နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  အဆင့်မြင့်ပညာကဏ္ဍလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  အဆင့်မြင့်ပညာကဏ္ဍလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဇန်နဝါရီ - ၁၇
    
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
    
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊  ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီး များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
    
အစည်းအဝးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က မိမိအနေဖြင့် ပညာရေးကိုအလေးထားပြီး မိမိတို့နိုင်ငံ၏ပညာရေးကို တိုးတက်စေ လိုကြောင်း၊ ပညာရေးကဏ္ဍသည် နိုင်ငံတစ်ခုတိုးတက်ရေးအတွက် အရေးကြီး ကြောင်း၊ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများအားလုံးတွင် ပညာရေးကိုအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဟု သတ်မှတ် ခံထားရကြောင်း၊ မိမိတို့နိုင်ငံတွင်ကိုလိုနီနယ်ချဲ့များမှ အုပ်ချုပ်ခဲ့သည့်အချိန်ကာလ တွင် ပညာရေးနိမ့်ကျခဲ့ရပြီး လွတ်လပ်ရေးရရှိချိန်တွင်လည်း ပြည်တွင်း သောင်းကျန်းမှု များကြောင့် ပညာသင်ကြားရေးအတွက် အခက်အခဲများဖြစ်ပေါ်ခဲ့သဖြင့် ပညာရေး နိမ့်ကျမှုများထပ်မံဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်နယ်များနှင့် တိုင်းရင်းသားဒေသများတွင် ဘာသာစကား အခက်အခဲများနှင့် အခြားသောသွားလာရေး အခက်အခဲများကြောင့် ကျေးလက်ပညာရေးသည် အားနည်းခဲ့ရကြောင်း၊ အစိုးရအဆက်ဆက် တာဝန်ယူ ဆောင်ရွက်ခဲ့ချိန်များတွင်လည်း ဆရာ၊ ဆရာမများမပြည့်စုံမှုနှင့် အခြားသော အကြောင်းအမျိုးမျိုးကြောင့် ပညာရေးအားနည်းခဲ့မှုများရှိခဲ့ကြောင်း။
    
ဆိုရှယ်လစ်ခေတ်ပညာသင်ကြားရေးစနစ်တွင် အားနည်းချက်နှင့် အားသာချက် များရှိခဲ့ပြီး အဓိကအားဖြင့် အင်္ဂလိပ်စာသင်ကြားမှုများတွင် အားနည်းခဲ့သဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် အဆင့်မြင့်ပညာများ သင်ကြားရန် အတွက် အခက်အခဲများဖြစ်ပေါ်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် အရေးအခင်းကာလ နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ တာဝန်ယူချိန်တွင် အကြောင်း အမျိုးမျိုးကြောင့် ကျောင်းများအား ၃ နှစ်ခန့် ပိတ်ထားခဲ့ရကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ပညာသင်ကြားမှုများအား အခြေခံပညာစနစ်နှင့် အဆင့်မြင့်ပညာစနစ်များ အမှန်တကယ်တတ်မြောက်ရေးထက် အတန်းတက်ရေးကို သာ ဦးစားပေးဆောင်ရွက်ခဲ့သည့်အတွက် အခြေခံပညာတွင်အားနည်းခဲ့သကဲ့သို့ အဆင့်မြင့်ပညာ သင်ကြားမှုများလည်း အားနည်းခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ပညာရေး ဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေးအတွက် ယခုအခါ နှစ် ၃၀ အမျိုးသားပညာရေးစီမံကိန်းဖြင့် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
    
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များပေါများရန်လိုအပ် သဖြင့် ပညာတတ်များပေါများစေရေး ပညာရေးကဏ္ဍမှ တာဝန်ရှိသူများက ကြိုးပမ်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိတို့နိုင်ငံလူဦးရေ ၅၅ သန်းတွင် ၃ သန်းခန့်သာဘွဲ့ရ ရှိသည်ကိုတွေ့ရှိရသဖြင့် လူဦးရေ၏ ၁၀ ရာခိုင်နှုန်းအောက်သာ အဆင့်မြင့်ပညာကို သင်ကြားနိုင်သည်ကိုတွေ့ရှိရကြောင်း၊ အလားတူလူဦးရေ ၁၈ သန်းကျော်ခန့်သည် အခြေခံပညာသင်ကြားမှုတွင်လည်း မူလတန်းနှင့် အလယ်တန်းအဆင့်တွင်သာ သင်ကြားနိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး မှာ အရေးကြီးသည့်အတွက် မိမိတာဝန်ယူချိန်ကာလအတွင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

