သန္ဓေသားတွင် အရက်အဆိပ်သင့်သော ရောဂါလက္ခဏာစု

အရက်ဆိုသော Ethyl Alcohol (အီသိုင်းလ်အယ်လ်ကိုဟောလ်)သည်  ပျမ်းမျှအားဖြင့် ဘီယာအပျော့တွင် ၃ ရာခိုင်နှုန်း၊ ဘီယာအပြင်းတွင်  ၆ ရာခိုင်နှုန်း၊ ဝိုင်အပျော့တွင်  ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း၊ ရှယ်ရီ နှင့် ဝိုင်အပြင်းတွင် ၁၆ ဒသမ ၂၀ ရာခိုင်နှုန်း၊ ဝီစကီနှင့် ဂျင်တို့တွင် ၄၀ ရာခိုင်နှုန်း၊ ဘရန်ဒီတွင် ၄၅ ဒသမ ၀၅ ရာခိုင်နှုန်း၊ ရမ်တွင်  ၅၀ ရာခိုင်နှုန်းမှ  ၆၉ ဒသမ ၀၅ ရာခိုင်နှုန်း၊  ဗော့ဒ်ကာတွင်  ၆၀ ရာခိုင်နှုန်းမှ  ၈၀ ရာခိုင်နှုန်းအထိ အသီးသီးပါဝင်နေကြသည်။  Ethyl Alcohol သည် ဓာတုပစ္စည်းတစ်မျိုးဖြစ်၍  ရေမွှေး၊ ပေါင်ဒါမှုန့်၊ မိတ်ကပ်စသည့် အလှကုန်ပစ္စည်းတွေမှာ သာမက ဆေးဝါး၊ ဆပ်ပြာ၊ ဆပ်ပြာမှုန့်စသည်ဖြင့်  လူသုံးကုန်ပစ္စည်းများတွင် ထည့်သွင်းဖော်စပ်လေ့ရှိသည်။

ယနေ့ မြန်မာနိုင်ငံမှာ အရက်သောက်သုံးမှုနှုန်း တစ်ရှိန်ထိုး မြင့်တက်လာပြီး ၎င်းအထဲမှာ  အမျိုးသမီးများပါ သောက်သုံးလာကြသည်။ အကြောင်းရင်းမှာ-

(က)   လူငယ်များအကြား အရက်နှင့် ယမကာ အမျိုးမျိုးသောက်သုံးလာစေရန် နည်းမျိုးစုံဖြင့် ဈေးကွက်အတွင်း ထိုးဖောက်ဆွဲဆောင်ခြင်း၊

(ခ)     လူတန်းစားမရွေး သောက်သုံးနိုင်သည့် နိုင်ငံခြား ဘီယာအရက်များအပြင် ဈေးပေါပေါဖြင့် ဝယ်ယူသောက်သုံးနိုင်သည့် အရက်များစွာကို လက်တစ်ကမ်းမှာ ဝယ်ရနိုင်ခြင်း၊

(ဂ)     ဈေးပေါပေါအရက်များဖြစ်၍  အရက်သောက်သုံးသူများ၏ ၇၀ ရာခိုင်နှုန်းမှာ အရည်အသွေး မမီသောအရက်များကို သောက်သုံးနေရခြင်း၊

(ဃ)   အရွယ်မရောက်သေးသော ကလေးသူငယ်များ၊ အမျိုးသမီးများကို အရက်ဝယ်ခိုင်းခြင်း သို့မဟုတ် ရောင်းချခိုင်းစေခြင်းစသည့်  လမ်းလွဲမှုများကြောင့်  မြန်မာနိုင်ငံတွင်း  အရက်သောက်သုံး သူဦးရေ တစ်စထက်တစ်စများပြားနေသည်။

စီးကရက်ကဲ့သို့ပင် အယ်လ်ကိုဟောလ်က   လူကိုစွဲလမ်းမှုဖြစ်စေသည်။   အရက်ကိုလွန်ကျွံစွဲလမ်းစွာ  သောက်သုံးသည့်အခါ-

(၁)     အသည်းကြီး၊ အသည်းရောင်၊ အသည်းခြောက်၊   အသားနှင့်  မျက်စိဝါခြင်း၊   ရေဖျဉ်းစွဲခြင်း၊ အသည်းကင်ဆာစသည့် အသည်းရောဂါများ၊

