ဖုန်းများ၊ ဆင်းကတ်များဖြင့် ဗုံးခွဲနေကြောင်း၊ ထို့ကြောင့်  ယခုကဲ့သို့ ကန့်သတ်လိုက်ခြင်း ဖြစ်ကြောင်း၊  နောက်တစ်ချက်မှာ နိုင်ငံတကာ အခြေအနေကြောင့်ဖြစ်ကြောင်း၊ ယခုလက်ရှိ နိုင်ငံတကာတွင်  Sim Card Activation Test များကို လုပ်ဆောင်လျက် ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ ပါကစ္စတန်၊ အီတလီ၊ တူရကီနိုင်ငံတို့တွင်   လုပ်ဆောင်လျက်ရှိကြောင်း၊ ဆင်းကတ်များကို အလွယ်တကူ ဝယ်ယူ၍ တလွဲသုံးခြင်းကြောင့် နိုင်ငံတော် တည်ငြိမ်ရေး၊ နိုင်ငံသားများ၏ လုံခြုံရေးထိခိုက်စေမှု စသည့်   မလိုလားအပ်သည့် ကိစ္စများကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ ဆင်းကတ်အသုံးပြု၍ အဝေးထိန်းစနစ်ဖြင့် ဗုံးဖောက်ခွဲခြင်းများ ဆောင်ရွက်လာနိုင်သည့်အတွက် ပြည်သူလူထုကို ထိခိုက်လာနိုင်ကြောင်း၊ ထို့ကြောင့် ဆင်းကတ်ကို အသုံးပြု၍  ကျူးလွန်လာနိုင်သည့် ရာဇဝတ်မှုများကို  ထိန်းချုပ်/လျှော့ချနိုင်ရေးနှင့် ဥပဒေပြင်ပ လုပ်ရပ်များကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍   ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊   ထို့ပြင် ဆင်းကတ်များကိုအသုံးပြု၍ အင်တာနက် အလွန်အကျွံသုံးစွဲခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို လျှော့ချနိုင်စေရန် အတွက်  ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခုလက်ရှိဖြစ်နေသည့် အခြေအနေမှာ ဆင်းကတ်တစ်ကတ်ကို   အလွယ်တကူ ဝယ်ယူ၍ မဟုတ်မမှန် သတင်းများ ရေးသားဖြန့်ချိပြီးနောက် ဆင်းကတ်မှာ တန်ဖိုးမည်မျှမှ မရှိသည့်အတွက် အလွယ်တကူချိုးဖဲ့ပြီး လွှင့်ပစ်လိုက်ကြောင်း၊ ထိုကဲ့သို့သော အခြေ အနေများအတွက် မိမိတို့က  ထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်း၊ အခြားပြည်သူ လူထုကိုဖိနှိပ်ရန်၊ ပြည်သူလူထု အကျပ်အတည်း ဖြစ်စေရန်ရည်ရွယ်ပြီး လုပ်ဆောင်ခြင်း မဟုတ်ကြောင်း၊ အင်တာနက် အခွန်အကောက်များနှင့် ပတ်သက်၍  ပြောရမည်ဆိုပါက အများပြည်သူနှင့် ဆက်ဆံနေရသည့် ကျန်းမာရေး၊ ပညာရေးကဏ္ဍများနှင့် ပတ်သက်ပြီး ပြန်လည်စဉ်းစား ပေးသွားမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့်ဤမျှသာ ဖြေကြားလိုကြောင်း၊ ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်ကိုလည်း ဖိတ်ကြားထားပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖြည့်စွက်ဖြေကြား လိုသည်များ   ရှိပါက ဖြေကြားပေးစေလိုကြောင်း   ပြန်လည် ဖြေကြားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက   ဗိုလ်ချုပ် ဇော်မင်းထွန်း   ဖြေကြားသွားသည်မှာ ပြည့်စုံပါကြောင်း၊ မိမိအနေဖြင့် သီးခြား ဖြည့်စွက်ဖြေကြားရန်   မရှိပါကြောင်း ဖြေကြားသည်။

