ပြည်ပသို့ သကြားဖြူတင်ပို့ရန် ပြင်ဆင်နေ

ပြည်ပသို့ သကြားဖြူတင်ပို့ရန် ပြင်ဆင်နေ

ပြည်တွင်းမှ ထုတ်လုပ်သည့် သကြားဖြူများကို ပြည်ပသို့တင်ပို့ရန် ပြင်ဆင်နေပြီး ပြီးခဲ့သည့်နှစ်များက စိုက်ဧကလျော့ကျခဲ့သည့်အတွက် ယခင်နှစ်ကထက် တင်ပို့မှု လျော့ကျနိုင်ကြောင်း မြန်မာနိုင်ငံသကြား နှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေး၏ ပြောဆိုချက် အရ သိရသည်။

''ဗီယက်နမ်နိုင်ငံကတော့  သကြားဖြူ ဝယ်ယူဖို့ ကမ်းလှမ်းထားတာရှိပါတယ်။ လက်ရှိမှာတော့ ကြံတွေကြိတ်ခွဲနေပြီး လက်စသတ်ချိန်ရောက်ရင်  စတင် တင်ပို့မှာပါ''ဟု ဦးဝင်းဌေး ကပြောသည်။

ဗီယက်နမ်သကြား ဈေးကွက်သို့ မြန်မာ နိုင်ငံအပြင်   ထိုင်းနှင့် တခြားနိုင်ငံများမှ သကြားများ  ဝင်ရောက်လေ့ရှိကြောင်း၊ ၂ဝ၁၉-၂ဝ၂ဝ ပြည့်နှစ်မှ ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ် စိုက်ရာသီများတွင် ပြည်တွင်း၌ သကြားဈေးကွက် ကျဆင်းခြင်းနှင့်  သွင်းအားစု ဈေးနှုန်းမြင့်တက်ခြင်းတို့ကြောင့် တချို့သကြားစက်များ ဧရိယာအတွင်း ကြံစိုက်ဧက လျော့ကျခဲ့ရာ ကြံကြိတ်ခွဲမှု လျော့ကျနိုင်ကြောင်း သိရသည်။

ပြည်ပနိုင်ငံများသို့ ပင်လယ်ရေကြောင်းမှ သကြားများ တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှလည်း သကြားကိုအရည်ဖျော်၍    တင်ပို့လေ့ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က ပြည်တွင်းထွက်ရှိမှု၏ ၇၅ ရာခိုင်နှုန်းခန့်ကို ပြည်ပသို့ တင်ပို့ခဲ့ပြီး ယခုနှစ်တွင် ၅ဝ ရာခိုင်နှုန်းခန့် တင်ပို့ရန် လျာထားကြောင်း သိရသည်။