စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ရှိ ရွှေဆိုင် ၁ ဆိုင်အား အကြမ်းဖက်သမား ၅ ဦးက သေနတ်နှင့် လက်လုပ်မိုင်းများအသုံးပြုခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းမျိုးစုံ ၁၄၈၇ ခု၊ တန်ဖိုးငွေကျပ် ၃၀၆၉ သိန်းခန့်ကို ဓားပြတိုက်ယူဆောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ရှိ ရွှေဆိုင် ၁ ဆိုင်အား အကြမ်းဖက်သမား ၅ ဦးက သေနတ်နှင့် လက်လုပ်မိုင်းများအသုံးပြုခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းမျိုးစုံ ၁၄၈၇ ခု၊ တန်ဖိုးငွေကျပ် ၃၀၆၉ သိန်းခန့်ကို ဓားပြတိုက်ယူဆောင်

နေပြည်တော်၊ ဇန်နဝါရီလ ၁၇
    
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ရှိ ရွှေဆိုင် ၁ ဆိုင်အား ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းတွင် အကြမ်းဖက်သမား ၅ ဦးက သေနတ်နှင့် လက်လုပ်မိုင်းများအသုံးပြု ခြိမ်းခြောက် ကာ ရွှေထည်ပစ္စည်းမျိုးစုံ ၁၄၈၇ ခု၊ တန်ဖိုးငွေကျပ် ၃၀၆၉ သိန်းခန့်ကို ဓားပြတိုက် ခြိမ်းခြောက် ယူဆောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
    
ဖြစ်စဉ်မှာ အင်းတော်မြို့၊ အောင်ချမ်းသာရပ်ကွက်၊ သီတာအေးလမ်းနေ ဦးတင်အောင် (၆၆)နှစ် (ဘ)ဦးချွန်စိန်နှင့် ဒေါ်ခင်ခင်ကြီး (၆၁)နှစ် (ဘ)ဦးကိုလေးတို့သည် ၎င်းတို့၏နေအိမ်၌ “ဦးတင်အောင်+ဒေါ်ခင်ခင်ကြီး”အမည်ဖြင့် ရွှေဆိုင်နှင့်အပေါင်ဆိုင်လုပ်ငန်း ဖွင့်လှစ်ထားရှိကြောင်း၊ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် အဆိုပါဆိုင်သို့ Mask အနက်ရောင် တပ်ဆင်ထားပြီး လျှာထိုးဦးထုပ်များ ကိုယ်စီဆောင်းထားသည့် အကြမ်းဖက်သမား ၅ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ရွှေပေါင်ချင်ကြောင်းပြော၍ ဝင်ရောက်လာကာ ဆိုင်အတွင်းသို့ အရောက်၌ ၎င်းတို့အနက် ၂ ဦးက ဦးတင်အောင်နှင့် ဒေါ်ခင်ခင်ကြီးတို့အား သေနတ်(အတို) ၂ လက်ဖြင့် ချိန်ရွယ်အကြပ်ကိုင်ကာ နေအိမ်အိပ်ခန်းအတွင်း ချုပ်နှောင်ခေါ်ဆောင်သွားခဲ့ကြောင်း၊ ရွှေဆိုင်အရောင်းခန်းမ၌ ကျန်ရှိခဲ့သည့် အကြမ်းဖက်သမား ၃ ဦးက ဆိုင်ခန်းအတွင်း မှန်ကောင်တာ များဖြင့် ရောင်းချရန်ခင်းကျင်းပြသထားသည့် TA တံဆိပ်ပါ ရွှေထည်ပစ္စည်းမျိုးစုံ ၁၄၈၇ ခု၊ အလေးချိန် ၁ ပိဿာ ၆၅ ကျပ်သားခန့်၊ ကာလတန်ဖိုးငွေ ၃၀၆,၉၀၀,၀၀၀ ကျပ်ကို မှန်ကောင်တာ များအား ရိုက်ခွဲလုယက်ယူဆောင်ပြီး နေအိမ်အိပ်ခန်းအတွင်းနှင့် မှန်ကောင်တာအပေါ်တို့၌ ရေသန့် ဘူးဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၂ လုံးထောင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်ကြားပါက လက်လုပ်မိုင်းများဖောက်ခွဲ၍ သတ်ပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုကာ ဆိုင်ကယ်များဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
    
ထိုသို့ ရွှေဆိုင်အား ဓားပြတိုက်မှုကျူးလွန်ကာ ဆိုင်အတွင်းလက်လုပ်မိုင်းများ တပ်ဆင် ခြိမ်းခြောက်အကြပ်ကိုင်သူ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သောပိတ်ဆို့စစ်ဆေးရှာဖွေစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။