နေပြည်တော်တိုင်း အွန်လိုင်းသတင်း အေဂျင်စီမှ သတင်းထောက် ဦးမင်းမောင်က ဒုတိယမေးခွန်း အနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့်   တိုင်းရင်းသား လက်နက်ကိုင် EAOs အဖွဲ့များနှင့် ပတ်သက်ပြီး မေးမြန်းလိုပါကြောင်း၊  သမ္မတကြီး ဦးသိန်းစိန် လက်ထက်တွင် EAOs အဖွဲ့ ၈ ဖွဲ့ကို NCA လက်မှတ်ရေးထိုးပြီး တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့ပါကြောင်း၊ ယခုလက်ရှိတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီနှင့် EAOs အဖွဲ့များ အားလုံးပူးပေါင်း၍ NCA လက်မှတ်ရေးထိုးနိုင်ရန် အစီအစဉ်များ ရေးဆွဲလျက်ရှိသည်ဟု သိရကြောင်း၊ ထိုအစီအစဉ်များကို မည်သည့်အခြေအနေ၊ မည်သည့် အချိန်အခါတွင် NCA လမ်းကြောင်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ကို သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိတို့အနေဖြင့် အဆိုပါကိစ္စကို အမြန်ဆုံး ဖြစ်မြောက်စေလိုကြောင်း၊ မိမိတို့သာမကဘဲ ငြိမ်းချမ်းရေးနှင့် ပတ်သက်လျှင် အစိုးရအဆက်ဆက်ကလည်း အမြန်ဆုံး ဖြစ်မြောက်စေလိုကြောင်း၊ မြန်မာ့ဆိုရှယ်လစ်  လမ်းစဉ်ပါတီအစိုးရ လက်ထက်တုန်းကလည်း အတူတူပင်ဖြစ်ကြောင်း၊ ထို့နောက် တပ်မတော်အစိုးရ လက်ထက်နှင့်် သမ္မတကြီး ဦးသိန်းစိန်အစိုးရ လက်ထက်တို့တွင်လည်း အတူတူပင်ဖြစ်ကြောင်း၊ NLD အစိုးရလက်ထက်တွင်လည်း အတူတူပင် ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ အစိုးရများအနေဖြင့် အမြန်ဆုံး ဖြစ်စေချင်ကြမှာဖြစ်ကြောင်း၊ သို့သော် ဆွေးနွေးညှိနှိုင်းရာတွင် ဘက်နှစ်ဖက် ရှိပါကြောင်း၊ EAOs အဖွဲ့များတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးစကပင် အမြစ်တွယ်လာသည့် အဖွဲ့များရှိသကဲ့သို့ နောက်ပိုင်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင်   ပေါ်လာသည့် အဖွဲ့များလည်း ရှိကြောင်း၊ အနီးစပ်ဆုံးအဖွဲ့များမှာ ၂ဝ၁၁ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည့်  TNLA ၊ AA နှင့် MNDAA ဟူသည့် အဖွဲ့ ၃ ဖွဲ့ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပေါ်ပေါက်လာခဲ့သည့် အဖွဲ့များလည်း ရှိပါကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပတ်သက်၍ ပြောရမည်ဆိုပါက  ၎င်းတို့၏အမှတ်အသား သရုပ်နှင့် ၎င်းတို့၏ အခွင့်အရေး၊ တိုင်းရင်းသား အရေးများနှင့် ပတ်သက်ပြီး ၎င်းတို့ အများစုက ရပ်တည် ကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ ကိစ္စများမှာ အချိန်တိုအတွင်း ဖြေရှင်းနိုင်မည့်ကိစ္စများ မဟုတ်ကြောင်း၊ ၂ဝ၁၅ ခုနှစ်တွင် NCA လက်မှတ်ရေးထိုးနိုင်ခဲ့သည့်် ကိစ္စကိုလည်း မိမိအစောပိုင်းက ပြောခဲ့ကြောင်း၊ ထိုသို့ NCA လက်မှတ်ရေးထိုးနိုင်ရန် အတွက် ယခင်ကကြိုတင် ဆောင်ရွက်ခဲ့ရသည့် အခင်းအကျင်းများမှာ နှစ်ပေါင်းများစွာ ကြာမြင့်ပါကြောင်း၊  အဆိုပါအခင်းအကျင်းများကို တပ်မတော်အစိုးရ လက်ထက်ကတည်းက စတင်ဆောင်ရွက်ခဲ့သည်ဟု ပြော၍ရကြောင်း၊   တပ်မတော်အစိုးရ လက်ထက်ကတည်းကပင်   Bilateral ထိုးခြင်းများရှိသကဲ့သို့  Gentlemen's Agreement များနှင့် အစည်းအဝေးများလည်း အကြိမ်ကြိမ် လုပ်ခဲ့ရကြောင်း၊ ယုံကြည်မှုများ   အကြိမ်ကြိမ် တည်ဆောက်ခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် ယခုအချိန်တွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုအဖွဲ့ အနေဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းမှ ဒီဇင်ဘာလ ၂ဝ ရက်နေ့ကျော် အထိ တွေ့ဆုံဆွေးနွးခဲ့သည့် ကိစ္စများကိုလည်း အစောပိုင်းက  မိမိပြောကြားခဲ့ကြောင်း၊ NCA လက်မှတ်ထိုးပြီး အဖွဲ့များနှင့်  အကြိမ်မည်မျှတွေ့ဆုံခဲ့သည်၊ NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသည့်အဖွဲ့များနှင့်    အကြိမ်မည်မျှ တွေ့ဆုံခဲ့သည်၊ နိုင်ငံရေးပါတီများနှင့် အကြိမ် မည်မျှတွေ့ဆုံခဲ့သည်  စသည့်အချက်များပါဝင်ကြောင်း၊ ဆက်လက်ပြီးလည်း တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊  ထိုကဲ့သို့တွေ့ဆုံဆွေးနွေးခြင်းမှ တစ်ဆင့်  တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု တည်ဆောက်ပြီး နားလည်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း၊  ထို့နောက် ပထမအဆင့်များဖြစ်သည့် Bilateral  ကိစ္စများ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကိစ္စများ၊ Gentlemen's Agreement ကိစ္စများ ဆက်လက်ဖြစ်ပေါ် လာနိုင်မည်ဖြစ်ကြောင်း၊ ၂ဝ၂၂ ခုနှစ်အတွင်း  ခြေလှမ်းတစ်လှမ်း လှမ်းနိုင်လိမ့်မည်ဟု မိမိပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar Public Press သတင်းဌာနမှ သတင်းထောက် အယ်ဒီတာ  မိုးသောက်ပန်းက အိမ်ခြေရာခြေမဲ့၊  အိုးမဲ့၊ အိမ်မဲ့ပြဿနာများကို မေးမြန်းလိုကြောင်း၊ မိမိတို့တိုင်းပြည်တွင် တက်လာသည့် အစိုးရအားလုံးသည် တိုင်းပြည်၏ အမိ/အဖဖြစ်ကြောင်း၊ ပြည်သူပြည်သားများသည် သား/သမီးနေရာတွင် ရှိကြောင်း၊ အဆိုပါပြည်သူ ပြည်သားများ အနက် အချို့မှာ သဘာဝ ဘေးအန္တရာယ် အမျိုးမျိုးနှင့်  အကြောင်းအမျိုးမျိုးကြောင့်   ခိုကိုးရာမဲ့အိမ်ရာမဲ့ ဘဝကိုရောက်ရှိနေကြကြောင်း၊ နိုင်ငံတော်အစိုးရ အဆက်ဆက်အနေဖြင့် ဥပဒေနှင့်အညီ သင့်တော်ရာတွင် စဉ်ဆက်မပြတ် နေရာချထားပေးရန် လိုအပ်ပါကြောင်း၊ တာဝန်လည်းရှိပါကြောင်း၊ သို့သော် အချိန်နှင့် တစ်ပြေးညီ  မဆောင်ရွက်နိုင်ခဲ့ကြသည့် အတွက် အိမ်ရာမဲ့များ၏ ဘဝပြဿနာမှာ တဖြည်းဖြည်း  ကြီးမား ကျယ်ပြန့်လာပါကြောင်း၊ ဥပမာအနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး ၈ တွင် ယခု ဇန်နဝါရီလ ၂ဝ ရက်နေ့တွင် ဖယ်ပေးရမည်ဟု ဖိအားအမျိုးမျိုးဖြင့် လာရောက်၍ ဖျက်ပေးရန် ပြောလာခဲ့သဖြင့် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြင့် ကြီးစွာသောကရောက်နေကြရပါကြောင်း၊ အဆိုပါ ရပ်ကွက်ကဲ့သို့ အခြေအနေမျိုးကို နိုင်ငံအနှံ့တွင် ရှင်း၍မကုန်နိုင်အောင်ပင် ပြဿနာများ ရှိနေပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင်    လူမျိုးခြားအချို့ပင် မြေယာဧက ရာနှင့်ချီကို ဝယ်၍ဖြစ်စေ၊ ငှားရမ်း၍ဖြစ်စေ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေကြသော်လည်း မြန်မာနိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ထားသည့် မိမိတို့၏ မြန်မာနိုင်ငံသား စစ်စစ်များမှာ  မိမိတို့နိုင်ငံ အတွင်း၌ပင် ကျူးကျော်အဖြစ်ဖြင့် နေထိုင်စရာနေရာ မရှိဘဲ ခိုကိုးရာမဲ့ဖြစ်နေသည်မှာ   အင်မတန် ဝမ်းနည်းဖွယ်ရာကောင်းပါကြောင်း၊ ထို့ကြောင့် တိုင်းပြည်၏ မိဘသဖွယ်ဖြစ်သည့် တိုင်းပြည်အစိုးရအနေဖြင့် သားသမီးများသဖွယ်ဖြစ်သည့်  ခိုကိုးရာမဲ့အိမ်ရာမဲ့များကို  စာနာသနားသောအားဖြင့်၊ ညှာတာသောအားဖြင့် စိုသောလက်ကို မခြောက်ပါစေဘဲ ၎င်းတို့၏ဘဝလေးများ မပျက်စီးစေရန် ပေးသင့်ပေးထိုက်သည့် တစ်နိုင်ငံလုံးတွင်ရှိသည့်  အိုးမဲ့အိမ်မဲ့ များကိုယ်စား အသနားခံမေတ္တာ ရပ်ခံတင်ပြရင်းဖြင့် ၎င်းတို့အတွက်  တစ်စုံတစ်ရာ ဆောင်ရွက်ပေးနိုင်ရန်   ရှိ/မရှိ  သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အဆိုပါအိုးမဲ့အိမ်မဲ့များနှင့် ပတ်သက်၍  ပြောရမည်ဆိုပါက  သက်ဆိုင်ရာ ဝန်ထမ်းအိမ်ရာများ၊ သက်ဆိုင်ရာ     အငှားအိမ်ရာများကို သက်ဆိုင်ရာ  တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများက ဆောင်ရွက်လျက် ရှိပါကြောင်း၊ လုံလောက်မှု မရှိသည်မှာလည်း မှန်ကန်ပါကြောင်း၊ ထို့ပြင်   ၎င်းတို့ဆောင်ရွက်နေသည့် ကိစ္စများမှာလည်း သတင်းထောက်ကြီး ပြောခဲ့သည့်  အခြေခံ လူတန်းစားများအတွက် လက်လှမ်း မမီနိုင်သည့် ကိစ္စများ ဖြစ်သည်ကိုလည်း မိမိအနေဖြင့်လည်း သိရှိပါကြောင်း၊ အဆိုပါ ကိစ္စများနှင့်ပတ်သက်ပြီး ဖြစ်ပျက်နေသည့် အခြေအနေများကို မိမိတို့အနေဖြင့် တွေ့ရှိချက်များကို  တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ လုပ်နိုင်သည့် လုပ်ငန်းတစ်ခု ပေါ်ပေါက်လာစေရန်အတွက် မိမိတို့ ဆောင်ရွက်ပေးမည်ဟု  ပြောလိုကြောင်း၊ အားလုံးမှာ မိမိတို့ နိုင်ငံသူ/နိုင်ငံသားများသာဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသူ/နိုင်ငံသားများသာ ဖြစ်သည့်အတွက် မိမိတို့တွင် ၎င်းတို့ အတွက် ပြုလုပ်ပေးရမည့် တာဝန်ရှိပါကြောင်း၊ ဆောင်ရွက်ပေးနိုင်ရန်   လုပ်ပေးမည်ဟု ဖြေကြားသည်။

ဆက်လက်ဖော်ပြပါမည်