၂ဝ၂၂ အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ အပြီးသတ် ကစားသမားစာရင်း ထုတ်ပြန်ခဲ့ပြီး အုပ်စုအဖွင့်ပွဲစဉ် အဖြစ် ဇန်နဝါရီ ၂၁ ရက်တွင် ဂျပန်အသင်းနှင့် ကစားရမည်

၂ဝ၂၂ အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ အပြီးသတ် ကစားသမားစာရင်း ထုတ်ပြန်ခဲ့ပြီး အုပ်စုအဖွင့်ပွဲစဉ် အဖြစ် ဇန်နဝါရီ ၂၁ ရက်တွင် ဂျပန်အသင်းနှင့် ကစားရမည်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)က ၂ဝ၂၂ အာရှဖလား အမျိုးသမီးဘောလုံး ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏  အပြီးသတ် ကစားသမား စာရင်းကို ထုတ်ပြန်ကြေညာ ခဲ့ပြီး အဖွင့်ပွဲစဉ်အဖြစ် အာရှထိပ်သီး ဂျပန်လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ဇန်နဝါရီ ၂၁ ရက်တွင် စတင်ကစားရမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၂၂ အာရှဖလား အမျိုးသမီးဘောလုံး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက် ရွေးစင် အမျိုးသမီးအသင်းကို နည်းပြအဖြစ် ပြည်တွင်းနည်းပြ    ဦးတင်မြင့်အောင်က တာဝန်ယူမည်ဖြစ်ကာ အပြီးသတ်ကစားသမား စာရင်းကို  ၂၃   ဦးဖြင့်   စုဖွဲ့ခဲ့ပြီး မြန်မာ့လက်ရွေးစင်  အမျိုးသမီးအသင်းမှ ဝါရင့်ကစားသမားများနှင့်အတူ ယူ-၁၉ နှင့် ယူ-၁၆ အမျိုးသမီး အသင်းတို့မှ လူငယ် ကစားသမားများဖြင့် စုဖွဲ့ခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ၏ အပြီးသတ် ကစားသမား စာရင်းတွင် ဂိုးသမားနေရာ၌  မေဇင်နွယ်၊  ဇူးလတ်နဒီ၊ ခိုင်ဇာဝင်း၊ ခံစစ်ကစားသမား နေရာ၌ အေးအေးမိုး၊  ချစ်ချစ်၊  ခင်မျိုးဝင်း၊  ဖြူဖြူဝင်း၊ ဇွန်ယုယဦး၊ နန့်ဇူးဇူးထက်၊ အိအိကျော်၊ခင်သန်းဝေ၊ ကွင်းလယ် ကစားသမားနေရာ၌  သင်းသင်းယု၊ ခင်မိုမိုထွန်း၊ ခင်မာလာထွန်း၊ ဝင်းဝင်း၊ နော်ထက်ထက်ဝေ၊ တိုက်စစ်ကစားသမားနေရာ၌ ဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်၊  ခင်မိုးဝေ၊ မြတ်နိုးခင်၊ ဂျူလိုင်ကျော်၊ နှင်းပွင့်အေးနှင့် နုနုတို့ပါဝင်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း သည် အုပ်စု (ဃ) တွင် အုပ်စုကျပ်အတွင်း ကျရောက်နေပြီး အာရှထိပ်သီးအသင်းများ ဖြစ်သည့်  ဂျပန်လက်ရွေးစင် အမျိုးသမီးအသင်း၊   တောင်ကိုရီးယား လက်ရွေးစင် အမျိုးသမီးအသင်း၊   အာဆီယံထိပ်သီး ဗီယက်နမ်လက်ရွေးစင် အမျိုးသမီးအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။ 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း သည် အုပ်စုပွဲစဉ်များအဖြစ်  ဇန်နဝါရီ ၂၁ တွင် ဂျပန်လက်ရွေးစင် အမျိုးသမီးအသင်း နှင့် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ကစားရမည်ဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက်တွင် တောင်ကိုရီးယား လက်ရွေးစင် အမျိုးသမီးအသင်းနှင့် လည်းကောင်း၊ ဇန်နဝါရီ ၂၇ ရက်တွင် ဗီယက်နမ်လက်ရွေးစင် အမျိုးသမီးအသင်းနှင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း၏ အပြီးသတ်ကစားသမား စာရင်းတွင် ပါဝင်နေပြီး အိန္ဒိယအမျိုးသမီး လိဂ်တွင် သွားရောက် ကစားနေသည့် ဝါရင့်တိုက်စစ်မှူး ဝင်းသိင်္ဂီ ထွန်းသည် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း    အိန္ဒိယနိုင်ငံသို့ရောက်ရှိမှသာ အသင်းနှင့် ပူးပေါင်းမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ အုပ်စုပွဲစဉ်များကို အိန္ဒိယနိုင်ငံ Pune, Mumbai  မြို့၌  ကျင်းပမည် ဖြစ်ကြောင်း သိရသည်။