ပြည်သူ့အတွက် မရှိမဖြစ်လျှပ်စစ်

နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်လျက်ရှိသော မဟာဓာတ်အားလိုင်းများ ဖောက်ခွဲ ဖျက်ဆီး ခံခဲ့ရသဖြင့် ပြန်လည်ပြင်ဆင်ရေး ဆောင်ရွက်နေမှုအပေါ် အများပြည်သူသိရှိနိုင်ရန် သတင်းထုတ်ပြန်ချက် တစ်ရပ်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဇန်နဝါရီ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ရတနာကမ်းလွန်စီမံကိန်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများမှ မဂ္ဂါဝပ် ၅၄၀ ခန့် ပြန်လည် ထုတ်လုပ်ပေးနိုင်ပြီ ဖြစ်သည်။ သို့ရာတွင် NLD ပါတီမှ ဆင်းသက်လာသော NUG, CRPH နှင့် PDF အကြမ်းဖက် အဖျက်သမားတို့၏ ဖောက်ခွဲဖျက်ဆီးမှုကြောင့် လျှပ်စစ်ဓာတ်အားများမှာ ထုတ်လုပ်သလောက်အရာ မရောက်သကဲ့သို့ ဖြစ်နေကြောင်း သိရှိရသည်။

အဆိုပါ ပြည်ဖျက်အကြမ်းဖက်သမားတို့၏ မဟာဓာတ်အားလိုင်းများ ဖောက်ခွဲဖျက်ဆီးမှုကို ဖော်ပြရလျှင် ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-ရွှေမြို့ဓာတ်အားလိုင်းအားလေးကြိမ်၊ ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-တောင်ငူအား လေးကြိမ်၊ ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ်ဓာတ်အားလိုင်းအား နှစ်ကြိမ် စသည်ဖြင့် တာဝါတိုင်များ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ ထို့ကြောင့် ဘီလူးချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အား ၂၂၀ မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အားပေးစနစ်သို့ ပို့လွှတ်နိုင်ခြင်း မရှိဘဲ ဓာတ်အားပြတ်တောက်နေကြောင်း သတင်းထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ပုံမှန်အချိန်၌ မဂ္ဂါဝပ် ၄၂၀၀ အမြင့်ဆုံးထုတ်လုပ်နိုင်သည်။ လိုအပ်သောဓာတ်အားကို ပြည်ပမှမှာယူတင်သွင်းရသော ဓာတ်အားပေးစက်ရုံများမှ မဂ္ဂါဝပ် ၇၅၀ ထုတ်လုပ်သည်။  ယခုအခါ ပြည်ပမှတင်သွင်းရသည့်ဓာတ်ငွေ့ဈေးနှုန်း  လေးဆခန့်မြင့်တက်လာသည်။

ကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းများကို ယခုကာလအတွင်း ပုံမှန်ထိန်းသိမ်း ပြုပြင်ခြင်း ဆောင်ရွက်ခဲ့သဖြင့် ဓာတ်အားထုတ်လုပ်မှုမဂ္ဂါဝပ် ၅၄၀ လျော့နည်းနေသည်။ ထို့ပြင် ဘီလူးချောင်းရေအား လျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ အများပြည်သူသုံးစွဲရန်အတွက် ပို့လွှတ်နေသော ၂၃၀ ကေဗွီ တာဝါတိုင်များကို အကြမ်းဖက်သမားများက အကြိမ်ကြိမ် မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သောကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလျော့နည်းလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာနိုင်ငံတွင်မှီတင်းနေထိုင်ကြသောပြည်သူများ လျှပ်စစ်မီး အသုံးပြုရန် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေးကို မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်းရှိ အိမ်ထောင်စုလူဦးရေစုစုပေါင်း ၁၀ ဒသမ ၉ သန်းရှိသည့်အနက် လက်ရှိတွင် အိမ်ထောင်စု ၆ ဒသမ ၆ သန်းခန့်မှာ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားများ ရယူသုံးစွဲလျက်ရှိသည်။ ပြည်သူများလျှပ်စစ်ဓာတ်အားရရှိရန် အဓိကအားဖြင့် ရေအားလျှပ်စစ်မှ ထုတ်လုပ်ပြီး ထပ်မံလိုအပ်သည်များကို သဘာဝဓာတ်ငွေ့သုံးနှင့် အခြားဓာတ်အားပေး စနစ်များဖြင့် ထုတ်လုပ်ပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က သပြေဝနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံဖွင့်ပွဲတွင် “မိမိတို့နိုင်ငံအတွင်း   နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စက်ရုံများ   လုံလောက်စွာ တည်ဆောက်၍ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် လိုကြောင်း၊ ဆိုလာလျှပ်စစ်ဓာတ်အားထုတ်ယူမှုသည်  အကြောင်းအမျိုးမျိုးကြောင့်   ရင်းနှီးမြှုပ်နှံမှု ကြီးမြင့်ခဲ့သော်လည်း တည်ဆောက်မှုအချိန်ကာလ နည်းပါးခြင်း၊ နောက်ပိုင်းကုန်ကျစရိတ် သက်သာခြင်း စသည့် အကျိုးကျေးဇူးများရှိကြောင်း” လမ်းညွှန်ခဲ့သည်။

နေရောင်ခြည်စွမ်းအင် စီမံကိန်းစက်ရုံများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပြင် ကျေးရွာများတွင် ဆိုလာပြားများ သီးသန့်တပ်ဆင်၍ အသုံးပြုပါကလည်း ကုန်ကျစရိတ်နည်းပါးပြီး အချိန်တိုအတွင်း ပြည်သူများ လိုအပ်သည့် လျှပ်စစ်ဓာတ်အားများကို တစ်ပိုင်တစ်နိုင်အသုံးပြုနိုင်သည်။ ကျေးရွာများရှိ နေအိမ်များ၊ လမ်းများမီးလင်းရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမှုမဖြစ်ထွန်းသည့် နေရာများတွင် နေရောင်ခြည်စွမ်းအင်ကို အသုံးပြု၍ စိုက်ပျိုးရေရရှိရေးတို့ကို ဆောင်ရွက်နိုင်သည်။ ယခုအခါ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော အိမ်ထောင်စုအားလုံး၏ ရာခိုင်နှုန်း ၆၀ ကျော် လျှပ်စစ်မီးရရှိနေပြီဖြစ်သော်လည်း NUG , CRPH နှင့် PDF အကြမ်းဖက်အဖျက်သမားတို့ ဖောက်ခွဲဖျက်ဆီးမှုကြောင့် လျှပ်စစ်ဓာတ်အားလျော့နည်းနေခြင်း ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူတစ်ရပ်လုံး လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလျှပ်စစ်ဓာတ်အားပေး စီမံကိန်းနှင့် အသေးစားဆိုလာစွမ်းအင်ထုတ်လုပ်ရေး လုပ်ငန်းများကို အားပေးလျက်ရှိသည်။ ထို့ပြင် အကြမ်းဖက်အဖျက်သမားတို့ ပပျောက်ရေးအတွက် ရှင်းလင်းဆောင်ရွက်လျက်ရှိသည်။ အခိုက်အတန့် ကာလအတွင်း ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားကို ခြိုးခြံချွေတာသုံးစွဲခြင်း၊ စိတ်ရှည် သည်းခံခြင်းဖြင့် အဆင်မပြေမှုများရှိပါက နားလည်ပေးနိုင်ပါရန်နှင့် ပျက်စီးသွားသော တာဝါတိုင်များအား  အမြန်ဆုံး ပြင်ဆင်နေသလို လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား ဖြည့်ဆည်း နိုင်ရေးအတွက် စီမံကိန်းသစ်များလည်း ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း ရေးသား လိုက်ရပေသည်။    ။