လှမ်း၍လာမည် အိပ်မက်ထဲကတိုင်း အညာမြေဆီ

လွန်ခဲ့သော   ၁၄   နှစ်   စာရေးသူ ဗိုလ်လောင်းသင်တန်းမဆင်းခင်  တစ်ရက်အလိုက ဖြစ်သည်။    အမြောက်တပ်ဖွဲ့သို့ ဆန္ဒပြုထားသော စာရေးသူသည် သင်တန်းဆင်းပါက  ရောက်ရှိ တာဝန်ထမ်းဆောင်လိုသော မြို့အမည်များအား    စာအုပ်ထဲတွင် ရေးမှတ်ထားခဲ့သည်။  တောင်ကြီး၊ မိတ္ထီလာ၊ မုံရွာ၊ ကလေး၊ မကွေးအစရှိသော မြို့များပါဝင်ပြီး ကျောင်းဆင်းပွဲရက်တွင် မိမိတာဝန်ကျသောတပ်သည် ကလေးမြို့တွင် ဖြစ်ကြောင်း သိရ၍ အတိုင်းမသိ ဝမ်းသာမိခဲ့သည်။ ကလေးမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၌ ရှိပြီး မုံရွာမှ ကားစီးပါက မုံရွာ-ယာကြီး-ကလေးဝလမ်းကြောင်းအတိုင်း သွားရသည်။

 ကလေးမြို့တွင် တာဝန်ထမ်းဆောင် နေချိန်အတွင်း သင်တန်းတက်ရောက်ရန်နှင့် တခြားသော လုပ်ငန်းတာဝန်များ ပေါ်ပေါက်လာပါက မန္တလေး၊ မုံရွာ၊ နေပြည်တော်သို့ မကြာခဏ သွားရောက်ခဲ့ရသည်။ ထိုသို့ရောက်ရှိခြင်း နှင့်အတူ  ကားဆရာများ၏ ခေါ်ဆောင်မှုကြောင့်    မုံရွာ-ယာကြီး-ကလေးဝလမ်းအပြင် တခြားသော လမ်းတစ်လမ်းနှင့်ပါ ရင်းနှီးလာခဲ့သည်။

အဆိုပါလမ်းမှာ မကွေးတိုင်းဒေသကြီးထဲမှ ဂန့်ဂေါမြို့ကိုဖြတ်၍ စစ်ကိုင်းတိုင်း ဒေသကြီးထဲမှ ကလေးမြို့သို့ ပြန်ဝင်သောလမ်းကြောင်းပင်ဖြစ်သည်။

မုံရွာမြို့မှ   ကလေးမြို့သို့ဖောက်လုပ်ထားသော မုံရွာ-ယာကြီး-ကလေးဝလမ်းသည် ဂန့်ဂေါလမ်းကြောင်းထက် ပို၍ တို၏။ သို့သော် ကားစီးရတာချင်းမတူညီပေ။ ဂန့်ဂေါဘက်မှပတ်၍သွားရပါက အချိန်အနည်းငယ် ပိုကြာသော်လည်း သက်သောင့်သက်သာရှိခြင်း၊ ပုံတောင်ပုံညာတောင်တန်းကြီးများကို ဖြတ်၍သွားရခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးနှစ်ခု၏ နယ်ခြားကို    မကြာခဏမြင်နေရခြင်းတို့ကြောင့် ပို၍ကြည်နူးဖွယ်ကောင်းလှသည်။

၂၀၂၀  ပြည့်နှစ်  ဇူလိုင်လအတွင်း အငြိမ်းစားတပ်မတော်သား တစ်ဦးလည်းဖြစ်၊ စာပေမိတ်ဆွေတစ်ဦးလည်း ဖြစ်သည့် စာရေးဆရာဖျင်ဒူဝါထံမှ “တမ္ပဒီပမှသည် ဓညဝတီသို့” အမည်ရှိ ဆရာကိုယ်တိုင်ရေးထားသည့် စာအုပ်တစ်အုပ် လက်ဆောင်ရရှိခဲ့သည်။

ဆရာဖျင်ဒူဝါ၏ ပြောင်မြောက်သည့် အရေးအသားကြောင့် စာရေးသူမရောက်ဖူးသေးသော နေပြည်တော်-ကံပြား-မကွေး

