အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်

အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်

နေပြည်တော် ဇန်နဝါရီ  ၁၇

ယနေ့မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် လည်းကောင်း၊  ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ  လေနွေးများနှင့်  တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ   ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့် လည်းကောင်း ဇန်နဝါရီ ၂ဝ ရက်မှ  ၂၃ ရက် အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့်  မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊  ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်သည်။

ပြည်သူများ အနေဖြင့်   အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊  လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင် သတိပြုနိုင်ပါရန် အကြံပြုထားသည်။