(၂)     သွေးအန်ခြင်း၊

(၃)     အစာချေလမ်းကြောင်း သွေးယိုစိမ့်ခြင်း

နှင့် အစာအိမ်ရောဂါ၊

(၄)     ခံတွင်းကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာ၊

(၅)     ရင်သားကင်ဆာ၊

(၆)     နှလုံးရောဂါ၊

(၇)     သွေးတိုးရောဂါ၊

(၈)     လေငန်း၊

(၉)     ဝက်ရူးပြန်ကဲ့သို့ အတက်ကြီးခြင်း၊ 

(၁၀)  အသည်းရောဂါကြောင့်   ကျောက်ကပ်ပျက်စီးခြင်း၊

(၁၁)   အစာစားချင်စိတ်မရှိတော့ဘဲ  ကိုယ် အလေးချိန်လျော့ကျလာခြင်း၊

(၁၂)   ပျို့ခြင်း၊အန်ခြင်း၊ မောပန်းခြင်း၊ အားနည်းခြင်း၊ ကြွက်တက်ခြင်း၊

(၁၃)   အယ်လ်ကိုဟောလ်မှာ ကယ်လိုရီပါဝင်တာကြောင့် အရက်စွဲသူတွေမှာ အဝလွန်ရောဂါ၊

(၁၄)   အမျိုးသားများမှာ ပန်းသေပန်းညှိုးရောဂါ၊

(၁၅)  ဦးနှောက်နှင့်အာရုံကြောများထိခိုက်သွားတာကြောင့် စိတ်ဓာတ်ကျ စိတ်ဖောက်ပြန်ခြင်းနှင့်    မိမိကိုယ်ကို သတ်သေခြင်း အပါအဝင် အခြားသော ရာဇဝတ်မှုကျူးလွန်သည်အထိ ဖြစ်လာနိုင်သည်။ အရက်နှင့်ဓာတ်မတည့်သူများမှာ အယ်လ်ကိုဟောလ်  အနည်းငယ်မျှ  သောက်သုံးမိသည်နှင့် မျက်စိနီ၊ သွေးခုန်နှုန်းမြန်၊ ဖြူဖပ်ဖြူရော်ဖြစ်ကာ ချွေးသီးချွေးပေါက်တွေကျလာပြီး သွေးအန်စေတတ်သည်။

Fetal Alcohol Syndrome ဖြစ်ပေါ်လာပုံ

အမျိုးသမီးများ ကိုယ်ဝန်မဆောင်ခင်နှင့် စဦးကိုယ်ဝန်ဆောင်ကာလအတွင်း အီသိုင်းလ်အယ်လ် ကိုဟောလ် သောက်သုံးခြင်းကြောင့်  သန္ဓေသားတွင် အရက်အဆိပ်သင့်သော ရောဂါလက္ခဏာစု (Fetal Alcohol Syndrome FASDs) ဖြစ်စေသည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ အရက်သောက်သုံးပါက  အယ်လ်ကိုဟောလ်နှင့် သန္ဓေသားထိတွေ့မှုကြောင့် ဦးနှောက်၊ နှလုံးနှင့် အခြားအင်္ဂါ အစိတ်အပိုင်းတွေမှာ မွေးရာပါချို့ယွင်းချက်ပါတာမျိုး ဖြစ်တတ်သည်။ ယနေ့ မြန်မာနိုင်ငံတွင်လည်း တချို့သောအမျိုးသမီးများသည် အရက်၊ ဘီယာ၊ ဝိုင်အပြင်းများနှင့်  ထိတွေ့သောက်သုံး နေတတ်ကြသည်။  မိခင်လောင်းများ ကိုယ်ဝန်ရှိစ ပထမ (၃) လအတွင်း အရက်သောက်ပါက ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း၊ စော၍မွေးခြင်း၊ ပေါင်မပြည့်ဘဲ မွေးခြင်းတွေ ဖြစ်တတ်သည်။ ကိုယ်ဝန် ဒုတိယ(၃)လနှင့် တတိယ(၃)လတွင် အရက်သောက်ပါက ရင်သွေးငယ်၏ဦးနှောက်နှင့် အာရုံကြောမကြီးများ ထိခိုက်ပျက်စီး၍ ဉာဏ်ရည်ဉာဏ်သွေးမပြည့်မီခြင်း၊ ကလေးကြီးထွားဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်ခြင်း၊ အသည်းထိခိုက်ပျက်စီးခြင်း၊ မွေးလာသောကလေး ဦးခေါင်းသေးခြင်း၊ မျက်နှာပြားခြင်း၊ နှာခေါင်းပြား သို့မဟုတ် နှာခေါင်းတိုခြင်း၊ အပေါ်နှုတ်ခမ်းပါးခြင်း၊  မျက်စိပေါက်ကျဉ်းခြင်း၊ မျက်ရစ်ထူခြင်းစသည့် ပုံမှန်မဟုတ်သော သွင်ပြင်လက္ခဏာတွေ ရှိလာနိုင်သည်။ ထို့ကြောင့် သားသမီးယူရန် အစီအစဉ်ရှိသော မိခင်လောင်းများနှင့်  ကိုယ်ဝန်ဆောင် မိခင်များသည် အရက်သေစာသောက်စားမှု ကင်းဝေးကြရပါမည်။