လမ်းပိုင်းမှ    ပတ်ဝန်းကျင်ရှုခင်းများကို စာဖတ်ရင်း မြင်ယောင်လာမိပြန်သည်။  စာဖတ်နေရင်းနှင့်ပင် အဆိုပါ နေရာများ သို့ သွားချင်စိတ်များ ဖြစ်ပေါ်လာမိသည်။ ငယ်စဉ်အခါက စာရေးသူ၏စိတ်အာရုံတွင်    မကွေးတိုင်း ဒေသကြီးသည် သာမန်မျှသာ ရှိခဲ့သော်လည်း ကလေးမြို့၌  တာဝန်ကျပြီးချိန်မှစ၍  ဖြတ်သန်းသွားခဲ့ရသော ခရီးစဉ်များအရ မကွေးတိုင်းဒေသကြီးကို စိတ်ဝင်စားလာခဲ့သည်။

ထို့ပြင် ငယ်စဉ်ကတည်းကရင်းနှီးနေခဲ့သည့် “ဆည်းဆာနေညိုချိန်မှာ ဧရာဝတီမြစ်ကမ်းနံဘေးက ငွေသောင်ယံကမ်းရဲ့ ထက်မှာ မကွေးမြို့စွန်  မြသလွန်ကိုအတူဖူးခဲ့တာတွေ” သီချင်းစာသားလေးကလည်း မကွေးမြို့သို့ လာလည်ပါဟု ဖိတ်ခေါ်နေသယောင်ရှိသည်။

ဧရာဝတီမြစ်သည် မကွေးတိုင်းဒေသကြီး၏ အလယ်ဗဟိုကို ဖြတ်သန်းစီးဆင်းလျက်ရှိပြီး     မြစ်အရှေ့ဘက်ခြမ်း ဒေသများမှာ မြေပြန့်များဖြစ်သည်။ မကွေးတိုင်းဒေသကြီး အတွင်းရှိ ပင်းချောင်း၊ ယင်းချောင်း၊ ဒေါင်းနေချောင်း၊ စလင်းချောင်း၊ မုန်းချောင်း၊ မန်းချောင်း၊ မင်းတုန်းချောင်းနှင့် ချင်းတွင်းမြစ်တို့သည် ဧရာဝတီမြစ်အတွင်း စီးဝင်လျက်ရှိသည်။ သဘာဝတောတောင်မြစ်ချောင်းများအပြင် စိတ်ဝင်စားဖွယ်နေရာ များကလည်း မကွေးတိုင်း ဒေသကြီးအတွင်း ပြည့်နှက်လျက်ရှိသည်။

ပုံတောင်ပုံညာဒေသတွင် ကျောက်ဖြစ်ရုပ်ကြွင်းလေ့လာရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး  ဗိဿနိုးမြို့ဟောင်း သည်လည်း ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နေရာတစ်ခု ဖြစ်သည်။

မကွေးတိုင်းဒေသကြီးအတွင်း မြသလွန်စေတီ၊ ရွှေစက်တော်ဘုရား၊ တန့်ကြည့်တောင်စေတီ၊ မင်းဘူးနဂါးပွက်တောင်၊ စလေရုပ်စုံကျောင်း၊ ပခုက္ကူမြို့ရှိ သီဟိုဠ်ရှင်ဘုရား၊ ရွှေကူမြတ်စွာဘုရားနှင့် တံကဲတော်တို့ကို ဖူးမြော်နိုင်သကဲ့သို့ နတ်မောက်မြို့ရှိ လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်ကိုလည်း သွားရောက်လေ့လာ နိုင်ပါသေးသည်။

သမိုင်းဝင်နေရာများဖြစ်သည့် မင်းလှခံတပ်နှင့် ဂွေးချောင်း(ကွေ့ချောင်း)ခံတပ်တို့သည်လည်း မကွေးတိုင်းဒေသကြီး၏ အမျိုးသားရေး ပြယုဂ်များအဖြစ် တည်ရှိနေသည်။ ယောဒေသမှ လောင်းရှည်မြို့သည်လည်း သမိုင်းဝင်ရှေးဟောင်း မြို့တစ်မြို့ဖြစ်ပြီး ထူးခြားဆန်းပြားသည့် သမိုင်းကြောင်းများ ပြည့်နှက်လျက်ရှိသည်။

