ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)တို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော်  ဇန်နဝါရီ  ၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ဖြိုးသန့်သည် ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ရှိ   ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)နှင့် စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)တို့ကို ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

ဒုတိယဝန်ကြီးသည် တက္ကသိုလ်စာကြည့်တိုက်၊ ပြတိုက်တို့အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကိုဗစ်-၁၉ နှင့်အညီ ဖွင့်လှစ်လျက်ရှိသော ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးဘွဲ့သင်တန်းအမှတ်စဉ်(၅) စတုတ္ထနှစ်(ဒုတိယနှစ်ဝက်)သင်တန်းအတွက် စာသင်ဆောင်၊ အိပ်ဆောင်၊  စားရိပ်သာများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် တက္ကသိုလ်ရှိ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မှီခိုမိသားစုဝင်များ သက်သာချောင်ချိရေးနှင့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ ဖူလုံစွာ စားသောက်နိုင်ရေးဆောင်ရွက်ထားသောစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျောင်းသား၊ကျောင်းသူများနှင့်တွေ့ဆုံကာ   ထောက်ပံ့ငွေများပေးအပ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒီဂရီကောလိပ်(စစ်ကိုင်း)သို့သွားရောက်ပြီး အစည်းအဝေး ခန်းမတွင် ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူးများနှင့် တွေ့ဆုံပြီး ကျောင်းအုပ်ကြီးက ကျောင်း၏ စီမံ၊ လေ့ကျင့်၊သင်ကြားရေးဆိုင်ရာများ ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ အိပ်ဆောင်များ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာလမှ  မတ်လအထိ ခြောက်လဘတ်ဂျက်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒီဂရီကောလိပ်ဘွဲ့နှင်းသဘင်ခန်းမ၌ ဝန်ထမ်းများ၊ A.G.T.I ဒုတိယနှစ်(ဒုတိယနှစ်ဝက်) သင်တန်း တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍    ထောက်ပံ့ငွေများပေးအပ်ကြောင်း သိရသည်။