တက္ကသိုလ်များသည် အသိပညာနှှင့် အတတ်ပညာများကို တွေးတောကြံစည် နိုင်အောင်နှင့် လေ့လာသင်ကြားပေးသည့် ကျောင်းများဖြစ်ကြောင်း၊ ထို့ကြောင့် တက္ကသိုလ်ကျောင်းများသည် အဆင့်တစ်ခုရှိရန်လိုကြောင်း၊ တက္ကသိုလ်များ၏ ဥပဓိရုပ်နှင့် ကျောင်းများ၏မြင်ကွင်းများ ကောင်းရန်၊ လူသွားလမ်းများကောင်းရန်နှင့် သာယာလှပသည့် ပတ်ဝန်းကျင်ကောင်းများ ဖြစ်စေရေးဖန်တီးပေးရန်လိုကြောင်း၊ အလားတူအဆောက်အဦများနှင့် ကျောင်းပရိဝုဏ်များကောင်းမွန်စေရေး ကြိုတင် စဉ်းစားဆောင်ရွက်၍ တည်ဆောက်ရန်လိုကြောင်း၊  ကျောင်းသားများ သင်ယူရာတွင် အခက်အခဲမရှိစေရေးနှင့်သင်ကြားမှုများ ထိရောက်စေရေးအတွက် စာသင်ခန်းများနှင့် လက်တွေ့ခန်းများ စနစ်တကျရှိရန်လိုကြောင်း၊ သင်ကြားပေးသည့် ဆရာ၊ ဆရာမ များ၏ သင်ကြားမှုအတတ်ပညာသည်လည်း အရေးကြီးသဖြင့် မိမိတို့ကိုယ်တိုင် စာပေ ပညာတတ်ကျွမ်းရုံတင်မက ကျောင်းသား၊ ကျောင်းသူများ နားလည်စေရေးသင်ကြား ပေးနိုင်ရန်လိုကြောင်း။

ကျောင်းသား၊ ကျောင်းသူများ အားကစားပြုလုပ်နိုင်စေရန်အတွက် အားကစား ကွင်းများနှင့် အားကစားရုံများအား စနစ်တကျဖြင့် တည်ဆောက်ပေးထားရန်လို ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်ကျောင်းသား၊ ကျောင်းသူများကို အလေ့အကျင့် ကောင်းများ၊ စိတ်ဓာတ်ကောင်းများ၊ အတတ်ပညာကောင်းများနှင့် တွေးတောကြံဆမှု များရှိစေရန် လေ့ကျင့်သင်ကြားပေရန်လိုကြောင်း၊ တက္ကသိုလ်ပညာသင်ကြားနေစဉ် အတွင်း စာပေပညာသင်ကြားခြင်းကိုသာမက ဘဝအတွက် အတွေ့အကြုံများရရှိရေး အတွက်လည် လေ့ကျင့်ဆောင်ရွက်ပေးရန်လိုသဖြင့် ပတ်ဝန်းကျင်ကျောင်းများ ဖန်တီး၍ ကျောင်းသား၊ ကျောင်းသူများ အမြင်ကျယ်လာစေရေး ဖန်တီးဆောင်ရွက် ပေးရန်လိုကြောင်း။

သင်ကြားရေးနှင့်ပတ်သက်၍ တက္ကသိုလ်ပညာရေးသည် အလွတ်ကျက်သည့် ပညာရေးမဟုတ်ဘဲ လေ့လာခြင်း၊ တွေးခေါ်ခြင်းများဖြင့် ဆောင်ရွက်ရခြင်းဖြစ် ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာများ အပြန်အလှန်ဆွေးနွေးပေး ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ တွေးခေါ်မှုကို မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း သင်ကြားမှုကဏ္ဍတိုးတက်စေရန် အတွက် အမြဲမပြတ်လေ့လာနေရန်လိုကြောင်း၊ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသည် အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံများတွင် အောက်ဆုံး၌ရှိနေကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတိုးတက်ရေးအတွက် အမြဲမပြတ်ကြိုးပမ်းဆောင်ရွက်နေ သကဲ့သို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အနေဖြင့်လည်း အမြဲမပြတ် ကြိုးစားလေ့လာသင်ကြား၊ သင်ယူနေမည်ဆိုပါက ပညာရေးကဏ္ဍနှင့် ပတ်သက်၍ တိုးတက်မှုများရရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာများ တိုးတက်အောင် ဆောင်ရွက်ပေးလျက် ရှိကြောင်း။