ယောဒေသသည် ချင်းတောင်နှင့် နီးကပ်သည့်အပြင် အနောက်ရိုးမနှင့်ပါ ဆက်စပ်နေမှုကြောင့်   တောတောင်များ ဖုံးလွှမ်းလျက်ရှိရာ သွားလာရေးခက်ခဲလှသည်။

မကွေးတိုင်းဒေသကြီးအတွင်း စက်မှုလုပ်ငန်းများအနေဖြင့်  ပခုက္ကူစက်မှုဇုန်၊ ရေနံချောင်းစက်မှုဇုန်၊ ချောက်ရေနံချက် စက်ရုံ၊ မန်းသံပုရာကန်ရေနံချက်စက်ရုံ၊ မန်းရေနံမြေသဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံ၊ ကျွန်းချောင်းဓာတ်မြေသြဇာ စက်ရုံ၊ စလေဓာတ်မြေသြဇာစက်ရုံ၊ သရက်ဘိလပ်မြေစက်ရုံ၊  ပခုက္ကူဗာဂျီးနီးယား ဆေးပေါင်းစက်ရုံ၊ ပွင့်ဖြူချည်မျှင် စက်ရုံ၊ မကွေးဆပ်ပြာစက်ရုံတို့ကိုလည်း တွေ့ရှိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း၂၀၁၆ ခုနှစ်အထိ တည်ဆောက်ပြီး အထူးစီမံကိန်းဝင် ပေ ၁၈၀ အထက် တံတားကြီး ၁၀ စင်းရှိကြောင်း မှတ်သားရပြီး  အနော်ရထာတံတား (ချောက်)၊  လောင်ဂတ်တံတား(ဂန့်ဂေါ)၊ ဧရာဝတီတံတား(မကွေး)၊ ရွှေချောင်းတံတား၊ ဘွက်ကြီးတံတား၊ အမှတ်(၁)ပေါက်တံတား(အုန်းတော)၊ ဒေါင်းနေချောင်းတံတား၊ ဧရာဝတီတံတား(ပခုက္ကူ)၊ ယင်းချောင်းတံတား၊ ကျားထူးတံတားတို့ ဖြစ်သည်။ 

ဧရာဝတီတံတား(ပခုက္ကူ)သည် မြန်မာနိုင်ငံတွင် အရှည်ဆုံးတံတားဖြစ်ပြီး ညောင်ဦးမြို့နယ်နှင့် ပခုက္ကူမြို့နယ်ကို ဆက်သွယ်တည်ဆောက်ထားသည်။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလက   စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင်ပြီးစီးခဲ့သည်။ 

တံတားကြီးများအပြင် ပေါက်-ကျောက်ထုလမ်းပေါ်ရှိ အရှည်ပေ ၁၈၀  နသိုးချောင်းကွန်ကရစ်တံတား၊ မင်းဘူး-စလင်းလမ်း အရှည်ပေ ၁၀၀၀  စလင်းချောင်း (နွယ်တမယ်) တံတား၊  ဆိပ်ဖြူ-ပခုက္ကူ-ယောချောင်း(ကံတွင်း) တံတားတို့ကိုလည်း ၁၉၉၁ ခုနှစ်မှ ၁၉၉၅ ခုနှစ်ကာလအတွင်း တည်ဆောက်ပေးနိုင်ခဲ့ကြောင်း လေ့လာမှတ်သားရသည်။  ရထားလမ်းပိုင်းများအနေဖြင့် ပခုက္ကူ-မြိုင်-မြို့စိုးလမ်းပိုင်း၊ ပခုက္ကူ - မင်းရွာလမ်းပိုင်းနှင့်  မင်းဘူး-ပွင့်ဖြူ ရထားလမ်းပိုင်းများကို ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

