၂ဝ၂၂ အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင်  မြန်မာနိုင်ငံမှ အမျိုးသမီး ကွင်းလယ်ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေး တာဝန်ယူခွင့် ရရှိ

၂ဝ၂၂ အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင်  မြန်မာနိုင်ငံမှ အမျိုးသမီး ကွင်းလယ်ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေး တာဝန်ယူခွင့် ရရှိ

အိန္ဒိယနိုင်ငံ၌  အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမည့် ၂ဝ၂၂ အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ကွင်းလယ်ဒိုင်အဖြစ် မြန်မာနိုင်ငံမှ   အမျိုးသမီး ကွင်းလယ်ဒိုင် လူကြီး   ဒေါ်သိန်းသိန်းအေးကို   အာရှ ဘောလုံးအဖွဲ့ချုပ်မှ     တာဝန်ပေးအပ်ခဲ့ ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့သည်။

ဒိုင်လူကြီး  ဒေါ်သိန်းသိန်းအေးသည် ယခင်က အာဆီယံအဆင့်၊ အာရှအဆင့် ပြိုင်ပွဲများတွင်သာမက ကမ္ဘာ့အဆင့်လူငယ် အမျိုးသမီး ပြိုင်ပွဲတွင်လည်း တာဝန်ထမ်း ဆောင်ဖူးသည့် မြန်မာနိုင်ငံကိုယ်စားပြု ကွင်းလယ်ဒိုင်လူကြီး တစ်ဦးဖြစ်ပြီး အာရှ ဘောလုံး အဖွဲ့ချုပ်မှ ဖွင့်လှစ်သည့် ဗီဒီယို လက်ထောက်ဒိုင်လူကြီး  ၂ဝ၂၁  (VAR)သင်တန်းကိုလည်း ယူအေအီးနိုင်ငံ ဒူဘိုင်း မြို့၌ တက်ရောက်ထားသူဖြစ်သည်။

ကွင်းလယ်ဒိုင်လူကြီး   ဒေါ်သိန်းသိန်း အေးသည်   နိုင်ငံတကာ ပွဲစဉ်များအဖြစ် ၂ဝ၁၈ ခုနှစ်က စတင် တာဝန်ပေးအပ်ခံခဲ့ရပြီး   ပထမဆုံး တာဝန်ယူခွင့်ရရှိခဲ့သည့် နိုင်ငံတကာ ပွဲစဉ်အဖြစ်  ၂ဝ၁၈   ခုနှစ် သြဂုတ် ၁၆ ရက်က ကစားခဲ့သည့် အင်ဒို နီးရှား အမျိုးသမီးအသင်းနှင့် မော်လ်ဒိုက် အမျိုးသမီးအသင်းတို့ ပွဲစဉ်ကို တာဝန်ယူခဲ့ပြီး     လက်ရှိအချိန်ထိ     နိုင်ငံတကာပွဲ ၁ဝ ပွဲ တာဝန်ယူ ကိုင်တွယ်ခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တွင် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်  (FIFA)  အသိ အမှတ်ပြု ဒိုင်လူကြီး ၁၈ ဦးရှိပြီး အမျိုးသား ကွင်းလယ်ဒိုင် လေးဦး၊ အမျိုးသမီးကွင်းလယ်ဒိုင်  သုံးဦး၊  အမျိုးသား အကူဒိုင် ခြောက်ဦး၊ အမျိုးသမီး အကူဒိုင် သုံးဦးနှင့် ဖူဆယ်အမျိုးသား ဒိုင်လူကြီး   နှစ်ဦးတို့ရှိ သည်။

၂ဝ၂၂ အာရှဖလား အမျိုးသမီးဘောလုံး ပြိုင်ပွဲကို  အိန္ဒိယနိုင်ငံ၌  ဇန်နဝါရီ  ၂ဝ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ ကျင်းပမည် ဖြစ်ပြီး  ပြိုင်ပွဲဝင်အသင်း  ၁၂  သင်းဖြင့် အုပ်စုသုံးခုခွဲကာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။