၂၀၂၁-၂၀၂၂ ခြောက်လဘတ်ဂျက်အတွက် ကချင်ပြည်နယ်အတွင်းရှိ အသက် ၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်

နေပြည်တော်   ဇန်နဝါရီ   ၁၇

 

၂၀၂၁-၂၀၂၂ ခြောက်လဘတ်ဂျက်အတွက် ကချင်ပြည်နယ်အတွင်းရှိ အသက် ၈၅ နှစ် အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်း ပရဟိတဂေဟာများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ခြင်းနှင့်  ယာယီခိုလှုံရာနေရာမှ    ပြန်လည် ပြောင်းရွှေ့သည့် တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ခြင်း အခမ်းအနားကို    ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ဆိုင်ရာစည်းကမ်းချက်များနှင့်အညီ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ်    ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊    ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊    လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အကျိုးခံစားခွင့်ရှိသူပုဂ္ဂိုလ်များ  Social Distancing ပုံစံဖြင့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားသည်။ ဆက်လက်၍   ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က   ပြည်နယ်အတွင်း လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကချင်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ ဖြစ်သော လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၁၂ ခု၊ မသန်စွမ်းဂေဟာ တစ်ခုနှင့် ဘိုးဘွားရိပ်သာ တစ်ခုတို့အတွက်  ထောက်ပံ့ငွေကျပ် ၄၃၄၀၃၀၀၀၊ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား ၄၈၄၀ ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် ၁၄၅၂၀၀၀၀၀၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများသို့ ထောက်ပံ့ငွေကျပ် ၁၅၉၁၀၀၀၀၊ ပူတာအိုမြို့ ဒုတ်ထာရပ်ကွက်နှင့် လုံးစွတ်ရပ်ကွက်ရှိ IDP  စခန်းမှ ဇီဒမ်းကျေးရွာနှင့် ဒုတ်ထာရပ်ကွက်သို့    ပြန်လည်ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု ၈၈ စုအတွက် ပြောင်းရွှေ့စရိတ်၊ စားနပ်ရိက္ခာတစ်လစာ ထောက်ပံ့ငွေကျပ် ၁၇၃၇၈၀၀၀၊ စုစုပေါင်းထောက်ပံ့ငွေကျပ် ၂၂၁၈၉၁၀၀၀(ကျပ်နှစ်ထောင့်နှစ်ရာ တစ်ဆယ့်ရှစ်သိန်းကိုးသောင်း တစ်ထောင်ကျပ်တိတိ)တို့ကို  ပြည်နယ် အစိုးရ အဖွဲ့ဝန်ကြီးချုပ်  ဦးဆောင်သောတာဝန်ရှိသူများထံသို့ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက်    တက်ရောက်လာသူများ ကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက    တက်ရောက် လာကြသည့် ဘိုးဘွားများနှင့် အကျိုးခံစားခွင့်ရှိသူ ပုဂ္ဂိုလ်များထံ ထောက်ပံ့ငွေများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည်   ပြည်နယ်လူမှုရေးဝန်ကြီးလိုက်ပါလျက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူးရုံးသိုလှောင်ရုံအား လည်းကောင်း၊ မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး စခန်း(မြစ်ကြီးနား) သို့လည်းကောင်း၊ အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်း (မြစ်ကြီးနား)သို့ လည်းကောင်း သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။