၁၉၈၈ ခုနှစ်မတိုင်မီ  မြန်မာနိုင်ငံ၌ ရထားလမ်းအရှည်စုစုပေါင်း   ၁၉၇၆ ဒသမ  ၃၅   မိုင်ရှိခဲ့ပြီး  ၁၉၉၉  ခုနှစ်က၂၉၀၆ ဒသမ ၉၃ မိုင်အထိရှိလာခဲ့ရာ ထိုအထဲတွင် မကွေးတိုင်းဒေသကြီးအတွင်း ချောင်းဦး-ပခုက္ကူ-ဂန့်ဂေါ-ကလေးရထားလမ်းလည်း ပါဝင်ခဲ့သည်။ ထိုကာလအတွင်း ချောင်းဦး - ပခုက္ကူ - ဂန့်ဂေါ - ကလေးမှ   ရေမျက်နီ-ကျောလမ်းပိုင်းကိုလည်း ဖောက်လုပ်ပေးခဲ့သည်။   ထို့ပြင်   မကြာသေးသည့် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် မတ်လအထိကာလအတွင်း နေပြည်တော်-တောင်ညို-ချောင်းနက်(တောင်တွင်းကြီး)လမ်း၊ နေပြည်တော်-တောင်ညို-မြို့သစ်-ကံပြား(မကွေး)လမ်းတို့ကို ဖောက်လုပ်ပေးခဲ့သည်မှာလည်း ပူပူနွေးနွေးပင်ရှိပါသေးသည်။

လွတ်လပ်ရေးရပြီးချိန်မှစ၍  ခေတ်အဆက်ဆက်သော နိုင်ငံတော်အစိုးရများ သည် ပြည်သူများ လူနေမှုအဆင့်အတန်း   တိုးတက်မြင့်မား လာစေရေးအတွက်  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စေရန် လမ်းတံတားများကို စီမံချက်များ ချမှတ်အကောင်အထည်ဖော် ဆောက်လုပ်ပေးခဲ့သည်။

လမ်းတံတားများသည်  လူမှုဘဝတိုး တက်စေရေးအတွက် အခြေခံလိုအပ်ချက်တစ်ခု ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၏ အကျိုးကျေးဇူးဖြင့် စက်ရုံ၊ အလုပ်ရုံများ တိုးပွားလာခဲ့ပြီး ထိုမှတစ်ဆင့် ပြည်သူများ လူမှုဘဝအဆင့်အတန်းမြင့်မားလာခဲ့သည်။ အမိမြန်မာနိုင်ငံတော်ကြီးသည် သားသမီးတည်းဟူသော တိုင်းဒေသကြီးနှင့် ပြည်နယ်များအပေါ်တွင်  ခွဲခြားဆက်ဆံခြင်းမရှိဘဲ  တန်းတူညီမျှ အခွင့်အလမ်းများ ပေးခဲ့သည်ကို ထိုဒေသများတွင် ရှိသော ဖွံ့ဖြိုးတိုးတက်မှုများက သက်သေထူလျက်ရှိသည်။       

မြန်မာနိုင်ငံ၏   တိုင်းဒေသကြီးခုနစ်ခုအနက် မကွေးတိုင်းဒေသကြီးသည် ဒုတိယမြောက် အကြီးဆုံးတိုင်းဒေသကြီး ဖြစ်သည်နှင့်အညီ မြေမျက်နှာသွင်ပြင် အနေအထား နှင့်  တိုင်းဒေသကြီးအတွင်း  ဖြတ်သန်းစီးဆင်းနေသည့်  မြစ်ချောင်းများကြောင့် ကုန်စည်စီးဆင်းမှု လုပ်ငန်းများအပြင် တခြားသော လူမှုစီးပွားလုပ်ငန်း အားလုံးအတွက် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှုက အရေးကြီးလှသည်။

ထို့ကြောင့်ပင်    ခေတ်ကာလအဆက်ဆက်အစိုးရများက  ခေတ်စနစ်အခြေအနေ လိုအပ်ချက်အရ   တိုင်းဒေသကြီး အတွင်း အဓိကကျသော လမ်းများဖောက်လုပ်ခြင်း၊ တိုးတက်ပြုပြင်ခြင်း၊ တံတားတည်ဆောက်ပြုပြင်ခြင်း၊ စီမံကိန်းလုပ်ငန်းများကို တစိုက်မတ်မတ် အကောင်အထည်ဖော်နိုင်ရန် လမ်းအထူးအဖွဲ့များ ဖွဲ့စည်းပြီး ဒေသအသီးသီးရှိ   လမ်းတံတားတည်ဆောက်ပြုပြင်မှု လုပ်ငန်းများကို ရာသီမရွေး ဆောင်ရွက်ခြင်းတို့ဖြင့် အားသွန်ခွန် စိုက်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်။

