ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၁၈၇ ဒသမ ၃ ဧက ကျယ်ဝန်းသည့် သရက်ပင်ချောင် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံသစ် စီမံကိန်းဆောင်ရွက်

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၁၈၇ ဒသမ ၃ ဧက ကျယ်ဝန်းသည့် သရက်ပင်ချောင် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံသစ် စီမံကိန်းဆောင်ရွက်

ရန်ကုန်   ဇန်နဝါရီ   ၁၇

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် သရက်ပင်ချောင်ရွာအနီး၌ ၁၈၇ ဒသမ ၃ ဧကကျယ်ဝန်းသည့် သရက်ပင်ချောင် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံသစ်(Fi-nal Disposal Site-FDS)စီမံကိန်းအား ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ  သရက်ပင်ချောင်နောက်ဆုံး စွန့်ပစ်အမှိုက်ပုံသစ် စီမံကိန်းအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဂျပန်နိုင်ငံ ဖူကူအိုကာမြို့၏ နည်းပညာဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး အမှိုက်တစ်လွှာ၊ မြေကြီးတစ်လွှာ ဖုံးအုပ်ခြင်း၊ အမှိုက်မှထွက်ရှိသော ရေဆိုးများအား ပိုက်များတွင် အပေါက်ဖောက်၍  ငါးရိုးပုံစံဖြင့် စုစည်းခြင်း၊ အမှိုက်ပုံအတွင်း မီသိန်းဓာတ်ငွေ့များ ခိုအောင်းနေခြင်း မရှိစေရန် ပိုက်ဖြင့် စွန့်ထုတ်ခြင်းစနစ်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

''အမှိုက်ပုံသက်တမ်းက ၁ဝ နှစ် ၁၅ နှစ်လောက်ပဲ သက်တမ်းရှိတာ။ ထိန်ပင်အမှိုက်ပုံ ဆိုလို့ရှိရင်  ၂ဝဝဝ ပြည့်နှစ်ထဲကစပြီးတော့ လုပ်လာတာ။ အခုဆို ၂၁ နှစ်၊ ၂၂ နှစ်လောက်ရှိပြီ။ သူကမီသိန်း ဓာတ်ငွေ့တွေ ထွက်တယ်။ ကာဗွန်ဒိုင်အောက်ဆိုက်တွေထွက်တယ်။ လေထုညစ်ညမ်းတယ်။ မြေကြီးဆိုလို့ရှိရင်လည်း အမှိုက်ပုံပြီးသား နေရာမှာ ဘာပင်မှစိုက်လို့ မရတော့ဘူး။ လူနေလို့လည်း မရတော့ဘူး။ အမှိုက်ကနေ အရည်တွေ ထွက်တယ်။ မိုးရွာတဲ့အခါမှာ ရေတွေနဲ့ရောသွားတယ်။   ရောသွားပြီးတော့မှ သစ်ပင်တွေ ပျက်စီးတယ်။ လယ်ကွင်းတွေ ပျက်စီးတယ်။ ဒါတွေကို ထိန်းချုပ်နိုင်အောင် အဆင့်မြှင့်တင်ဖို့အတွက်  ကျွန်တော်တို့ လုပ်နေပါတယ်။ ၂ဝ၁၈ ခုနှစ်မှာ ထိန်ပင် အမှိုက်ပုံ မီးလောင်ပြီးနောက်ပိုင်း အမှိုက်ပုံတွေက သိသိသာသာ ပြောင်းလဲသွားခဲ့တယ်။ ဒါလည်း  ဂျပန်နိုင်ငံ   ဖူကူအိုကာမြို့ရဲ့    နည်းပညာ အကူအညီနဲ့ ကုလသမဂ္ဂမြို့ရွာ နှင့် အိုးအိမ်ပြန်လည် ထူထောင်ရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက် ခဲ့တာမို့ ခုဆိုရင် အမှိုက်ပုံတွေမှာ ယင်ကောင်တွေ မလာတော့ဘူး။  အဲဒီနည်းပညာကိုယူပြီး မြေဧက ၁၄ဝ ကျော်ရှိတဲ့ ထားဝယ်ချောင် အမှိုက်ပုံကို လုပ်ခဲ့တာဟာ မြေဧက ၁၁ဝ ကျော်ကို အသုံးပြုပြီးသွားပြီ ဖြစ်ပါတယ်။ အမှိုက်ပုံက လိုအပ်ချက်ဖြစ်လာတဲ့ အပေါ်မှာ  အဲဒီနည်းပညာကို အသုံးပြုပြီး သရက်ပင်ချောင် ရွာအနီးမှာ  နောက်ဆုံးစွန့်ပစ် အမှိုက်ပုံတည်ဆောက်ဖို့ လုပ်ဆောင်တာဖြစ်ပါတယ်''ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာန ညွှန်ကြားရေးမှူးက ပြောသည်။

သရက်ပင်ချောင် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံသစ် စီမံကိန်းအား ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံ ဝင်လမ်းထွက်လမ်းများအတွက် လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင်  အရှေ့ပိုင်းခရိုင်နှင့် တောင်ပိုင်းခရိုင် အတွင်းမြို့နယ်တို့မှထွက်ရှိသည့် အမှိုက်များအား တစ်ရက်လျှင် တန် ၁ဝဝဝ ခန့်အား သိမ်းယူကာ ထားဝယ်ချောင် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံသို့လည်းကောင်း၊ အနောက်ပိုင်းနှင့် မြောက်ပိုင်းမြို့နယ်များမှ ထွက်ရှိသည့် တစ်ရက်လျှင် အမှိုက်တန်ချိန် ၁၅ဝဝ ခန့်အား ထိန်ပင်နောက်ဆုံး စွန့်ပစ်အမှိုက်ပုံသို့ လည်းကောင်း၊ တောင်ပိုင်း ခရိုင်ဒလမြို့နယ်မှ ထွက်ရှိသည့် တစ်ရက်လျှင် တန်ချိန် ၅ဝ ခန့်အား ဒလအမှိုက်ပုံ၌ လည်းကောင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ထွက်ရှိသည့် တစ်ရက်လျှင် အမှိုက်တန်ချိန် ၈ တန်ခန့်အား ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လည်းကောင်း  ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီမှ သိမ်းယူစုပုံပေးလျက် ရှိကြောင်း သိရသည်။