လျှပ်စစ်စမ်းသပ်စစ်ဆေးရေးသင်တန်း၊ ဓာတ်အားခွဲရုံများ တည်ဆောက်/ထိန်းသိမ်း/ပြုပြင် မောင်းနှင်ခြင်း သင်တန်းနှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲ ကျင်းပ

နေပြည်တော်  ဇန်နဝါရီ  ၁၇

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်စမ်းသပ်စစ်ဆေးရေး သင်တန်း၊ ဓာတ်အားခွဲရုံများ ပြုပြင်/ထိန်းသိမ်း/မောင်းနှင်ခြင်း သင်တန်းနှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ် (၁)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊  ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူ၊ သင်တန်းသားများ    တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုသင်တန်းတွင်  လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးမှုလုပ်ငန်းများ၌ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများဖြစ်သည့် Artificial Intelligence (AI) , Internet of Things (IOT) ကိုအသုံးပြု၍ ကုန်ကျစရိတ်သက်သာ၍  ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ရမှုနည်းပါးပြီး ထိရောက်သည့် စွမ်းဆောင်ရည်များရရှိမည့် AIS, GIS, Unmanned ဓာတ်အားပေးစက်ရုံ၊ ပင်မဓာတ်အားခွဲရုံများကို  တည်ဆောက်ခြင်းနှင့် မောင်းနှင်ခြင်း၊ Designများ ရေးဆွဲတတ်စေရန် သင်ကြားပေးမည် ဖြစ်သလို လျှပ်စစ်ပစ္စည်းများ စမ်းသပ်စစ်ဆေးခြင်း၊ ထိန်းသိမ်းမောင်းနှင်ခြင်း လုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန်လည်း သင်ကြားပေးမည် ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် အစိုးရ၏ မူဝါဒဖြစ်သည့်  ပြည်သူလူထုများ လူနေမှုအဆင့် အတန်းမြင့်မားစေရေးအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးသည် အဓိကအချက် ဖြစ်သည်နှင့်အညီ ယုံကြည်စိတ်ချရသည့်  တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားကို ပြည်သူများပြည့်ဝစွာ သုံးစွဲနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းများ၊ မဟာဓာတ် အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းများကို တိုင်းဒေသကြီး/ပြည်နယ် အပါအဝင် နယ်စပ်ဒေသများပါ မကျန် ရေတိုရေရှည် အစီအမံများ ချမှတ်ပြီး ဖြန့်ကြက်ဆောင်ရွက်လျက်ရှိကြောင်း  လမ်းညွှန်မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းနည်းပြနှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။