ဒေသထွက် ငရုတ်သီးများ ဆွတ်ခူးချိန် ဈေးကောင်းရရှိ

ဒေသထွက် ငရုတ်သီးများ ဆွတ်ခူးချိန် ဈေးကောင်းရရှိ

ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်ရှိ  တောင်ယာများ၌   တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ဒေသထွက် ငရုတ်သီးများ ဆွတ်ခူးချိန်တွင် ဈေးကောင်းရရှိသဖြင့် ငရုတ်စိုက်တောင်သူများ အဆင်ပြေကြောင်း  သိရသည်။

မယ်စဲ့ဒေသရှိ တောင်ယာများ၌ နှမ်းကြဲချိန် တွင် သီးညှပ်အဖြစ်   ငရုတ်ကိုပါ ရောကြဲပြီး စိုက်ပျိုးကြကြောင်း၊ နှမ်းခုတ်ချိန် ပေါင်းလိုက်ပြီးပါက ငရုတ်အသီးအပွင့်များ ထွက်လာပြီး အများအားဖြင့် ဒေသထွက်ငရုတ်သည် မြေအစိုဓာတ်ဖြင့်သာ ကြီးထွားကာ အပင် သုံးလသား၌ အပင်သန်ဆေး၊ အသီးသန်ဆေးနှင့် ပိုးသတ်ဆေးတို့ကို ဖျန်းပေးရသည်။ ငရုတ်မျိုးအနေဖြင့် ကုလားအော်ကို အများဆုံး စိုက်ပျိုးကြပြီး စပ်သည့်အတွက် ဒေသခံပြည်သူများက ကြိုက်နှစ်သက်ကြကြောင်း၊ ငရုတ်သီးကို ဇူလိုင်လနှင့် သြဂုတ်လတို့တွင် စိုက်ပျိုးပြီး နိုဝင်ဘာလတွင် စတင်ဆွတ်ခူးကြကြောင်း၊ ဒီဇင်ဘာလတွင် ငရုတ်သီးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်ရာ ငရုတ်သီးအခြောက် တစ်ပိဿာကို ငွေကျပ် ၁၅ဝဝဝ ရရှိပြီး ကုန်စုံဆိုင်များတွင် အညှာခြွေပြီး ငရုတ်သီးတစ်ပိဿာလျှင် ငွေကျပ် ၂ဝဝဝဝ အထိ ဈေးနှုန်းရရှိကြောင်း သိရသည်။ ဒေသထွက်ငရုတ်သီးကို နမ့်မန်း၊ ဝမ်ကန်၊ မယ်စဲ့၊ ဟိုစဲ့၊ ပန်တိန်း၊   နမ့်ဟူး၊ မယ်ဆည်နမ်၊ ကျောက်စုကျေးရွာတို့၌  တစ်ပိုင်တစ်နိုင်သာမက  အချို့က စီးပွားဖြစ် စိုက်ပျိုးကြသည်။

ယခုနှစ် ငရုတ်ပေါ်ချိန်တွင်   ဘောလခဲ၊ ဖားဆောင်း၊ မော်ချီးတို့မှ လာရောက် ဝယ်ယူမှုများပြားသလို အိမ်နီးချင်း ထိုင်းနိုင်ငံမှလည်း လာရောက်ဝယ်ယူသည့်အတွက် ငရုတ်သီးများ ဈေးကောင်းရရှိပြီး ငရုတ်စိုက်တောင်သူများ တစ်ဖက်တစ်လမ်းမှ   မိသားစု ဝင်ငွေတိုးပြီး အဆင်ပြေလျက် ရှိကြောင်း သိရသည်။