၁၉၈၈ ခုနှစ်မတိုင်မီကာလများအတွင်း လောင်းရှည်မှ ဆိပ်ဖြူ၊ ချောက်၊ ပွင့်ဖြူ၊ယော၊ ကျောက်ထုမြို့များသို့သွားလိုပါက ရက်များစွာကြာအောင် ယာဉ်အဆင့်ဆင့်စီး၍ သွားလာခဲ့ကြရသည်။ လောင်းရှည်နယ်တစ်ဝိုက်ရှိ ကျေးရွာများသို့ပင် ညအိပ်ခရီးများဖြင့် ရက်များစွာ ကြာသွားလာခဲ့ကြရသည်။ ယနေ့အချိန်အခါတွင် အစိုးရအဆက်ဆက်၏  အားထုတ်ကြိုးပမ်းမှုကြောင့်  ဆိပ်ဖြူမြို့မှ လောင်းရှည်မြို့သို့ ကားသုံးနာရီစီးရုံမျှဖြင့် ရောက်ရှိနိုင်ပြီ ဖြစ်သည်။    မကွေးတိုင်းဒေသကြီးအတွင်းရှိ တခြားသောမြို့များသို့လည်း နေ့ချင်းပြန်ခရီးများပင်   သွားရောက်နိုင်ပြီဖြစ်သည်။ ဤသည်မှာ     လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၏ အကျိုးရလဒ်များပင် ဖြစ်သည်။

မကွေးတိုင်းဒေသကြီးသည် စာရေးသူရောက်ဖူးချင်သော တိုင်းဒေသကြီးတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အထက်တွင် တင်ပြခဲ့ပြီး ဖြစ်သည့် သမိုင်းယဉ်ကျေးမှုများ၊ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နေရာများအပြင်   ဘာသာ    သာသနာအတွက် လေ့လာမှတ်သားသင့်သည့် ဘုရားစေတီ ပုထိုးများ များစွာ ရှိနေသောကြောင့်ဖြစ်သည်။ ဖြတ်သွားဖူးရုံရှိခဲ့သည့် ပုံတောင်ပုံညာတောင်တန်းကြီးများ၏ အလှအပများ အပြင် မရောက်ဖူးသေးသည့် ချောက်ရေနံမြေဆီလည်း သွားချင်ပြန်ပါသေးသည်။ ဧရာဝတီတံတား (ပခုက္ကူ) ပေါ်မှနေ၍ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့ကို တစ်လှည့်စီ လှမ်းမျှော်ကြည့်ချင် ပါသေးသည်။

ထိုမျှမက သီချင်းထဲကအတိုင်း မကွေးမြို့စွန်မှ မြသလွန်စေတီကိုလည်း ဖူးမြော်ချင်ပါသေးသည်။ ထိုထိုသော သာယာဝပြောမှုများ၊ တိုးတက်ထွန်းကားမှုများနှင့် တည်ငြိမ်အေးချမ်းမှုများရှိသည့် မကွေးတိုင်းဒေသကြီးသည် ယနေ့မှ နေ့ချင်းညချင်းတိုးတက်ပြောင်းလဲလာသည် မဟုတ်ပါချေ။ ခေတ်အဆက်ဆက်သော အစိုးရများနှင့်ပြည်သူများ၏ တက်ညီလက်ညီပူးပေါင်းဆောင်ရွက်မှုများကြောင့် ယနေ့အခြေအနေသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

တံတားတွေဆောက်၊ လမ်းတွေဖောက်ပေးခဲ့သည့် အစဉ်အဆက်သော အစိုးရများ၏ ကျေးဇူးကြောင့် တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ တမာရနံ့များ သင်းသင်းမွှေးသော၊ ဆံရစ်ဝိုင်းလေးများဖြင့် မြန်မာ့ယဉ်ကျေးမှု ကိုဖော်ညွှန်းနေသော၊ ရှေးဟောင်းမြို့တော်များရှိသော၊ လူသားပရိုင်းမိတ်များ အစပျိုးခဲ့သည်ဟုဆိုသော၊ မြန်မာ့သွေး မြန်မာ့ဇာတိမာန်တို့ကို ပြသခဲ့သည့် ဂုဏ်ပုဒ်များရှိသော မကွေးတိုင်းဒေသကြီးဆီ ခြေဆန့်နိုင်လိမ့်မည်ဟု ကျွန်တော်မျှော်လင့် မိပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။     ။

နွေကံ့ကော်(မြို့လှ)