ဖတ်စရာမှတ်စရာ မြန်မာဆေးနည်းတို

ဗေလုံးရောဂါ

ငှက်ဖျားရောဂါကြောင့်  သရက်ရွက်ကြီးလာလျှင် ဗေလုံးရောဂါ သို့မဟုတ် ဗေလုံးကြီးသည်ဟု ခေါ်ကြသည်။ အခြားရောဂါကြောင့် သွေးနီဥများပျက်စီးလျှင်လည်း ဗေလုံးကြီးနိုင်သည်။

-        ငုရွက်ကို ထန်းလျက်နှင့်ရောကျို အကြမ်းပန်းကန်တစ်လုံးစာ နံနက်၊ ည သောက်ပါ။

-        ကြက်အမြစ်ကို ပင်စိမ်းရွက်နှင့်ရောချက်စားပါ။

-        စပါးလင်ကိုထောင်း အရည်ညှစ်တစ်ဇွန်း၊ ပျားရည်တစ်ဇွန်းစပ်သောက်ပါ။

- ရှားစောင်းလက်ပပ် အစေးမှဖြစ်သော မုတ်ခါးကို ပျားရည်၊ ထန်းလျက်တို့ဖြင့် ကျိုသောက်လျှင် သက်သာစေသည်။

- ရှမ်းဆေးခါးပင် အစိုဖြစ်စေ၊ အခြောက်ဖြစ်စေ ထန်းလျက်ဖြင့်ရောကျို၍ အကြမ်းပန်းကန်တစ်လုံးစာ နေ့စဉ်တစ်လခန့် စွဲမြဲစွာသောက်ပေးလျှင် ဗေလုံးရောဂါသက်သာစေသည်။

ဗောက်ထလျှင်

ဦးရေပြားမှအဖြူရောင်အဖတ်များ ကွာထွက်ခြင်းကို ဗောက်ထသည်ဟုခေါ်သည်။ မှိုတစ်မျိုးကြောင့်ဖြစ်သည်ဟုလည်းဆိုသည်။

- ရှောက်သီးကို အပုပ်ခံပြီး ဦးရေပြားတွင်လိမ်းပါ။ ခဏကြာလျှင် ခေါင်းလျှော်ပေးပါ။

-        ကင်ပွန်းသီးကို ပြာချ  သံပရာရည်၊ ပျားရည်တို့ဖြင့်ရော ဦးခေါင်းတွင် လိမ်း၊  ခဏထားပြီးနောက် ခေါင်းလျှော်ပေးပါ။

-        ဒန္တသုခပင်ထောင်းပြီး အရည်ညှစ် ဦးခေါင်းတွင် လိမ်းပေးပါ။

-        ရှားစောင်းလက်ပပ်ကို မီးဖုတ် အပြင်ခွံကိုဖယ်ပြီး အနှစ်ကို ဦးရေပြားတွင် စိမ့်ဝင်အောင် ပွတ်လိမ်းပါ။တရော်ကင်ပွန်းနှင့်ခေါင်းလျှော်ပါ။

- ငါးအညှီရည်ကို ဦးခေါင်းတွင်လိမ်း ခဏထားပြီး ကင်ပွန်းရွက်ကြမ်းပြုတ်ရည်ဖြင့် ဦးခေါင်းကို ဆေးခေါင်းလျှော်ပါ။

-        နွားနို့စစ်စစ်မှဖြစ်သော ဒိန်ချဉ်ကို ဦးရေပြားတွင်လိမ်း နာရီဝက်ခန့်ထားပြီးလျှင် ခေါင်းလျှော် ပေးပါ။

- ထောပတ်သီးအမှည့်အနှစ်ကို   ဦးရေပြားတွင် ပွတ်လိမ်း စိမ့်ဝင်အောင်ထားပြီးနောက် ခေါင်းလျှော်

ပေးပါ။

- ကရဝေးရွက်၊ သစ်ကြံပိုးခေါက်၊ ဖာလာစေ့ သုံးမျိုးကိုရော၍ အုန်းဆီဖြင့်စိမ်ထားပါ။ ညအိပ်ရာဝင်လိမ်းပြီး နံနက်ထလျှင်ခေါင်းလျှော်ပါ။

ကြည်လွင်မြင့်(မုဒြာ)