ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်း တစ်ရပ်၏ ပြယုဂ်-ခေါင်းဆောင်မှု အရင်းအမြစ် တည်ဆောက်ခြင်းဆိုင်ရာ ဒုတိယအကြိမ်အလုပ်ရုံ ဆွေးနွေးပွဲဖွင့်ပွဲ ကျင်းပ

နေပြည်တော်  ဇန်နဝါရီ  ၁၇

ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်း တစ်ရပ်၏ပြယုဂ်-ခေါင်းဆောင်မှုအရင်းအမြစ်  တည်ဆောက်ခြင်း ဆိုင်ရာ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ  ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ရုံးအမှတ်(၁၇) စုပေါင်းခန်းမ ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားရှိသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

ဖွင့်ပွဲတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေက ပထမအကြိမ်ပြုလုပ်ခဲ့သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်ကို အခြေခံ၍  တွေးခေါ်မှုများ၊ လေ့လာနိုင်သည့် စွမ်းအားများအပေါ် မူတည်၍ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့မှုကြောင့် တွေ့ရှိချက်၊ အကြံပြုချက် များအပေါ် မူတည်ပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြောင်း၊ ဝန်ထမ်းများအနေဖြင့် တက်ကြွစွာ ပါဝင် ဆောင်ရွက်ခဲ့သည့်အတွက် ဆုချီးမြှင့်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုအစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်း၍  ပိုမိုကောင်းမွန်အောင်   ဆွေးနွေးကြရန် တိုက်တွန်းလိုကြောင်း၊ လုပ်ငန်းခွင်အတွင်း ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းပေါင်းစပ်မှုများ ရှိမှသာ အောင်မြင်နိုင်မည်ဖြစ်သဖြင့် ယခုဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲတွင်  မိမိတို့၏ အမြင်၊ အတွေးအခေါ်များကို အတွေ့အကြုံများ နှင့်ပေါင်းစပ်ပြီး ဆွေးနွေးရမည့် ခေါင်းစဉ်အလိုက် အချိတ်အဆက်မိမိဖြင့်ဆွေးနွေးရန် လိုအပ်ကြောင်း၊ တစ်ဦးတစ်ယောက်ချင်းမှသည် အသင်းအဖွဲ့အလိုက် ပူးပေါင်းဆောင် ရွက်ခြင်းဖြင့် အများနှင့် ပူးပေါင်းဆောင်ရွက် တတ်သည့် အလေ့အကျင့်ကောင်းများရရှိ စေမည်ဖြစ်ရာ လုပ်ငန်းခွင် အောင်မြင်မှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း။

ဝန်ထမ်းများ၏ တစ်ဦးချင်းကြိုးစားအား ထုတ်မှုမှသည် ဌာန၊ အဖွဲ့အစည်း၏လုပ်ငန်း များအောင်မြင်မှု ရရှိစေရေးနှင့် တိုးတက် ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ အကောင်းဆုံး လိုက်ပါဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြရန် ဖြစ်ကြောင်း ပြောကြားသည်။

ယခုကျင်းပသည့် ဒုတိယအကြိမ်အလုပ်ရုံ ဆွေးနွေးပွဲသည် အဖွဲ့လိုက်ဆောင်ရွက်နိုင် စွမ်းမြှင့်တင်ရေး နှင့် အသင်းအဖွဲ့စိတ်ဓာတ် ခိုင်မာအားကောင်းစေရေး ရည်ရွယ်ကျင်းပ ခြင်းဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ တွင်  “အဖွဲ့လိုက်အရွေ့” ခေါင်းစဉ်နှင့် “အဖွဲ့အစည်းအတွင်း  အဖွဲ့လိုက် ဆက်သွယ်ဆောင်ရွက်မှုများ” ခေါင်းစဉ်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့တွင် “လုပ်ငန်းခွင်အတွင်း အငြင်းပွားမှုနှင့် စေ့စပ်ဆွေးနွေးခြင်း” ခေါင်းစဉ်နှင့် “အဖွဲ့အစည်း အတွင်းခေါင်းဆောင်မှု” ခေါင်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲ တတိယနေ့တွင် ပထမနေ့နှင့် ဒုတိယနေ့တို့တွင် ဆွေးနွေး ခဲ့သည့်ခေါင်းစဉ်အလိုက် စုဖွဲ့၍ဆွေးနွေး ခြင်း၊ ယင်းဆွေးနွေးမှု ရလဒ်များကို ပြန်လည်တင်ပြခြင်းတို့ကို ပြုလုပ်ခဲ့ပြီး  ဆွေးနွေး တင်ပြခဲ့သည့်အပေါ် တစ်ဦးချင်းအလိုက်၊ အုပ်စုအလိုက် ဆုချီးမြှင့် ပေးအပ်ခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။

အလုပ်ရုံ ဆွေးနွေးပွဲကာလမှာ ဇန်နဝါရီ ၁၇ ရက်မှ  ၁၉ ရက်အထိဖြစ်ပြီး အရာထမ်း၊ အမှုထမ်း ၆၆ ဦးတို့က သတ်မှတ်ခေါင်းစဉ်များအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။