အိုမီခရွန်ရောဂါပိုး တွေ့ရှိသူ ၄၂ ဦး ထပ်တိုး

အိုမီခရွန်ရောဂါပိုး တွေ့ရှိသူ ၄၂ ဦး ထပ်တိုး

နေပြည်တော်  ဇန်နဝါရီ  ၁၇

၁။ ကျန်းမာရေး ဝန်ကြီးဌာနသည် ''ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်း''များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေး လေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိမှုများနှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ သတင်း ထုတ်ပြန်ပေးလျက်ရှိပါသည်။ 

၂။  ထိုသို့ဆောင်ရွက်လျက်ရှိရာ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာ၍ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုး ဗီဇစစ်ဆေးခြင်းကို အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၌ (၁၇-၁-၂ဝ၂၂) ရက်နေ့တွင် ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးကို ဓာတ်ခွဲနမူနာ (၄၂) ခုတွင် အတည်ပြုတွေ့ရှိခဲ့ရပါသည်။

၃။  အဆိုပါ အိုမီခရွန်ရောဂါပိုး တွေ့ရှိသူ မြန်မာနိုင်ငံသား (၃၆) ဦးနှင့် နိုင်ငံခြားသား (၆) ဦးမှာ Relief Flight များဖြင့် ဝင်ရောက်လာသူများ ဖြစ်ပြီး အိန္ဒိယနိုင်ငံမှ (၂၁) ဦး၊ မလေးရှားနိုင်ငံမှ (၁၂) ဦး၊ ဖိလစ်ပိုင်နိုင်ငံမှ (၄) ဦး၊ ထိုင်းနိုင်ငံမှ (၃) ဦး၊ ယူအေအီးနိုင်ငံမှ (၁)ဦးနှင့် စင်ကာပူနိုင်ငံမှ (၁) ဦးတို့ဖြစ်ပါသည်။

၄။ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူများအား သီးသန့်ထားရှိကာ ကုသစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့နှင့် လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါလာသည့် ခရီးသည်များနှင့် အနီးကပ် ထိတွေ့သူများအားလည်း  အသွားအလာ ကန့်သတ်ခြင်း (Strict Quarantine)နှင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများအား  အထူးအားဖြည့် ဆောင်ရွက်လျက် ရှိပါသည်။

၅။  သို့ဖြစ်ပါ၍ ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်း လုပ်ငန်းများအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက် ရှိပါကြောင်း သတင်းထုတ်ပြန် ကြေညာအပ်ပါသည်။       

 ကျန်းမာရေးဝန်ကြီးဌာန