လေ့လာမှုနှင့်ပတ်သက်၍ ယနေ့ခေတ်သည် သတင်းနှင့်နည်းပညာခေတ်ဖြစ် သဖြင့် အင်တာနက်မှတစ်ဆင့် များစွာလေ့လာသင်ယူနိုင်ကြောင်း၊ လေ့လာမှုများ ဆောင်ရွက်ရာတွင်လည်း ထဲထဲဝင်ဝင်၊ ထိထိရောက်ရောက်လေ့လာနိုင်ရန်လိုကြောင်း၊ မိမိကိုယ်တိုင် တန်ဖိုးရှိရန်အတွက် မိမိတို့အလုပ်ကို အလေးထားရန်နှင့် မိမိတို့ တတ်ကျွမ်းသည့်ပညာရပ်များကို အလေးထားရန်လိုကြောင်း၊ အလေးထားခြင်းနှင့် လေးစားခြင်းနှစ်မျိုးရှိကြောင်း၊ ငွေကိုအလေးထားသူများက ငွေနောက်ကိုလိုက်ကြပြီး ပညာအလေးထားသူများက ပညာနောက်ကိုလိုက်ကြကြောင်း၊ အလုပ်ကိုအလေး ထားပါက အလုပ်ကိုအချိန်ပေး၍ စူးစိုက်ပြီးဆောင်ရွက်ရကြောင်း၊ အလားတူ အချိန်ကို လည်း လေးစားတန်ဖိုးထားရန်လိုကြောင်း၊ မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်း တာဝန် များဆောင်ရွက်ချိန်တွင် အလုပ်ကိုအလေးထားခြင်း၊ အချိန်ကိုလေးစားခြင်းများဖြင့်  သတ်မှတ်ချိန်အတွင်း လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ဆောင်ရွက်နိုင်ပြီး တိုးတက်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း။
    
ပညာသင်ကြားရေးနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ ပညာများ ကို အမှတ်တကယ်တတ်ကျွမ်းအောင် သင်ကြားပေးစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်း သူများ စာများများဖတ်ရှုလေ့လာစေရေး တိုက်တွန်းဆောင်ရွက်ပေးမည်ဆိုပါက ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးတိုးတက်လာမည်ဖြစ်ကြောင်း။
    
စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ဆရာ၊ ဆရာမများသည် ဝါသနာ၊ စေတနာ၊ အနစ်နာ ဖြင့် ပညာသင်ကြားပေးကြခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဆရာ၊ ဆရာမများအား ပညာအရည်အချင်းအလိုက် ခံစားမှုများအား တိုးမြှင့်ပေးခဲ့ပြီး ဆက်လက်၍လည်း တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သင်ကြားရေးပိုင်း တွင် တာဝန်ရှိသူများအား သင်ကြားရေးပိုင်းတွင်သာ တာဝန်ပေးအပ်ရန်လိုပြီး အုပ်ချုပ်ရေးနှင့်ပတ်သက်၍ အုပ်ချုပ်ရေးတွင် တာဝန်ရှိသူများကိုသာ တာဝန်ပေးအပ် မည်ဆိုပါကအုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများ အဆင်ပြေချောမွေ့မည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် ဆရာ၊ ဆရာမများကိုလည်း တိုးတက်ပြောင်း လဲနေသည့် သင်ခန်းစာအသစ်များအား လေ့လာနိုင်စေရေး မွန်းမံသင်တန်းများ ဖွင့်လှစ် သင်ကြားပေးရန်လိုကြောင်း၊ 
    
ဘဏ္ဍာရေးသုံးစွဲမှုနှင့်ပတ်သက်၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ၊ ဥပဒေ များနှင့်အညီ သုံးစွဲနိုင်ရေး သတိပြုဆောင်ရွက်ကြရန်လိုကြောင်း၊ ငွေကြေးများသုံးစွဲ ရာတွင်လည်း မျှမျှတတသုံးစွဲနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ များတွင်လည်း မျှတမှုရှိရန်နှင့် မည်သည့်လုပ်ငန်းများကို ဆောင်ရွက်သည်ဖြစ်စေ စေတနာထား၍ ဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။
    
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။