နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇန်နဝါရီ ၁၇

မြန်မာ - တရုတ် နယ်စပ်မြို့များတွင် ကိုဗစ်-၁၉ စင်တာများ၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည် တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးခင်ရီ ၊ စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ရုံးအဖွဲ့ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ကုန်စည်ကူးသန်းရေးတွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုထိန်းချုပ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွှန့်အောင် တို့တက်ရောက်ကြပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ရှမ်းပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးတို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် က အမှာစကား ပြောကြား ရာတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးသည် မြန်မာ - တရုတ် နယ်စပ် ကုန်စည် ကူးသန်းရောင်းဝယ်ရေးကို အကျိုးသက်ရောက်မှုရှိနေကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် မိမိတို့နိုင်ငံအပေါ် ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေး၌ အကူအညီ ပေးထားသည်များ ရှိသကဲ့သို့ ဆက်လက်အကူအညီပေးလိုသည့် ကိစ္စရပ်များလည်းရှိကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ မူဝါဒ ၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ၊ ကိုဗစ် - ၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး သက်ဆိုင် ရာဝန်ကြီးဌာနများသို့ အကြောင်းကြား အသိပေးထားရှိပြီးဖြစ်ကြောင်း။

ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံကုန်စည် ကူးသန်း ရောင်းဝယ်မှုဆိုင်ရာကိစ္စရပ်များတွင် အဟန့်အတားရှိနေသည်ကို သိရှိရကြောင်း၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ ထိန်းချုပ်မှုများ ကို အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နိုင်သကဲ့သို့ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင် သည့် မလိုလားအပ်သော ဆိုးကျိုးများလည်း လျော့နည်းသွားစေနိုင်မည်ဖြစ်ကြောင်း။

ထို့ကြောင့် မြန်မာ - တရုတ် နှစ်နိုင်ငံကုန်သွယ်ရေးတွင် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ် ရေး၊ အရေး ပေါ်တုံ့ပြန်ရေးတို့နှင့်စပ်လျဉ်း၍ ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန် ရေးအဖွဲ့များနှင့် သက်ဆိုင်ရာအဖွဲ့များ၏ ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ဆောင်ရွက်နေမှုများ၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ် များကို ရှင်းလင်း ဆွေးနွေးကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေး မှူးရုံးအဖွဲ့ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင် က မြန်မာ - တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသ ကုန်သွယ်မှုလုပ်ငန်းများနှင့် ဆက်စပ်ပြီး ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးထားချက်များ၊ လိုလား ချက်များကို Power point ဖြင့် ရှင်းလင်း ဆွေးနွေးတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒေါက်တာပွင့်ဆန်းနှင့် ဦးခင်ရီ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့် ဒုတိယဝန်ကြီး ဦးညွန့်အောင် တို့က သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

 
ထို့နောက် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က ဆွေးနွေးချက်၊ ညှိနှိုင်း ချက်နှင့် လိုလားချက်အပေါ် တစ်ချက်ခြင်းအလိုက် ဆောင်ရွက်သင့်သည့် ၊ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဖြည့်စွက်ဆွေးနွေးလျက် နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။