ပြည်တွင်း၌ ဒေသထွက် ကျွန်းစားတော်ပဲများ လက်ကျန် နည်းပါးနေသောကြောင့် ဈေးကောင်း ရရှိနေ

ပြည်တွင်း၌ ဒေသထွက် ကျွန်းစားတော်ပဲများ လက်ကျန် နည်းပါးနေသောကြောင့် ဈေးကောင်း ရရှိနေ

ပြည်တွင်း၌ ဒေသထွက် ကျွန်းစားတော်ပဲများ လက်ကျန် နည်းပါးနေသောကြောင့် တစ်အိတ်လျှင် ငွေကျပ် သုံးသိန်းဝန်းကျင်အထိ ဈေးကောင်း ရရှိနေကြောင်း မန္တလေး ပဲ၊ နှမ်းဈေးကွက်မှ သိရသည်။

''လက်ရှိ စားတော်ပဲ အသစ်မထွက်သေးတဲ့အချိန်မှာ ပဲလက်ကျန် နည်းနေတဲ့အတွက်  ဈေးတက်လာတာပါ။ ကျွန်းစားတော်ပဲက ပြည်ပက တင်သွင်းတဲ့ပဲထက်   ပိုကောင်း တယ်။ ဒါပေမဲ့ ပြည်တွင်းမှာ စိုက်ပျိုးမှုနည်းတော့  ဒေသတွင်းမှာ   ကုန်သွားတာများ တယ်။  ဒီနှစ်က စားတော်ပဲကို   မန္တလေးတိုင်း ဒေသကြီးမှာလည်း တိုးချဲ့စိုက်ပျိုးလာ တယ်''  ဟု  မန္တလေး  ပဲ၊   နှမ်းကုန်သည်  ဦးကြည်ဝင်းကပြောသည်။

အဆိုပါ ကျွန်းစားတော်ပဲကို ဗန်းမော်၊ ကသာတို့ရှိ ဧရာဝတီမြစ်ရိုး တစ်လျှောက်နှင့် မြစ်ဝကျွန်းပေါ် ဒေသတို့၌  စိုက်ပျိုးလေ့ရှိပြီး ကလေးဝနှင့် မူးမြစ်ဝှမ်းတစ်လျှောက်မှ ထွက်ရှိသည့် စားတော်ပဲများကို ဒေသတွင်း ဈေးကွက်၌သာ ရောင်းဝယ်ဖောက်ကား နေခြင်းဖြစ်ကြောင်း သိရသည်။

''ဒေသတွင်းက ထွက်ရှိမှု မလုံလောက်တဲ့အတွက် ပြည်ပကနေ တင်သွင်းနေရတာပါ။ စားတော်ပဲကို ကနေဒါက နယ်စပ် ကုန်သွယ်မှုကနေ   တင်သွင်းလေ့ရှိပြီး ယူကရိန်းကတော့ ပင်လယ်ရေကြောင်းက   တင်သွင်းတယ်။  လက်ရှိမှာတော့    တင်သွင်းထားတာ မရှိပါဘူး'' ဟု ဦးကြည်ဝင်းက ပြောသည်။

ပြည်ပမှ ပဲတင်သွင်းမှုသည် ပြည်တွင်းမှ ထွက်ရှိသည့် ပဲဈေးကွက်ထိခိုက်မှု ရှိသောကြောင့် တောင်သူအကျိုးစီးပွား ကာကွယ်ရန် ပြည်တွင်း၌ ထွက်ရှိချိန်တွင် ပြည်ပမှ ပဲတင်သွင်းမှုကို   ယာယီရပ်နားလေ့ ရှိကြောင်း သိရသည်။

ဇန်နဝါရီ ၁၄ ရက်တွင်   ကနေဒါစားတော်ပဲ ၅၉ ဒသမ ၂၅ ပိဿာဝင် တစ်အိတ်လျှင် ငွေကျပ် ၁၈၂ဝဝဝ ရှိပြီး ပြည်တွင်းမှ ထွက်ရှိသည့်   ကျွန်းစားတော်ပဲ တစ်အိတ်လျှင်  ငွေကျပ် ၂၈ဝဝဝဝ  မှ ၃ဝဝဝဝဝ အထိ ဈေးနှုန်းရှိကြောင်း သိရ သည်။

စားတော်ပဲကို ပြည်တွင်းရှိ အအေးပိုင်း ဒေသများ၌ ဧပြီနှင့် မေလတို့တွင် စိုက်ပျိုး လေ့ရှိပြီး မြေပြန့်ဒေသများ၌ အောက်တိုဘာနှင့်   နိုဝင်ဘာလတို့တွင်  စိုက်ပျိုးကြောင်း သိရသည်။