သန္ဓေသားတွင် အရက်အဆိပ်သင့်သော ရောဂါလက္ခဏာစု

Fetal Alcohol Syndrome-FASDs ကြောင့် သန္ဓေသား (မွေးဖွားလာသော ရင်သွေးငယ်)တွင် (က) ရုပ်ပိုင်းဆိုင်ရာ၊ (ခ) အာရုံကြောပိုင်းဆိုင်ရာ၊ (ဂ)အပြုအမူပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ မလွဲမသွေ ဖြစ်ပေါ်ခံစားရနိုင်သည်။

(က) ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ ဦးခေါင်းသေးငယ်ခြင်းနှင့်အတူ ဦးနှောက် အရွယ်အစားသေးခြင်း၊ အမြင်နှင့်အကြား အာရုံများ ချို့ယွင်းခြင်း၊ အရိုးအဆစ်၊ ခြေဆစ်၊ လက်ဆစ်များ ပုံစံမမှန်ခြင်း၊ သာမန်ထက်လွန်ကဲ၍  မျက်စိသေးခြင်း၊ အပေါ်ဘက် နှုတ်ခမ်းပါးခြင်း၊ နှာခေါင်းပြားခြင်း၊ နှုတ်ခမ်းထူခြင်းစသည့် သဘာဝလွန်ရုပ်ရည်ရူပကာများ ဖြစ်တည်ခြင်း တို့အပြင် နှလုံး၊ ကျောက်ကပ်၊

အရိုးတို့တွင်လည်း ကျန်းမာရေး ပြဿနာဖြစ်ပေါ် ခံစားရနိုင်ပါသည်။

(ခ)  အာရုံကြောပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ

အိပ်စက်ချိန် ပုံစံမမှန်ခြင်း၊ လေ့လာသင်ကြားမှုပိုင်းဆိုင်ရာပြဿနာရှိခြင်း (IQနိမ့်ခြင်း)၊ ပူးပေါင်းပါဝင်မှု မရှိခြင်း၊ ပြောဆိုမှုပိုင်းဆိုင်ရာတုံ့ပြန်မှုနှောင့်နှေးခြင်း၊ သဘာဝထက်လွန်၍ အလန်းလွန်နေခြင်း (ဂနာမငြိမ်ဖြစ်ခြင်း)၊ ထုံထိုင်းလေးလံခြင်းတို့ဖြစ်သည်။

(ဂ)  အပြုအမူပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ

ပေါင်းသင်းဆက်ဆံရေးခက်ခဲခြင်း၊ ကျောင်းစာတွင် မလိုက်နိုင်ခြင်း၊ စိတ်လိုက်မာန်ပါ ပြုမူတတ်ခြင်း တို့ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် ကျန်းမာ၊ ဖျတ်လတ်၊ ဉာဏ်ရည်ထက်မြက်သော သားသမီးကောင်း လိုချင်သည်မှာ မိဘများအားလုံးတိုင်း၏  ဆန္ဒဖြစ်ပါသည်။ ပန်းလိုချင်ရင် အပင်ကိုပျိုးတတ်မှဟူသော ဆိုရိုးစကားရှိလေသည်။ ပန်းလှလှရဖို့အတွက် ၎င်းင်းပန်းပင်နှင့် ကိုက်ညီမည့် ဥတုရာသီ၊ ရေ၊ လေ၊ မြေ၊ နေ တို့အပြင် လိုအပ်ပါက ပေါင်းသတ်ပိုးသတ်ဆေးများဖြင့် ပြုပြင်ဖန်တီးရသည်မှာ ဥယျာဉ်မှူး တာဝန်ဖြစ်သည်။ ထို့နည်းတူ ကျန်းမာသန်စွမ်းသော သားသမီးကောင်းရဖို့အတွက်  မိခင်လောင်း များက သီလမြဲမြံရမည်ဖြစ်သလို Ethyl Alcohol (အီသိုင်းလ်အယ်လ်ကိုဟောလ်) ဓာတ်ပါသော အရက်၊ ဘီယာ၊ ဝိုင်တို့သောက်သုံးခြင်းကို အထူးရှောင်ရှားကြရပါမည်။ ၎င်းယမကာတို့ကို မသောက် တတ်သေးသည့် အမျိုးသမီးများကလည်း သေရည်အဆိပ်တို့ကို အစလုပ်၍    မသောက်ကြပါရန်နှင့် အကယ်၍ ကြိုက်တတ်သောက်တတ်သူ များအနေဖြင့်လည်း အယ်လ်ကိုဟောလ်ကို ကြိုးစား ဖြတ်ကြပါရန် တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။ အစကောင်းပါမှ အနှောင်းသေချာနိုင်မည်ကို အစဉ်သတိချပ်စေချင်ပါသည်။  ။

ပေါက်ပေါက်