မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများသို့ ဆိုလာစနစ်ဖြင့် ရေတင်ခြင်း ဆောင်ရွက်မှု ချပြရှင်းလင်း

မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများသို့ ဆိုလာစနစ်ဖြင့် ရေတင်ခြင်း ဆောင်ရွက်မှု ချပြရှင်းလင်း

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် ရွှေဝါမြိုင်ကျေးရွာ၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ရေရရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့တို့မှ တာဝန်ရှိသူများက မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ရပ်မိရပ်ဖများနှင့်  ကျေးရွာသားများအား ချပြရှင်းလင်းခြင်း လုပ်ငန်းများကို ဇန်နဝါရီ ၁၆ ရက်တွင် ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ချပြရှင်းလင်းရာတွင် မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးဝင်းမြင့်ထွန်းတို့က မင်းလှမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများမှ ရပ်မိရပ်ဖများနှင့် ကျေးရွာသားများအား ရွှေဝါမြိုင်ကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် စက်ရေတွင်းမှ ဆိုလာစနစ်ဖြင့် ရေတင်ခြင်း ဆောင်ရွက်ထားရှိမှု လုပ်ငန်းစဉ်များ၊ ရရှိလာမည့် အကျိုးကျေးဇူးများကို အသေးစိတ်ရှင်းလင်း ပြောကြားပြီး အဆိုပါကျေးရွာရှိ ချောင်းမှ ဆိုလာစနစ်ဖြင့် ရေတင်ခြင်းလုပ်ငန်း ဆောင်ရွက်မှုကိုလည်း ရပ်မိရပ်ဖများနှင့် ကျေးရွာသားများက ထပ်မံလေ့လာကြည့်ရှုကြသည်။

ရွှေဝါမြိုင်ကျေးရွာ၌ ဆိုလာစနစ်ဖြင့် ရေရရှိရေး လုပ်ငန်းကို ၂ဝ၂၁-၂ဝ၂၂  ခြောက်လဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ် ၁၉ ဒသမ ၃ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာရှိ စိုက်ပျိုးမြေဧက ၁၂ဝ အကျိုးပြုမည် ဖြစ်ကြောင်း၊ ချောင်းနှင့်ဆည်များရှိ ရေများအား ဆိုလာစနစ်ဖြင့် ရေတင်ခြင်းလုပ်ငန်း ဆောင်ရွက်မည်ဆိုပါက ငွေကျပ် သုံးသန်း ကုန်ကျမည်ဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။