ကျောင်းဆရာနှင့် စာသင်ကျောင်းခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Book Club အဖွဲ့နှင့် မြို့နယ်စာရေး ဆရာအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ လယ်တွင်းသားစောချစ်ရေးသားသည့် ကျောင်းဆရာနှင့်   စာသင်ကျောင်းခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ဇန်နဝါရီ ၁၇ ရက်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည်။

ရှေးဦးစွာ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်လှလှနွယ်က လူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေဖတ်ရှု လေ့လာခြင်းအားဖြင့် အတွေးအခေါ် ဗဟုသုတနှင့်အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စေရန်၊ စာပေမှရရှိသည့်  အသိပညာများကို  သူတစ်ပါးအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက် တတ်သည့်  အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍  စာဖတ်ဝိုင်းများ ကျင်းပရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ကော့ကရိတ်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးတင့်မော်က စာသင်ကျောင်းသည် ကျေးရွာတစ်ရွာ၊ မြို့တစ်မြို့အတွက် ခေါင်းလောင်းသံချိုချိုဖြစ်ကြောင်း၊ ကျောင်းဝတ်စုံမှာလည်း   ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများနှင့်လိုက်ဖက်သော လုံချည်အစိမ်းနှင့် အင်္ကျီအဖြူတို့ ဖြစ်သည့်အတွက် မြင်ရသူတိုင်း မျက်စိအေးစရာ၊   စိတ်ကြည်နူးစရာ၊    မြတ်နိုးလေးစားစရာ ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားသည်။

ယင်းနောက် Book Club အဖွဲ့ဝင် ဒေါ်ခင်ကြူအေးက ကျောင်းနှင့်ဆောင်ပုဒ်များ အကြောင်းကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် အသင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက ဆွေးနွေးသည့် ခေါင်းစဉ်များအပေါ် မိမိတို့အမြင်များ၊  သုံးသပ်ချက်များကို  အပြန်အလှန် ဆွေးနွေးကြသည်။

အဆိုပါ စာဖတ်ဝိုင်းကို   ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက် များနှင့်အညီ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စောအောင်မျိုးလွင်(ပြန်/ဆက်)